BREAKING
January 16, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

August 3, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၂၇ ရက်နေ့မှ ဩဂုတ်လ ၂ ရက်နေ့အထိ

ပြင်သစ်အိုလံပစ်မှာ တောင်ကိုးရီးယားကို မြောက်ကိုးရီးယားလို့ မှားကြေညာ

ပြင်သစ်အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ တောင်ကိုရီးယားနိုင်ငံက အားကစားသမားတွေကို မြောက်ကိုရီးယားလို့ မှားယွင်းကြေညာခဲ့ပါတယ်။

ပြင်သစ်အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပခဲ့တာပါ။

အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ ရုပ်သံထုတ်လွှင့်တဲ့အချိန် တောင်ကိုရီးယားအသင်းကို မိတ်ဆက်တဲ့အခါ မှားယွင်းကြေညာခဲ့တာဖြစ်ပါတယ်။

ဒါကို နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) က မိတ်ဆက်တဲ့အခါ မှားယွင်းကြေညာခဲ့မိတဲ့အတွက် တောင်းပန်ထားပါတယ်။

တောင်ကိုရီးယား အားကစားအဖွဲ့က စိန်းမြစ်ပေါ်မှာ သင်္ဘောနဲ့ ရောက်လာချိန် ကြေညာတဲ့သူက တောင်ကိုရီးယား အားကစားအဖွဲ့ကို မြောက်ကိုရီးယားနိုင်ငံနာမည်ဖြစ်တဲ့ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံဆိုပြီး ပြင်သစ်ဘာသာနဲ့ ကြေညာလိုက်တာဖြစ်ပါတယ်။

Ref: Korea Times

………………………………..

တရုတ်မှာ မြေပြိုမှုလို့ အနည်းဆုံး ၁၅ ဦး သေဆုံး

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ မိုးသည်းထန် မြေပြိုမှုတွေကြောင့် တောင်ပေါ်ဒေသမှာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့က ဟူနန်ပြည်နယ်က ဧည့်ဂေဟာတစ်ခုမှာ ရွှံ့မြေပြိုကျရာက လူ ၂၁ ဦးပိတ်မိခဲ့တာပါ။ ကျန် ၆ ဦးက ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။

တစ်နေ့တည်းမှာ မိုးရေချိန် ၁၂ လက်မ ရွာသွန်းခဲ့လို့ တောင်ကျရေတွေကြောင့် မြေပြိုမှုတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံထဲ ဝင်တိုက်ခဲ့တဲ့ ဂါမီမုန်တိုင်းရဲ့ ရိုက်ခတ်မှုကြောင့် မိုးသည်းထန် ရွာသွန်းမှုတွေ ဖြစ်လာရတယ်လို့ ဆိုထားပါတယ်။

Ref: China Daily

………………………………..

မြောက်ကိုရီးယားမှာ ရေဘေးသင့် ပြည်သူ ၅၀၀၀ ကျော်ကို ဘေးလွတ်ရာပြောင်းရွှေ့

မြောက်ကိုရီးယားနိုင်ငံမှာ ရေကြီးနေလို့ လူပေါင်း ၅၀၀၀ ခန့်ကို ကယ်ဆယ်ပေးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဇူလိုင်လ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့က မိုးသည်းထန်ရွာတာကြောင့် မြောက်ကိုရီးယားနဲ့ တရုတ်နယ်ခြား သတ်မှတ်ထားတဲ့ မြစ်ရေ လျှံတက်လာခဲ့တာပါ။

နိုင်ငံအနောက်မြောက်ပိုင်းက မြို့တွေရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကိုယ်တိုင် ကြီးကြပ်ကွပ်ကဲခဲ့တယ်လို့ ဆိုပါတယ်။

ရေဘေးဒုက္ခရောက်နေသူတွေအတွက် အစားအသောက်နဲ့ တခြားလိုအပ်တာတွေ ထောက်ပံ့ပေးဖို့ အနီးကပ် ညွှန်ကြားခဲ့တယ်လို့ ဆိုထားပါတယ်။

Ref: CNN

………………………………..

ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံဖိုး အမေရိကန် ထောက်ပံ့

အမေရိကန်အနေနဲ့ ယူကရိန်းကို စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ကူညီသွားမယ်လို့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အကူအညီထဲမှာ လေကြောင်းကာကွယ်ရေးစနစ်အတွက် ခဲယမ်းတွေ၊ အမြောက်လက်နက်ကြီး၊ တင့်ကားနဲ့ သင်္ဘောဖျက်ဒုံးကျည်တွေ ပါဝင်မယ်လို့ ဆိုထားတာပါ။

ယူကရိန်းသမ္မတရဲ့ တောင်းဆိုချက်အရ Patriot ဒုံးပစ်စင်တစ်ခုကို ပေးပို့သွားမယ်လို့ သမ္မတဘိုင်ဒင်က ဆိုပါတယ်။

အမေရိကန်ကပေးပို့မယ့် စစ်ရေးအကူအညီတွေကို သမ္မတရဲ့လုပ်ပိုင်ခွင့်အရ အမေရိကန်ကာကွယ်ရေးဌာန လက်နက်တိုက်တွေကနေ တိုက်ရိုက်ပေးပို့သွားမယ်လို့ ဆိုပါတယ်။

Ref: VOA

………………………………..

ဗင်နီဇွဲလားရွေးကောက်ပွဲ ပဋိပက္ခဖြစ်နေ

ဇူလိုင်လ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲရလဒ်နဲ့ ပက်သက်လို့ လက်ရှိအာဏာရပါတီနဲ့ အတိုက်အခံပါတီကြား ပဋိပက္ခ ဖြစ်နေကြပါတယ်။

အစိုးရက ထိန်းချုပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က လက်ရှိသမ္မတ Nicolás Maduro က မဲစုစုပေါင်း ၅၁ ရာခိုင်နှုန်းနဲ့ အနိုင်ရတယ်လို့ ကြေညာထားတာပါ။

ပြိုင်ဖက် Edmundo Gonzalez က အနိုင်ရခဲ့တဲ့ အထောက်အထားတွေ ရှိတယ်လို့ အတိုက်အခံတွေကလည်း ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း ရွေးကောက်ပွဲကော်မရှင်က အတိုက်အခံခေါင်းဆောင် ဖြစ်တဲ့ Gonzalez ကတော့ ၄၄ ရာခိုင်နှုန်းသာရတယ်လို့ ကြေညာထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲရလဒ် ထုတ်ပြန်ချက်ဟာ မဲပေးအပြီး ကောက်ယူထားတဲ့ အချက်အလက်တွေနဲ့ ကွဲလွဲနေတယ်လို့လည်း အတိုက်အခံတွေက ဆိုထားပါတယ်။

အမေရိကန်ကတော့ အတိုက်အခံတွေဘက်က ရွေးကောက်ပွဲအနိုင်ရထားတယ်လို့ ဆိုထားပါတယ်။

Ref: CNN

………………………………..

ဖိလစ်ပိုင်နိုင်ငံ လုံခြုံရေးအတွက် အမေရိကန်က ဒေါ်လာသန်း ၅၀၀ ကူညီမယ်

ဖိလစ်ပိုင်နိုင်ငံ လုံခြုံရေးနဲ့ ပက်သက်လို့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ အကူအညီတွေပေးသွားမယ်လို့ အမေရိကန်ဘက်က ဇူလိုင်လ ၃၀ ရက်နေ့က ကြေညာခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ကာကွယ်ရေးဝန်ကြီး လော့အော်စတင်တို့ ဖိလစ်ပိုင်ခေါင်းဆောင်တွေနဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ တွေ့ဆုံခဲ့ပြီး ကြေညာခဲ့တာပါ။

ဖိလစ်ပိုင်ရဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နဲ့ ဆိုက်ဘာလုံခြုံရေးစတဲ့ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးအနေနဲ့ ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်သမ္မတကတော့ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် အမေရိကန် ရှိနေဖို့ အရေးကြီးတယ်လို့ ပြောဆိုထားပါတယ်။

Ref: AP

………………………………..

ယူကရိန်းက တရုတ်ကို ဆွေးနွေးဖို့ ဖိတ်ခေါ်

နှစ်နိုင်ငံဆွေးနွေးကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ယူကရိန်းက ဇူလိုင်လ ၃၀ ရက်နေ့မှာ ဖိတ်ခေါ်လိုက်ပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီးနောက် ပြန်လည်ဖိတ်ကြားခဲ့တာပါ။

ဒီကနေတဆင့် သမ္မတဇလန်းစကီးနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဖို့ လမ်းစတွေ့လာဖို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက ၂၀၂၃ ခုနှစ်တုန်းက ဖုန်းနဲ့ တစ်ခါပဲ ဆက်သွယ်ရပါသေးတယ်။

ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တဲ့ ၂၀၂၂ ကတည်းက ယူကရိန်း နိုင်ငံခြား‌ရေးဝန်ကြီးရဲ့ ဒီတရုတ်ခရီးစဥ်ဟာ ပထမဆုံးခရီး ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ရုရှားနဲ့ယူကရိန်း စစ်ဖြစ်ကတည်း ရုရှားနဲ့ဆက်ဆံရေးမပျက်သလို ကြားနေအနေနဲ့ သူ့စီးပွားရေးကိုလည်း ထိန်းထားခဲ့ပါတယ်။

Ref: REUTERS

………………………………..

အိန္ဒိယမှာ မြေပြိုမှုကြောင့် သေဆုံးသူ ၁၉၀ ကျော်လာ

အိန္ဒိယနိုင်ငံတောင်ပိုင်း ကယ်လလာပြည်နယ်မှာ မိုးကြီးပြီးနောက်ပိုင်း မြေပြိုမှုတွေ ရက်ဆက် ဖြစ်တာကြောင့် အနည်းဆုံး လူ ၁၉၅ ဦးအထိ ရှိလာခဲ့ပါတယ်။

အပျက်အစီးတွေနဲ့ ရွှံ့တွေကြား ပိတ်မိနေတဲ့သူ ၂၀၀ ကျော်ကိုလည်း ရှာဖွေကယ်တင်နိုင်ဖို့ ကြိုးစားနေဆဲပါ။

မိုးက ဆက်တိုက်များနေလို့ တောထူတဲ့ ကုန်းမြင့်ပေါ်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

မြေပြိုမှုတွေက ကုန်းမြင့်ဒေသရှိ ကျေးရွာတွေနဲ့ လက်ဖက်ခြောက်စိုက်ခင်းတွေမှာ ဖြစ်ပေါ်နေတာပါ။

မိုးကြောင့် ရွှံ့တွေ၊ ရေတွေဝင်ပြီး မြေပြိုမှုတွေ စဖြစ်ခဲ့ပါတယ်။

မြေအောက်မှာ အိမ်တွေ ပိပြားခဲ့သလို တံတားတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Ref: REUTERS

………………………………..

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ရုရှားနဲ့ အကျဉ်းသားများ လဲလှယ်

အမေရိကန်၊ ဂျာမနီ၊ ပိုလန် ၊နော်ဝေးနဲ့ ဆလိုဗေးနီးယားနိုင်ငံတွေနဲ့ ရုရှားနိုင်ငံက အချင်းချင်း အကျဉ်းသားတွေ အပြန်အလှန်လဲလှယ်ခဲ့ကြပါတယ်။

ဒီဖြစ်ရပ်က အမေရိကန် နဲ့ ရုရှား နှစ်နိုင်ငံကြားမှာ သမိုင်းဝင် အကျဉ်းသားလဲလှယ်ရေး အစီအစဉ်ဖြစ်နေတာပါ။

အကျဉ်းသားလဲလှယ်ရေးမှာ ရုရှားဘက်က ၁၆ ဦး ပြန်လွှတ်ပေးခဲ့ပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ရုရှားနိုင်ငံသား ၈ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ သတင်းထောက်တွေ၊ မရိန်းတပ်ဖွဲ့ဝင်နဲ့ အမြဲတမ်းနေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူတွေ ပါဝင်ပါတယ်။

ဒီရလဒ်က လပေါင်းများစွာ အကြိမ်ကြိမ် အကြိတ်အနယ်ဆွေးနွေးမှုတွေလုပ်ပြီးမှာ ရလာခဲ့တဲ့ ရလဒ်ဖြစ်တယ်လို့ အမေရိကန်ဘက်က ဆိုပါတယ်။

Ref: CNN

………………………………..

ဟာမတ်စ် စစ်ရေးခေါင်းဆောင်ကို ရှင်းလင်းနိုင်ကြောင်း အစ္စရေးထုတ်ပြန်

ဟာမတ်စ်အဖွဲ့ စစ်ဘက်အကြီးအကဲ မူဟာမက် ဒေ့ဖ် (Muhammad Deif) က ဂါဇာတောင်ပိုင်း ခန်းယွန်းနစ်မြို့ မှာ ဇူလိုင်လလယ်ပိုင်း တိုက်ခိုက်မှုထဲ သေဆုံးခဲ့တယ်လို့ အစ္စရေးက ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီခေါင်းဆောင်က အောက်တိုဘာ ၇ ရက် အစ္စရေးကိုတိုက်ခိုက်ခဲ့ရာမှာ အဓိက အစီအစဥ် ချခဲ့သူလို့ အစ္စရေးက ယုံကြည်ထားတာပါ။

ဟာမတ်စ်က ဒေ့ဖ် (Deif) သေဆုံးတဲ့သတင်းအပေါ် အတည်မပြုသေးပါဘူး။

ဇူလိုင်လ ၃၀ ရက်နေ့တုန်းကလည်း ဟစ်ဘိုလာအဆောက်အဦးကို အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ဟက်ဇ်ဘိုလာတပ်မှူး ဖူးအက် ရှုကာ (Fouad Shukur) သေဆုံးခဲ့ပါသေးတယ်။

Ref: CNN

………………………………..