BREAKING
September 16, 2024

ထိုင်းတွင် မြန်မာမောင်နှမနှစ်ဦး ဘတ် ၁၂ သန်း ထီပေါက်

August 3, 2024

ပုံ - MHAC မဟာမိတ်အဖွဲ့

ဩဂုတ်လ ၁ ရက်နေ့က ဖွင့်လှစ်လိုက်သော ထိုင်းထီ၏ အမြင့်ဆုံးဆုဖြစ်သည့် ပထမဆုကို မြန်မာနိုင်ငံသား မောင်နှမနှစ်ဦးက နှစ်စောင်တွဲ ကံထူးခဲ့သဖြင့် ဘတ် ၁၂ သန်းထီပေါက်ကြကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၄၀၇၀၄၁ တွင် ခြောက်လုံးတိုက် ပထမဆု ဘတ် ၆ သန်းကို မောင်နှမနှစ်ဦးက နှစ်စောင်တွဲ ကံထူးခဲ့သဖြင့် ဘတ် ၁၂ သန်း ကံထူးခဲ့ခြင်းဖြစ်သည်။

ဘတ် ၁၂ သန်းထီပေါက်ခဲ့သော မောင်နှမနှစ်ဦးက ဆုငွေထုတ်ယူရန် မြန်မာအလုပ်သမားအဖွဲ့အစည်းဖြစ်သော MHAC မဟာမိတ်အဖွဲ့ကို အကူအညီလာတောင်းခံခဲ့သဖြင့် ဩဂုတ်လ ၂ ရက်နေ့တွင် ဆုငွေထုတ်ယူပေးခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ပြောသည်။

“ထီပေါက်တဲ့ မောင်နှမနှစ်ဦးက ထီနှစ်စောင်တွဲကို စပ်တူထိုးတာ။ နှစ်စောင်ဆိုတော့ ဘတ် ၁၂ သန်းရသွားတာပေါ့။ ဒီဆုငွေကို ထုတ်ဖို့ ကျွန်တော်တို့အဖွဲ့ကို အကူအညီတောင်းခံခဲ့လို့ သူတို့ရဲ့ လုံခြုံရေးပိုင်းကိုပါ တာဝန်ယူပြီး ဆုငွေထုတ်ပေးခဲ့တယ်” ဟု အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ဆိုသည်။

မောင်နှမနှစ်ဦးသည် ကရင်ပြည်နယ် မြဝတီခရိုင်ဇာတိဖြစ်ကြပြီး ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်ရှိ ကော်ထုတ်လုပ်ရေးစက်ရုံတွင် လုပ်ကိုင်နေသည်မှာ ၈ နှစ်ခန့်ရှိပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သော ဇွန်လကလည်း ထိုင်းရောက်စစ်ဘေးရှောင်တစ်ဦးနှင့် မြန်မာပြည် ရန်ကုန်မြို့နေတစ်ဦး ထိုင်းထီ ဘတ် ၆ သန်းစီ အသီးသီးပေါက်ခဲ့ကြသလို မေလကလည်း မဟာချိုင်ဒေသက ထားဝယ်ဒေသခံ အပျိုကြီး သူငယ်ချင်းနှစ်ဦးက ပထမဆု နှစ်စောင်တွဲ ဘတ် ၁၂ သန်း ထီပေါက်ခဲ့သေးသည်။

ဧပြီလကလည်း စူရတ်ဌာနီခရိုင်တွင် လုပ်ကိုင်နေသော ထားဝယ်ဇနီးမောင်နှံကလည်း ဘတ် ၆ သန်းပေါက်ခဲ့သေးသည်။