BREAKING
February 25, 2025

စင်ကာပူတွင် မူးယစ်ဆေးရောင်းဝယ်သူကို ကြိုးပေးကွပ်မျက်

August 3, 2023

ဘိန်းဖြူ ရောင်းဝယ်ဖောက်ကားမှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသော အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို စင်ကာပူနိုင်ငံ တွင် ကြိုးမိန့် သေဒဏ် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် သီတင်းပတ် တစ်ပတ်ကျော်အတွင်း တတိယမြောက် သေဒဏ်ပေးမှု ဖြစ်သလို ယခုနှစ်အတွင်း ငါးကြိမ်မြောက် ကြိုးမိန့် ဖြစ်ကြောင်း အာဏာပိုင်များက ဩဂုတ် ၃ရက်နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

မိုဟာမက် ရှာလာ အဒူလ်လာတစ်ဖ် သည် ၂၀၁၉ ခုနှစ်တွင် ဘိန်းဖြူ ၅၅ ဂရမ်ခန့်လက်ဝယ်ရှိမှုအတွက် သေဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။

၎င်း၏ ကြိုးမိန့်ကို ဩဂုတ် ၃ရက်နေ့တွင် စီရင်မှု ပြုလုပ်ခဲ့ကြောင်း စင်ကာပူ ဗဟိုမူးယစ်ဆေးဗျူရို (CNB) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပုဂ္ဂိုလ်သည် ၂၀၁၆ ခုနှစ်မှာ အဖမ်းမခံရမီ ကုန်ပစ္စည်း ပို့ဆောင်ရေးယာဉ်မောင်းအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး သူ့အနေနှင့် အကြွေးပြန်ဆပ်ရမည့် သူငယ်ချင်း တစ်ယောက် အတွက် တရားမဝင် စီးကရက်များ ပို့ဆောင်ပေးနေခြင်းသာ ဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း တရားရုံး ဆိုင်ရာ စာရွက်စာတမ်းတွေအရ သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နှစ်နှစ်ကြာ ရပ်နားထားပြီးနောက် စင်ကာပူအစိုးရက ၂၀၂၂ ခုနှစ် မတ်လတွင် ကွပ်မျက်မှုများ ပြန်လည်စတင်ခဲ့ပြီးနောက် မိုဟာမက်သည် ကြိုးစင် တင်ခံရသည့် ၁၆ ယောက်မြောက် အကျဉ်းသားဖြစ်လာခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့များ၏ ပြစ်တင်ရှုတ်ချမှုများကြားမှ စင်ကာပူနိုင်ငံသည် နှစ်ပေါင်း ၂၀ နီးပါးအတွင်း မူးယစ်ဆေးဝါးကုန်ကူးမှုဖြင့် ပထမဆုံး ပြစ်ဒဏ် အဖြစ် အမျိုးသမီးတစ်ဦးကို ကွပ်မျက်ပြီးနောက် တစ်ပတ်မပြည့်မီတွင် ယခုကဲ့သို့ သေဒဏ်ပေးမှု ဖြစ်စဉ် ထပ်မံပေါ်ထွက်လာခြင်း ဖြစ်သည်။

စင်ကာပူ၏ ဤကဲ့သို့ ကြိုးမိန့်သေဒဏ်များအပေါ် ကုလသမဂ္ဂက ပြီးခဲ့သည့် သီတင်းပတ်မှာ ရှုတ်ချခဲ့ပြီး အဆိုပါ သေဒဏ်ကို ဆိုင်းငံ့ထားရန် စင်ကာပူအစိုးရကို တောင်းဆိုခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာ၏ ဖိအားများ တိုးလာနေသော်လည်း စင်ကာပူမှာမူ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို ထိရောက်စွာ ဟန့်တားနိုင်သည့် ပြစ်ဒဏ် သည် သေဒဏ်ပေးခြင်းသာ ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

အာရှ၏ ဘဏ္ဍာရေးအချက်အချာ ဖြစ်သည့် စင်ကာပူနိုင်ငံတွင် လူ့အဖွဲ့အစည်းကို ကာကွယ်ရန် ရည်ရွယ်ကာ ကမ္ဘာ့အပြင်းထန်ဆုံး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေအချို့ကို ပြဠာန်းထားသည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူကို သေဒဏ်ချပြီး သယ်ဆောင် သူကိုမူ ပြစ်ဒဏ်လျှော့ချတတ်သည့်အပြင် ဆေးခြောက် ၅၀၀ ဂရမ် သို့မဟုတ် ဘိန်းဖြူ ၁၅ ဂရမ်ထက် ပိုကာ ကုန်ကူးခြင်းသည် သေဒဏ် ချမှတ်ခံရနိုင်သည်။

Reference ● AFP ● Thai PBS World