BREAKING
October 19, 2024

ထိုင်းသို့ တရားမဝင်လာပြီး အလုပ်မရှိသဖြင့် အိမ်ပြန်သော မြန်မာ ၁၃ဦး လမ်းတွင်ဖမ်းဆီးခံရ

July 3, 2024

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီးနောက် အလုပ်မရဘဲ ကြာနေပြီဖြစ်သဖြင့် မြန်မာနိုင်ငံသို့ ပြန်ကြသော မြန်မာနိုင်ငံသား ၁၃ဦး လမ်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇူလိုင်လ ၂ ရက် နံနက်က ဘန်ကောက်-ချင်းရိုင် ပြေးဆွဲနေသော အဝေးပြေးကားတစ်စီးကို ဖိကျစ်ခရိုင်ရှိ အမြန်လမ်းပိုင်းတွင် ရဲတပ်ဖွဲ့များက ကားပေါ်တက်စစ်ဆေးစဉ် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။

အဝေးပြေးကားတစ်စီးက မြန်မာနိုင်ငံသားများကို ပထုံဌာနီခရိုင်ရှိ PTT ဆီဆိုင်တွင် တင်ဆောင်လာသည်ဟု သတင်းကြိုတင် ရရှိထားသဖြင့် လမ်းတွင် အာဏာပိုင်များက တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ကားပေါ်တွင် မြန်မာနိုင်ငံသားအမျိုးသားရှစ်ဦး၊ အမျိုးသမီးငါးဦးနှင့် ထိုင်းနိုင်ငံသားများလိုက်ပါလာကြပြီး မြန်မာနိုင်ငံသား များတွင် ခရီးသွားလာခွင့် အထောက်အထားစာရွက်များ မတွေ့ရှိရသဖြင့် ကားသမားနှစ်ဦးနှင့်အတူ ခေါ်ယူစစ်ဆေးခဲ့ ကြောင်း ရေးသားထားသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး ဘန်ကောက်တွင် အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားကို ဘတ် ၁၅၀၀၀ ပေးရမည်ဟု မြန်မာနိုင်ငံသားများက ထွက်ဆိုကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားသည်။

သို့သော်လည်း အလုပ်မရှိသည်မှာ အချိန်ကြာလာသဖြင့် ပွဲစားခ ဘတ် ၆၅၀၀ ပေးချေ၍ မြန်မာနိုင်ငံသို့ပြန်ရန် ကားပေါ်တွင် လိုက်ပါလာကြခြင်းဖြစ်ကြောင်း ဝန်ခံထားသည်ဟုဆိုသည်။

အချိန်မည်မျှကြာမြင့်နေသည်ကိုမူ သတင်းတွင် ဖော်ပြထားခြင်း မရှိပေ။

ထိုင်းကားသမားများကလည်း မြန်မာနိုင်ငံသားများကို တစ်ဦးလျှင် ဘတ် ၁၃၀၀ ဖြင့် ပို့ဆောင်ခ ဘတ် ၁၅၉၀၀ ယူဆောင် ထားကြောင်း ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများနှင့် ကားသမားများကို ဥပဒေအရ အမှုဖွင့်အရေးယူရန် ဝချစ်ဘန်းမီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ပြီးခဲ့သော ဇွန်လ ၄ ရက်ကလည်း ချင်းရိုင်-ဘန်ကောက်ပြေးဆွဲနေသော အဝေးပြေးကားများပေါ်တွင် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ဖမ်းဆီးခံခဲ့ရသေးသည်။

Ref: Thai PBS, TNN, Daily News Siam Pracha