BREAKING
January 16, 2025

တနင်္သာရီ လယ်သစ်ရွာတွင် စစ်ကောင်စီတပ်က နေအိမ်မီးရှို့

August 3, 2024

တနင်္သာရီမြို့နယ်၊ လယ်သစ်အနောက်ကျေးရွာတွင် ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က နေအိမ်လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၂ရက်နေ့ ညနေ ၃နာရီခန့်တွင် အင်အား ၁၈၀ ခန့်ပါသည့်စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်ပြီး လယ်သစ်အနောက်ကမ်းရွာကို စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

ထိုသို့ စစ်ကြောင်းဝင်လာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်များနှင့် အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့က ပြောသည်။

“ထိခိုက်မှုတွေနဲ့ပတ်သက်ပြီး သူတို့ဘက်(စကစ) ကိုတော့ အတိကအကျမသိပေမယ့် ကျွန်တော်တို့ဘက်ကတော့ မရှိခဲ့ဘူး” ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂၏ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ဆိုသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က ကျေးရွာအတွင်းရှိ ဒေသခံများ၏ ဈေးဆိုင်များကို ဖျက်ဆီးဝင်ရောက်ပြီး ပစ္စည်းများကိုယူဆောင်သွားကြောင်း ၎င်းက ပြောသည်။

ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ နေထိုင်စခန်းချသည်ဟုယူဆသည့် နေအိမ် လေးလုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောသည်။

နေအိမ်မီးရှို့ခြင်းကို လယ်သစ်ရွာခံ ပျုစောထီး သုံးဦးက ဦးဆောင်ပြီးလုပ်ဆောင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

နေအိမ်မီးလောင်မှုကြောင့် ထွက်လာသည့် မီးခိုးကို ဩဂုတ် ၂ ရက်နေ့ ညနေ ၆နာရီအထိ မြင်နေရကြောင်း အနီးအနားကျေးရွာနေ ဒေသခံများက ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့က ၃၁ ပေကျော်အထိ စံချိန်တင်တက်ခဲ့သည့် တနင်္သာရီမြစ်ရေကြောင့် လယ်သစ်ရွာအပါအဝင် မြို့နယ်အတွင်းရှိ ကျေးရွာဒါဇင်ပေါင်းများစွာ ရေကြီးနစ်မြုပ်နေခဲ့သည်။

ထိုနောက် တဖြည်းဖြည်းရေပြန်ကျလာပြီး ဩဂုတ်လ ၂ ရက်နေ့တွင် ၂၇ ပေခန့်သာ ကျန်တော့သည့်အတွက် ကျေးရွာအချို့တွင် ရေပြန်ကျသွားပြီဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်စစ်ကြောင်းက လယ်သစ်အနောက်ကမ်းကျေးရွာအတွင်း စခန်းချထားဆဲဖြစ်ပြီး လယ်သစ်အရှေ့ရွာနှင့် ဆက်စပ်နေသည့် သာရဖုံ၊ ပဝကျေးရွာများကိုပါ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် မြေပြင်အခြေအနေသိရှိသူများက ဆိုသည်။

ဇူလိုင်လ ၃၀ ရက်နေ့ကလည်း ရေကြီးနစ်မြုပ်နေသည့် လယ်သစ်ကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။