မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာဖက်သို့ ယနေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယခု ဩဂုတ်လ ၃ရက် ည ၇ နာရီခွဲခန့်က စတင်ပစ်ခတ်နေပြီး ည ၉ နာရီခွဲအထိ ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။
“သုံးမိနစ် လေးမိနစ် တစ်ကြိမ်ပစ်နေတာ။ အချက် လေးငါးဆယ်ရှိပြီ။ တစ်ခါမှ အဲဒီလောက် ပစ်တာ မကြုံဖူးသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
နေအိမ်နှင့် အရပ်သားထိခိုက်မှု ရှိမရှိကိုမူ မသိရသေးကြောင်း ဒေသခံအမျိုးသားက ဆိုသည်။
လက်နက်ကြီးများကို ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ၅၆၁ တပ်နှင့် တနင်္သာရီမြို့ပေါ်ရှိ တပ်က ပစ်ခတ်ခတ်ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ထွက်သွားလာလေ့ရှိသည်ဟုဆိုကာ ဘန်လောကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ယခင်ကလည်း မကြာခဏပစ်ခတ်ခဲ့ဖူးကြောင်း ဒေသခံတို့ထံမှ သိရသည်။

လက်နက်ကြီးပစ်ခတ်ချိန်နှင့် စစ်ကြောင်းထိုးချိန်တို့တွင် ရွာသားအများစုမှာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြပြီး တိုက်ပွဲမဖြစ်တော့ချိန်မှသာ နေအိမ်များသို့ ပြန်လည်နေထိုင်လေ့ရှိကြသည်။
ဩဂုတ်လ ၁ ရက်နေ့က တနင်္သာရီမြို့ရှိ စရဖရုံး၊ ဗောဓိကမ်းတံတား အပါအဝင် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ၅၆၁ တပ်တို့ တစ်ရက်တည်းတွင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။