ကိုယ်တို့ရဲ့ အလယ်တန်းကျောင်းက ( C )ပုံသဏ္ဍန် သစ်သားသွပ်မိုး တစ်ထပ်ကျောင်း ဆောင်ပါ။ ပင်လယ်ကမ်းခြေကိုသွားတဲ့ ကားလမ်းကနေ ကျောင်းဝင်းထဲဝင်တဲ့ လမ်းကလေးရဲ့ တစ်ဘက်တစ်ချက်စီမှာ ယူကလစ်ပင်တန်းလေးတွေ ညီညီညာညာစိုက်ထားပါတယ်။ ကျောင်းရဲ့ မျက်နှာစာမှာ အလံတိုင်နဲ့ စုဝေးကွင်းရှိပြီး နောက်ကျောဘက်မှာ မုန့်ဆိုင်ဈေးတန်း ရှိပါတယ်။ ဘောလုံးကွင်း၊ ဘော်လီဘောကွင်းအပါအဝင် သီဟိုဠ်ပင်၊ အုန်းပင်စတဲ့ နှစ်ရှည်စားပင်သီးပင် တွေနဲ့ ကျောင်းခြံဝင်းကြီးက အကျယ်ကြီးပါ။
နိုင်ငံတဝှမ်းက ပင်လယ်ကမ်းခြေကို အပန်းဖြေဖို့လာကြတဲ့ ဧည့်သည်တွေဟာ ကိုယ်တို့ ကျောင်းကို ဖြတ်ပြီးသွားကြရပါတယ်။ နေ့ကြီးရက်ကြီးတွေနဲ့ စနေ၊ တနင်္ဂနွေလို ပိတ်ရက်တွေ မှာ ပိုပြီးစည်ပါတယ်။ အထူးသဖြင့် မြို့ပေါ်မှာ အထင်ကရပွဲတော်တွေလုပ်တိုင်း ရန်ကုန်က လာသမျှ ရုပ်ရှင်မင်းသား မင်းသမီးတွေ၊ အဆိုတော်တွေအားလုံး ဒီကမ်းခြေကို မဖြစ်မနေ လာ ကြလေ့ရှိပါတယ်။ တို့ကျောင်းက ကျောင်းသူတွေလည်း မင်းသားမင်းသမီးတွေနောက်ကို ဗလာစာအုပ်တကိုင်ကိုင်နဲ့ အော်တိုရေးခိုင်းဖို့၊ ဓါတ်ပုံ(အဖြုအမဲ)တွဲရိုက်ဖို့ လိုက်ကြတာပဲပေါ့။
ကျောင်းအုပ်ဆရာကြီးက အသားဖြူဖြူ ဥပဓိကောင်းကောင်း ထောင်ထောင်မောင်းမောင်း ပါ။ အဲဒီခေတ်က အင်မတန်ရှားပါးတဲ့ ဂျပန်ဆိုင်ကယ်အဟောင်းလေးစီးပြီး (၁၀)မိုင်ကျော်ဝေးတဲ့ မြို့ပေါ်ကနေကျောင်းကို နေ့တိုင်းအသွားအပြန် လုပ်ပါတယ်။ ကိုယ်တို့ ကျောင်းသူကျောင်းသား တွေရဲ့အမြင်မှာ အရယ်အပြုံးနည်းပါးပြီး စကားနည်းတယ်လို့ ထင်ရပေမဲ့ ရပ်မိရပ်ဖတွေနဲ့ အလွန်သင့်မြတ်တဲ့ ဆရာကြီး ဖြစ်ပါတယ်။ ချစ်လဲချစ်ခင်ကြပါတယ်။
အစိုးရစစ်ဖြစ်တဲ့ အဋ္ဌမတန်း (၈ – တန်း) မြန်မာစာနဲ့ အင်္ဂလိပ်စာတွေကို ကိုယ်တိုင်စာသင် သလို ကျောင်းအောင်ချက် မြင့်မားရေးကိုလည်း ဖိဖိစီးစီးလုပ်တယ်။ အဋ္ဌမတန်း (၈ – တန်း) ကျောင်းသူကျောင်းသားတွေကို စာမေးပွဲနီးရင် Night Study အဖြစ် ၄၅ ရက်လုံးလုံး ကျောင်း အိပ်ကျောင်းစားလုပ်ပြီး စာကျက်ခိုင်းပါတယ်။ သူကိုယ်တိုင်လဲ အလှည့်ကျလာတဲ့ ကျောင်းသား မိဘတွေနဲ့အတူ ကျောင်းမှာအိပ်ပြီး ကြပ်မတ်ပါတယ်။
ဆရာဆရာမအားလုံးကို သတိတရ ရှိပါတယ်။ ဂုဏ်ကျေးဇူးများကိုလည်း ထာဝရဦးထိပ် ပန်ဆင်လျက်ရှိပါတယ်။ သို့သော် ရှည်မှာစိုးတဲ့အတွက် တစ်ယောက်ချင်းရဲ့အကြောင်းကို မပြော တော့ပါ။ အခုအချိန်အထိ သတိတရဖြစ်နေရပြီး ကိုယ့်ဘဝကို လွှမ်းမိုးနေဆဲဖြစ်တဲ့ မြန်မာစာ ဆရာနဲ့ သမိုင်းဆရာ နှစ်ယောက်အကြောင်းတော့ အနည်းငယ်စီပြောရင်း ဂါရဝပြုချင် ပါတယ်။
မြန်မာစာသင်တဲ့ ဆရာက အသားဖြူဖြူ မပိန်မပါး လူပျိုကြီးပါ။ မျက်နှာချိုသလောက် တည်တည်ငြိမ်ငြိမ်ရှိပါတယ်။ လောဘ ဒေါသ အင်မတန်နည်းပါးသူပါ။ တပည့်တွေကို ကြိမ်း မောင်းပြောဆိုတာမျိုး တခါမှမကြုံဖူးပါဘူး။ ကိုယ်တိုင်က စာရေးဆရာဖြစ်လို့ သဒ္ဒါ၊ သတ်ပုံကို ဂရုတစိုက် သင်ပါတယ်။ စာစီစာကုံးကိုလည်း အလေးထား သင်ပါတယ်။ ကဗျာ၊ စကားပြေရဲ့ သဘောကို နောကျေသူဖြစ်လေတော့ တပည့်တွေ မပျင်းအောင်၊ မှတ်မိလွယ်အောင် ကဗျာကို အသံထည့်ပြီး သင်လေ့ရှိပါတယ်။ ကဗျာရေးသူရဲ့ ခေတ်၊ အာဘော်ကို ထင်ဟပ်နေအောင် သင် ပေးနိုင်သူလည်း ဖြစ်ပါတယ်။ သူဟာ ကျောင်းကလုပ်သမျှ ပွဲတွေရဲ့ ဝတ္ထု ဇာတ်ညွှန်း ဒါရိုက်တာ ဆိုရင်လည်း မမှားပါဘူး။
သမိုင်းသင်တဲ့ဆရာက အသားညိုညို ခပ်ဝဝဖြစ်ပါတယ်။ စကားပြောပွင့်လင်းပြီး ရီစရာ တွေ ပြောတတ်လို့ တပည့်တွေနဲ့ ရင်းရင်းနှီးနှီးရှိပါတယ်။ စာသင်ခန်းထဲရောက်တာနဲ့ ဒီနေ့သင်ရ မယ့်ခေါင်းစဉ်ကို စာအုပ်မကြည့်ဘဲ လက်တန်းသင်ပါတယ်။ စာအုပ်ထဲမှာမပါတဲ့ ခေါင်းစဉ်နဲ့ ဆက်စပ်တဲ့ သမိုင်းနောက်ခံတွေ၊ ခေတ်ကာလအကြောင်းတွေ၊ လူ့သဘာဝအကြောင်းတွေကို ဒေါနဲ့မောနဲ့သင်ပါတယ်။ စာသင်ရင်း အသားတွေတုန်နေတာမျိုး မျက်ရည်ဝဲနေတာမျိုး မကြာ ခဏ မြင်ရလေ့ရှိပါတယ်။ ကိုယ်တွေကျောင်းသားဘဝမှာ ဆရာဘာကြောင့် ဒီလိုဖြစ်နေတယ် ဆိုတာ မသိခဲ့ရပေမဲ့ နောက်ပိုင်း သိလာရတာက ဆရာဟာ နိုင်ငံရေးစိတ်ရှိတယ် ဆိုတာပါပဲ။ (သက်ဆိုင်ရာ အခန်းရောက်ရင် ဆရာ့အကြောင်း ပြောပါဦးမယ်။)
ကိုယ်တို့ အလယ်တန်းကျောင်းသားဘဝက ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံ တော်ဆိုပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)တစ်ခုတည်းက ပြိုင်ဘက်မရှိ အတိုက်အခံ နတ္ထိနဲ့ အုပ်ချုပ်နေတဲ့ ခေတ်ပါ။ ကျောင်းသား၊ ဝန်ထမ်း၊ ရပ်ရွာလူကြီး၊ သမဝါယမအမှုဆောင် စတဲ့ ကဏ္ဍအသီးသီးမှာ ရှိသမျှလူတွေက ပါတီဝင်ကြရပါတယ်။ လေးနှစ်တစ်ကြိမ် ရွေးကောက် ပွဲလုပ်ပြီး နိုင်ငံတော်အဆင့်ကနေ ကျေးရွာအဆင့်အထိ ပါတီကောင်စီလူကြီးတွေကို မဲပေး ရွေးချယ်ကြရပါတယ်။
မှတ်မိသလောက်ပြောရရင် တစ်ခုသောရွေးကောက်ပွဲမှာ ကိုယ်ကကျောင်းသားအနေနဲ့ ကိုယ့်ရွာရဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ရဖူးပါတယ်။ ပြည်သူ့လွှတ်တော်၊ တိုင်း၊ မြို့နယ်၊ ကျေးရွာဆိုပြီး အဆင့်(၄)ခုရှိပါတယ်။ ပါတီတစ်ခုတည်းဆိုတော့ အရွေးချယ်ခံသူ ကိုယ်စားလှယ်လောင်းကလည်း အဆင့်တစ်ခုစီအတွက် တစ်ဦးစီပါပဲ။ ကျေးရွာအဆင့်မှာ အရွေး ချယ်ခံမယ့် ကိုယ့်ရွာသားကိုယ်စားလှယ်ကလွဲလို့ ကျန်အဆင့်တွေမှာ အရွေးချယ်ခံမယ့် ကိုယ်စားလှယ်တွေဟာ မည်သူမည်ဝါတွေ ဖြစ်တယ်ဆိုတာကို ကိုယ်တို့မသိပါ။ မြင်လည်း မမြင်ဘူးပါ။
မဲရုံတစ်ရုံမှာ အဆင့်(၄)ဆင့်အတွက် ကိုယ်စားလှယ်လောင်းအမည် ကပ်ထားတဲ့ အခန်း (၄)ခန်းရှိ ပါတယ်။ ကန့်လန့်ကာတပ်ထားတဲ့ အခန်းတစ်ခုစီမှာ အမှန်ခြစ်သင်္ကေတပါတဲ့ ပုံး တစ်လုံးနဲ့ ကြက်ခြေခတ်သင်္ကေတပါတဲ့ ပုံးတစ်လုံး စုစုပေါင်း ပုံးနှစ်လုံးစီ ရှိပါတယ်။ အမှန်ခြစ် နဲ့ပုံးကို အဝင်ဝနားမှာထားပြီး ကြက်ခြေခတ်ပုံးကို အခန်းရဲ့ထောင့်မှာ ထားပါတယ်။
မဲဆန္ဒရှင်အနေနဲ့ ကိုယ်စားလှယ်ကိုကြိုက်ရင် အမှန်ခြစ်ပုံးကိုထည့်နိုင်ပြီး မကြိုက်ရင် ကြက်ခြေခတ်ပုံးကို ထည့်ပေါ့။ မြင်သာအောင်ပြောရရင်တော့ မဲထည့်သူဟာ ကိုယ်စားလှယ်ကို ထောက်ခံသူဖြစ်မယ်ဆိုရင် အခန်းဝမှာပဲ အလွယ်တကူကိစ္စပြီးနိုင်ပြီး ကန့်ကွက်မယ့်သူ ဆိုရင်တော့ မဲပုံးကိုရှာနေရလို့ အချိန်အတန်အသင့်ကြာနေမှာ ဖြစ်ပါတယ်။ ဒါကိုအားလုံးက လည်း တစ်ရွာတည်းသားတွေပဲဆိုတော့ သတိထားမိနေကြပါတယ်။
မဲရုံပိတ်ချိန်ရောက်တော့ မြို့နယ်အဆင့်မှာ အရွေးခံတဲ့ကိုယ်စားလှယ်က မဲရုံကိုရောက် လာပြီး “ ကြက်ခြေခတ်ပုံးထဲက မဲအားလုံးကိုထုတ်ပြီး အမှန်ခြစ်ပုံးထဲက မဲတွေနဲ့ပေါင်းပြီး ရေတွက်ပါ ” လို့ ပြောပါတယ်။ သူပြောတဲ့ အတိုင်းပဲ လုပ်ခဲ့ရပါတယ်။ ဒါကို ဘယ်သူမှလည်း စောဒက မတက်ခဲ့ကြပါဘူး။
ကိုယ်တို့ကျေးရွာတွေမှာတော့ ဒီလိုနဲ့ပဲ “မြန်မာ့နည်း မြန်မာ့ဟန်နဲ့ မြန်မာ့ဆိုရှယ်လစ်စနစ် ရဲ့ အညမညသဘောတရားအရ လောကနိဗ္ဗာန်ကြီးကိုချီတက်ရာ ” မှာ တစ်ထောင့်တစ်နေရာက ပါဝင်ခွင့် ရခဲ့ပါတယ်။ ကျန်တဲ့နေရာဒေသတွေမှာ ဘယ်လိုချီတက်ကြတယ် မပြောတတ်ပါ။
ဧသုနိုင်
ဆက်လက်ဖော်ပြပါမည် >>>>