[အခန်း ၁၅]
“ခင်ဗျားတို့ကို.အခုလို မသေမပျောက်ဘဲ ပြန်တွေ့ရတာ ဝမ်းသာတယ်ဗျာ . . စခန်းထဲမှာ.ဗိုလ်ယူစိန်တို့.သခင်ဗစီတို့လည်း ခင်ဗျားကို စောင့်နေကြတယ်”
ရိုင်ဖယ်သေနတ်ကိုင်ထားသော ရဲဘော်ကျော်သောင်းက ပြုံးပြုံးရွှင်ရွှင်။
နီနီရိန်ကို ထွေးပွေ့ထားသော ကြည်ကြည်၏ ပုခုံးကို မောင်ရိန်က ဖက်ထားလိုက်သည်။
ကျောက်နီမော်ရှိ သားဖွားဆရာမ မသန်းသန်းဆွေ၏ အိမ်တွင် မထင်မှတ်ဘဲ ခြောက်လခန့်သောင်တင်ပြီးသည့်နောက် မော် ၃ စခန်းသို့ သူတို့ရောက်လာကြပေပြီ။
စခန်းအဝင်အဝတွင်ပင် အမျိုးသမီးအဖွဲ့များက သူတို့ကို ထွက်ကြိုကြ၏။
ချိုင်းထောက်ဖြင့် ကျွမ်းကျင်စွာလမ်းလျှောက်လာသော မိုးကြည်က ရှေ့ဆုံးက။
“ဒေါ်လေးကြည်ရယ် . . . အော့က္လော့ဝပ်ကို ဝင်စီးပြီဆိုကတည်းက သမီး တစ်ညမှ အိပ်လို့မပျော်ဘူး . . . တော်ပါသေးရဲ့ . . . ဒါ . . . သမီး ညီမလေးလား”
“ဟုတ်တယ် . . . မိုးကြည် . . . နီနီရိန် တဲ့”
“နီနီလေးပေါ့ . . . နီနီရေ . . . လာပါဦး . . . သမီး”
မိုးကြည်က ချိုင်းထောက်တစ်ဖက်ဖြင့် နီနီရိန်ကို ချီပိုးလိုက်သည်။
“မိုးကြည် . . . ကလေးခဏထိန်းထားဦးနော် . . . ဒေါ်လေးကြည်တို့ ခေါင်းဆောင်တွေကို သတင်းသွားပို့လိုက်ဦးမယ်”
မောင်ရိန်နှင့် ကြည်ကြည်တို့က ထားဝယ်ခရိုင်ကွန်မြူနစ်ပါတီအတွင်းရေးမှူး သခင်ဗစီ ၏ တဲရှိရာသို့ ထွက်သွားကြသည်။
တဲရှေ့ကွပ်ပျစ်တွင် ဗိုလ်ယူစိန်နှင့် သခင်ဗစီတို့က မြေပုံကားချပ်တစ်ခုနှင့်အလုပ်ရှုပ်နေကြ၏။
မောင်ရိန်နှင့် ကြည်ကြည် ကို တွေ့လိုက်ရသည့်အခါ ဗိုလ်ယူစိန်၏ မျက်နှာမှာ ခေတ္တမျှ ညှိုးရော်သွားသည်။
မောင်ရိန်ကလည်း ဗိုလ်ယူစိန်၏ လက်မောင်းကို ဆုပ်ကိုင်ကာ ဆို့နင့်နေ၏။
“ကျွန်တော် တာဝန်မကျေခဲ့ဘူး . . . ဗိုလ်မှူးကျော်တင့်နဲ့ မမတင် ကျွန်တော်တို့ရှေ့တင် . . . ကျွန်တော်တို့ရှေ့တင်”
သခင်ဗသိန်းတင်၊ ဗိုလ်မှူးကျော်တင့် တို့၏ ညီအရင်းဖြစ်သည့် ဗိုလ်ယူစိန်က အံကို ကြိတ်ကာ မျက်နှာကြောကို ပြန်တင်းထားလိုက်သည်။
ကြည်ကြည်လည်း မျက်ရည်ဝဲနေလေပြီ။
“ရဲဘော်တို့နှစ်ယောက် အခုလို အသက်ရှင်လျက်နဲ့ တို့ဆီပြန်လာနိုင်တာကပဲ . . . ပါတီတာဝန်ကို ကျေပွန်စွာထမ်းဆောင်တာပါပဲ . . . သွားလေသူ ရဲဘော်ကျော်တင့် ရဲ့ ကြီးမြတ်တဲ့ပေးဆပ်မှုက ပါတီရဲ့ သမိုင်းမှာ အမြဲရှိနေမှာပါ”
“ကလေးမွေးထားပြီးစဆို . . . ကလေးရော”
သခင်ဗစီက အခြေအနေကို ဝင်ထိန်းသည့်အနေဖြင့် စကားဖြတ်ပြောလိုက်သည်။
“ကလေးက မိုးကြည်နဲ့ ထားထားပေးခဲ့တယ် . . . သခင်ဗစီ”
“ကဲ . . . ရဲဘော်မောင်ရိန်ရော . . . ရဲဘော်ကြည်ကြည်ပါ ထိုင်ပါဦး”
သူတို့နှစ်ဦီး ကွပ်ပျစ်ပေါ်တွင် ဝင်ထိုင်လိုက်သည်။
“အဲ့ဒီနေ့က ကျုပ်တို့လည်း ဗိုလ်မှူးကျော်တင့်ကို ကယ်ဖို့ ရလိုရငြား အချိန်မီ ရွာဘက် ထွက်လာတာပဲ . . . ဒါပေမယ့် . . . သူတို့ဘက်က တက်လာတဲ့တပ်စုနဲ့တွေ့ပြီး တိုက်ပွဲဖြစ်နေတာနဲ့ . . . မမီလိုက်တာဗျာ . . . ပါတီအတွက်ရော၊ ဒေသအတွက်ပါ တကယ်တန်ဖိုးရှိတဲ့ ခေါင်းဆောင်လင်မယားကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ရတာပေါ့ . . . ကျွန်တော့်စိတ်ထဲ ခင်ဗျားတို့လင်မယားပါသွားပြီလို့ ထင်တာ . . . ”
သခင်ဗစီ က စကားအဆုံးသက်ပြင်းချလိုက်၏။
ဗိုလ်ယူစိန်၏ ဇနီး မဟို ကလည်း ကြည်ကြည်၏ ဘေးတွင် လာဝင်ထိုင်သည်။
“အခု ခရီးရောက်မဆိုက် . . . တာဝန်ကိစ္စပြောရမှာ အားတော့နာပါတယ် . . . ရဲဘော်မောင်ရိန်နဲ့ မကြည်ကြည်”
ဗိုလ်ယူစိန်က ရှေ့မှ မြေပုံကို လိပ်ကာ ပြောလိုက်၏။
“ဟုတ်ကဲ့ . . . ပြောပါ”
“အခု ရဲဘော်တို့နှစ်ယောက်ကို အသက်ရှင်လျက် ပါတီက ပြန်ရလိုက်တာဟာ . . . တန်ဖိုးမဖြတ်နိုင်ပါဘူး . . . ဘာကြောင့်လဲဆိုတော့ ဗဟိုရဲ့ ညွှန်ကြားချက်အရ ကျွန်တော်တို့ဟာ တနင်္သာရီတိုင်း ဆယ်မြို့နယ်က လယ်သမားညီလာခံတစ်ခုကို နောက်နှစ်နှစ်အတွင်း လုပ်ဖို့ ရှိတယ် . . . အဲဒီတော့ မြို့နယ် ဆယ်မြို့နယ်ကနေ လယ်သမားကိုယ်စားလှယ်တွေ ရွေးချယ်နိုင်ရေးအတွက် အဲဒီမြို့နယ်တွေက ပါတီကျောရိုးတွေဆီ လှည့်လည်ပြီးပူးပေါင်းဆောင်ရွက်ဖို့လိုတယ် . . . ရဲဘော်မောင်ရိန်က အရင်ကတည်းက ယူဂျီလုပ်ငန်းကျွမ်းကျင်တယ် . . . စည်းရုံးရေးစွမ်းရည်ကောင်းတယ် . . . ဒါကြောင့် . . . ဒီတာဝန်ကို ရဲဘော်မောင်ရိန်ကို ပေးချင်တယ် . . . မကြည်ကြည်ရော ဘယ်လိုသဘောရပါသလဲ”
“ကိုမောင်ရိန်က ကျွန်မနဲ့ မညားခင်ကတည်းက ကွန်မြူနစ်ရဲဘော်ပါ . . . နောက်ပြီး . . . ဗိုလ်ကျော်တင့်နဲ့ မမတင် ကျဆုံးခဲ့မှုဟာ ကျွန်မတို့လင်မယားကို ကာကွယ်ပေးရင်းဖြစ်ခဲ့တာလည်းပါပါတယ် . . . ဒီတော့ ကျဆုံးသူတွေကိုယ်စား . . . ကျွန်မတို့မှာလည်း တာဝန်တွေရှိတယ်လို့ ယူဆပါတယ်”
သခင်ဗစီရော . . . ဗိုလ်ယူစိန်ပါ ကျေကျေနပ်နပ်ပြုံးလိုက်ကြ၏။
“နောက်တစ်ခုက . . . ဟောဒီက အမျိုးသမီးခေါင်းဆောင် မဟိုက ပြောပါလိမ့်မယ်”
မဟိုက ကြည်ကြည် ကို ပြုံးပြလိုက်သည်။
“ဒီလိုပါ . . . မကြည်ကြည် . . . အခု . . . ကျွန်မက ထားဝယ်အမျိုးသမီးသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးနေရာကိုယူထားပါတယ် . . . ပဲခူးရိုးမပေါ်လစ်ဗျူရိုရဲ့ ညွှန်ကြားချက်အရ . . . ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ကံပေါက်နယ်တွေမှာ အမျိုးသမီး အာဏာနီ စခန်းတွေ ဖော်ထုတ်ဖို့ ရှိပါတယ် . . . ဒီတော့ အခြေအနေအရ ကျွန်မတို့အမျိုးသမီးများဟာလည်း လက်နက်နဲ့ စစ်ရေးကို သင်ယူဖို့လိုလာပါပြီ . . . စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖူးပြီး အမေရိကန်က စစ်သင်တန်းဆင်းလာခဲ့တဲ့ ရဲဘော်မကြည်ကြည်အနေနဲ့လည်း . . . ကျွန်မတို့ရဲ့ စစ်သင်တန်းတွေမှာ ကူညီကိုင်တွယ်ပေးနိုင်ဖို့ပါ”
ကြည်ကြည်က မဟို၏ လက်မောင်းအား ဆုပ်ကိုင်လိုက်သည်။
“ဒါ ကျွန်မ ကျွမ်းကျင်တဲ့အလုပ်ပဲ . . . ပြီးတော့ ကျွန်မတို့ အမျိုးသမီးတွေဆိုတာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်တယ်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တယ်ဆိုတာ ပြသရဖို့အတွက်ပဲ . . . ကျွန်မ ကူညီမှာပေါ့ . . . မဟို”
သခင်ဗစီနှင့် ဗိုလ်ယူစိန်တို့က လက်ခုပ်တီးကာ အားပေးလိုက်ကြသည်။
“ကဲ . . . ပါတီရဲ့ တာဝန်ပေးမှုအပေါ် အခုလို လှိုက်လှိုက်လှဲလှဲလက်ခံပေးလို့ . . . ဂုဏ်ပြုပါတယ် . . . ရဲဘော်မောင်ရိန်ရဲ့ တာဝန်က နောက်သုံးလေးလမှ စတင်မှာပါ . . . လသားပဲရှိသေးတော့ . . . မကြည်ကြည်ကတော့ . . . ကလေးလသားလေးနဲ့ဆိုတော့ အာဏာနီစခန်းတည်ပြီးချိန်မှာ ဒီစခန်းကို အခြေပြုပြီးပဲ . . . သွားလိုက်လာလိုက်လုပ်ရင် အဆင်ပြေနိုင်မှာပါ . . . ရဲဘော်မောင်ရိန်ရော . . . မကြည်ကြည်ပါ တာဝန်နဲ့ ခရီးသွားချိန်မှာ ကလေးကို ရဲဘော်မိုးကြည်နဲ့ ဒီက ပါတီဝင်ရဲမေတွေ၊ သမဂ္ဂအမျိုးသမီးတွေက စောင့်ရှောက်ပေးထားဖို့လည်း ကတိပြုပါတယ်”
……………………………………………..
၁၉၆၇ ဇန်နဝါရီလ ၁၃ ရက်။
“စုစုသား ဖယ်သူဆို ဒေါန်းတောန်မိုဆို၊ မငိုပါန စုစုသား၊ ဒါန်းတော့န်မိုအငုမ်သား တောကြောန်ကီး၊ လာပီဆို၊ ဗွီးတံကတို၊ မငိုပါန စုစုသား၊ တောကြောန်ကိုလ ကလားကီးစား”
မိုးကြည်၏ ပေါင်ပေါ်တွင် လှဲလျောင်းရင်း . . . နီနီရိန်လေးက တခစ်ခစ်ရယ်သည်။
ကြည်ကြည်က အသင့်ပြင်ဆင်ထားသော ခရီးဆောင်အိတ်ကို မောင်ရိန် ထံ ကမ်းပေးလိုက်၏။
မောင်ရိန်က ကြည်ကြည်၏ လက်ကို ဆုပ်ကိုင်ထားသည်။
ထို့နောက် နီနီရိန်လေးထံသို့ သွားကာ တစ်ချက်နမ်းလိုက်၏။
“ကြည် . . . ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပါ . . . နီနီရိန်လေးနဲ့ မိုးကြည်ကို အစ်ကိုစိတ်ချမယ်”
ခရီးဆက်မည့် လှည်းက အဆင်သင့်ဖြစ်ပြီ။
“ကိုမောင်ရိန် . . . ဒီမှာ . . . ရှင့်ခမောက်”
ကြည်ကြည်က နံရံတွင်ချိတ်ထားသော မောင်ရိန် စောင်းနေကျ ခမောက်ကို ကမ်းပေးလိုက်၏။
“နေပါစေ . . . ကြည် . . . နေလည်းသိပ်ပူတာမဟုတ်ဘူး . . . အစ်ကိုမရှိတဲ့အချိန် . . . ဒီခမောက်လေးကြည့်ပြီး.အစ်ကို့ကို လွမ်းနေပေါ့”
……………………………………………..
“ဒေါ်လေးကြည်”
မိုးကြည် က သူမ၏ ဝါးချိုင်းထောက်လေး၏ ချိုင်းခုနေရာကို စစ်ဝတ်စုံအစုတ်ဖြင့် သေချာပတ်စီးရင်း ပြောလိုက်သည်။
“ပြောလေ . . . မိုးကြည် . . . ဘာပြောချင်လို့လဲ”
ကြည်ကြည်၏ ရင်ခွင်ထဲတွင် နို့စို့နေသော နီနီရိန်လေး ၏ မျက်နှာကို မိုးကြည်က တစ်ချက်ကြည့်လိုက်သည်။
“ရန်ကုန်မှာ ဒေါ်လေးကြည်ရဲ့ အမွေတွေ ကျန်ရစ်ခဲ့တယ်ဆို . . . စခန်းထဲမှာ တချို့ပြောနေတာ ကြားတယ်”
“အင်းလေ . . . မိုးကြည်ရဲ့”
“ဒေါ်လေးကြည်က စစ်တပ်အရာရှိမလုပ်ရင်တောင် . . . အေးအေးဆေးဆေးနေနိုင်တဲ့သူပါ . . . သမီးကြောင့် . . . ဒီတော့ထဲမှာ..ဒုက္ခသုက္ခတွေနဲ့ . . . နေနေရတာ”
မိုးကြည်စကားကို ကြည်ကြည်က ပြုံးလိုက်၏။
“ဒီလိုလည်းမဟုတ်ပါဘူး . . . မိုးကြည်ရဲ့ . . . ဒေါ်လေးကြည် . . . ဒီဘဝကိုကျေနပ်ပါတယ် . . . ပြီးတော့ လိပ်ပြာလုံတယ်”
“ဟိုလေ . . . မိုးကြည် စဉ်းစားမိတယ် . . . ဒေါ်လေးကြည် . . . အရင်က ဒေါ်လေးကြည် မိုးကြည်ကို မြို့ပေါ်ခေါ်သွားမယ်ဆိုတုန်းကသာ မိုးကြည်လိုက်လာခဲ့ရင် . . . မိုးကြည်ရဲ့ ညီမလေး နီနီရိန်လည်း မြို့ပေါ်မှာပဲ နေမှာပဲ . . . မိုးကြည်လိုမျိုး ကျောင်းစာမတတ်ဘာမတတ်ဘဝမျိုးနဲ့ သူကြီးပြင်းလာမှာ မိုးကြည်စိုးရိမ်တာ”
“မိုးကြည်ရယ် . . . စဉ်းစားကြည့်စမ်းပါ . . . အဲဒီတုန်းက မိုးကြည်သာ ဒေါ်လေးကြည်နဲ့ ပြန်လိုက်လာခဲ့ရင် . . . ကိုမောင်ရိန် နဲ့ ဒေါ်လေး ဘယ်ညားတော့မလဲ . . . ဒီတော့ နီနီရိန်လေးကိုလည်း ဘယ်မွေးလာတော့မလဲ”
“အင်း . . . အဲ့ဒါလည်း ဟုတ်သားနော် . . . ဒါပေမယ့်လေ . . . နီနီရိန်လေးကိုတော့ မိုးကြည်စိတ်ပူတယ်”
“ကဲ . . . မိုးကြည် . . . ဘာမှ တွေးမနေနဲ့ . . . ဒေါ်လေးကြည် ဟာ မိုးကြည်ကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဘဝထဲ ရောက်လာခဲ့တာဆိုပေမယ့် . . . အခုချိန်မှာတော့ . . . ဒေါ်လေးကြည်ဟာ လူတန်းစားတိုက်ပွဲကိုယုံတယ် . . . နောက် ဒီဒေသခံတွေကိုချစ်တယ် . . . အထူးသဖြင့် အမျိုးသမီးအခွင့်အရေးတန်းတူညီမျှမှုအတွက် သတ္တိရှိရှိရပ်တည်နေကြတဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို လေးစားတယ် . . . ဒေါ်လေးကြည် ကိုယ်တိုင် ဒီတော်လှန်ရေးကြီးနဲ့ ဒီအမျိုးသမီးတွေနဲ့ တသားတည်းဖြစ်နေပါပြီလေ”
နေရောင်ခြည်ဖြာထွက်လာပြီဖြစ်သဖြင့် ဆောင်းမြူခိုးတို့က တောတခွင်လွင့်စင်လို့သွားခဲ့ပြီ။
……………………………………………..
၁၉၆၈ ခုနှစ်။ ဇန်နဝါရီလ။
မော် ၃ စခန်းတွင် အောင်ပွဲတစ်ခုအတွက် တပ်နီလူငယ်များ ပြင်ဆင်နေကြသည်။
သရက်ချောင်းခရိုင်၊ စော်ဖျားရွာတွင် ထားဝယ်ခရိုင်အတွင်းရေးမှူး သခင်ဗစီမှ ဦးစီးကာ ကျင်းပသည့် တနင်္သာရီတိုင်း လယ်သမားထုညီလာခံကြီးမှ ပြန်လာမည့်သူများကို ကြိုဆိုဂုဏ်ပြုရန်ဖြစ်၏။
ထိုပွဲသို့ သခင်ဗစီနှင့် ခရိုင်ကော်မတီဝင်အချို့၊ ကေဒါတာဝန်ခံ မောင်ရိန်တို့ တက်ရောက်နေကြသည်။
အာဏာနီအမျိုးသမီးစခန်းတွင် သင်တန်းသွားပို့ချပြီး ပြန်လာသည်မှာ နှစ်ရက်သာရှိသေးသည့် ကြည်ကြည်သည် သမီးငယ်လေးအား တဲပေါ်တွင် ချော့သိပ်နေ၏။
အောင်ပွဲအတွက် ဆူညံနေကြသည့် ရဲဘော်တို့၏ သီချင်းသံများကို တစ်ချက်တစ်ချက်ကြားနေရသည်။
ရိက္ခာတာဝန်ခံဖြစ်နေပြီဖြစ်သည့် မိုးကြည် တစ်ယောက်လည်းအမျိုးသမီးအဖွဲ့များအကြား အလုပ်များနေရော့မည်။
နီနီရိန်လေးမှာ အိပ်မောကျသွားပြီဖြစ်သည်။
လယ်သမားညီလာခံသည် မနေ့ကတည်းက ကျင်းပသည်ဖြစ်သဖြင့်…ယနေ့ဆို မောင်ရိန်တို့ သေချာပေါက် ပြန်ရောက်လာတော့မည်။
ကြည်ကြည်က သူ့ရိက္ခာထဲမှ ရှားရှားပါးပါးရထားသော ငါးခြောက်လေးကို သိမ်းဆည်းရာမှ ထုတ်လိုက်သည်။
တောခရမ်းချဉ်သီးအရိုင်းများလည်း ရလာသည်မို့..မောင်ရိန်အကြိုက် ခရမ်းချဉ်သီးငါးခြောက်ဟင်းချက်ရန် ပြင်ဆင်လိုက်၏။ ငါးခြောက်ကို အငံပေါ့စေရန် ရေအထပ်ထပ်ဆေး၊ ခရမ်းချဉ်သီးကို လှီးချွတ်ကာ ထည့်ပြီး ဟင်းအိုးကို မီးဖိုပေါ်တင်လိုက်စဉ် အိမ်ပေါ်မှ အသံကြားလိုက်ရသည်။
“ကိုမောင်ရိန်”
ကြည်ကြည်က ပျော်ရွှင်မြူးတူးစွာဖြင့် အိမ်ပေါ်သို့ တက်လာလိုက်၏။
“ကိုမောင်ရိန် . . . ပြန်လာပြီလား”
ကိုမောင်ရိန်မဟုတ်။
မိုးကြည်က နီနီရိန်လေး၏ ဘေးတွင် ထိုင်ကာ နီနီရိန်ကို စိုက်ကြည့်နေသည်။ ကြမ်းပြင်ပေါ်တွင် ချိုင်းထောက်ကိုလည်း ဖြစ်သလို ပစ်ထား၏။
“မိုးကြည် . . . သမီး . . . ဘယ်တုန်းကရောက်နေတာလဲ”
မိုးကြည် ပြန်မဖြေ။
“ဟဲ့ . . . မိုးကြည် . . . ပြောပါဦး . . . ဘာဖြစ်နေတာလဲ”
မိုးကြည်က ပြူးကြောင်သောမျက်လုံးများဖြင့် ကြည်ကြည့်ကို မော့ကြည့်လိုက်သည်။
“မိုးကြည် . . . ဘာဖြစ်တာလဲလို့ . . . ပြောလေဟယ်”
“ဒေါ်လေးကြည် . . . သခင်ဗစီတို့ ပြန်ရောက်လာကြပြီ”
“ဪ . . . မနေ့က ညီလာခံလုပ်တာဆိုတော့ ဒီနေ့ပြန်ရောက်မှာ . . . သိတယ်လေဟယ် . . . သူတို့ကို ကြိုဖို့ စခန်းမှာ ဒီလောက်ဆူညံနေတာ . . . ငါမသိဘဲနေမလား . . . ကိုမောင်ရိန်ရော . . . ဘယ်မှာလဲ”
မိုးကြည်က အိခနဲ ရှိုက်ကာ . . . ငိုချလိုက်၏။
“ဟဲ့ . . . မိုးကြည် . . . ဘာဖြစ်တာလဲ . . . ဘာဖြစ်တာလဲ . . . ဟင်”
ကြည်ကြည့်စိတ်ထဲ ထင့်ခနဲဖြစ်သွားသည်။ ထို့ကြောင့် တဲပေါ်မှ ပြေးဆင်းကာ စခန်းဗဟိုကင်းရှိရာသို့ ထွက်လာလိုက်၏။
ခုန ဆူညံပျော်ရွှင်နေကြသော စခန်းမှာ ထူးထူးခြားခြားတိတ်ဆိတ်နေသည်။
“မကြည်ကြည်”
သခင်ဗစီ၏ ဇနီး မဟိုက ယာယီဆေးရုံလုပ်ထားသော တဲပေါ်မှ လှမ်းခေါ်လိုက်၏။
“မဟို . . . သခင်ဗစီတို့ ပြန်လာကြပြီဆို . . . ကိုမောင်ရိန်ရောဟင်”
ယာယီဆေးရုံပေါ်တွင် သွေးများပေကျံနေသော အင်္ကျီဖြင့် . . . လဲလျောင်းနေသော သခင်ဗစီ ကိုလည်း တွေ့လိုက်ရသည်။
“ဘာဖြစ်တာလဲ . . . ဘာဖြစ်ကြတာလဲ”
“မနေ့က စော်ဖျားက လယ်သမားညီလာခံကို စစ်တပ်က သတင်းရပြီး ဝင်ပစ်သွားတယ် . . . ကြည်ကြည် . . . ညီလာခံ ပျက်သွားတယ် . . . လယ်သမားကိုယ်စာလှယ်ကိုးယောက်နဲ့ တို့ရဲဘော်တစ်ယောက်ကျသွားတယ်”
“ရှင်”
“သခင်ဗစီတို့ စင်ပေါ်မတက်ခင်လေးမှာ သူတို့က လူအုပ်ကြားကို ဝိုင်းပြီးပစ်ကြတာ”
“မဟို . . . ကိုမောင်ရိန် . . . ကိုမောင်ရိန် . . . ရော . . . တဲပေါ်မှာလား . . . ကိုမောင်ရိန်”
“ကျဆုံးသွားတဲ့ တို့ရဲဘော်ဆိုတာ . . . ရဲဘော်မောင် . . . ”
ကြည်ကြည်က မဟို၏ ပါးစပ်ကို လက်ဝါးဖြင့် ပိတ်လိုက်၏။
“ရပြီ . . . မပြောနဲ့တော့ . . . မဟို . . . ကျွန်မသိပြီ . . . ကျွန်မ ယောက်ျားဟာ . . . သူ့တာဝန်ကို အသက်နဲ့လဲထမ်းဆောင်သွားတာ . . . မဟို . . . သူ့အတွက် ကျွန်မ မငိုဘူး . . . စိတ်ချ”
ကြည်ကြည်ဆွေ က အံကို တင်းတင်းကြိတ်လျက်။
ခက်ဇော်