BREAKING
December 30, 2024

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ ထိတွေ့ပစ်ခတ်မှုတွင် PDF ငါးဦးသေဆုံး

July 3, 2024

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ၌ ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကြောင်း ဒေသခံများ၊ PDF တပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။

ခမောင်းချောင်းရွာတွင် ညအိပ်တပ်စွဲပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် PDF တပ်ဖွဲ့တို့ လဲရှောင် – ဧကနိ ဖောက်လုပ်ထားသည့် ကျေးရွာချင်းဆက်လမ်းတွင် ထိပ်တိုက်တိုးပြီး အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း PDF တပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဒဏ်ရာရ ရဲဘော်လေးယောက်ကို ပြန်သယ်လာတယ်၊ ဆေးကုနေရင်း တစ်ယောက်ကျသွားတယ်။ ကျန်သုံးယောက်ထဲမှာ တစ်ယောက်ကတော့ ဒဏ်ရာပြင်းတယ်။ ပျောက်နေတဲ့ ရဲဘော်တွေကို ဆက်ရှာတော့ လမ်းမှာ ကျဆုံးနေတာတွေ့တယ်” ဟု ၎င်းက ပြောဆိုသည်။

PDF များ စီးလာသည့် ကားကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် တောလမ်းအတိုင်း ဘဝါရွာသို့ ဆက်လက် ထွက်ခွာသွားကြောင်း ဒေသခံများက ဆိုသည်။

“အခုရွာထဲ ရောက်နေတယ်။ ဟိုအိမ် ဒီအိမ်ဝင်ပီး ထမင်းချက်စားနေကြတယ်။ ရွာသားတွေကတော့ တစ်ယောက်မှ မရှိကြတော့ဘူး” ဟု ဘဝါရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကြောင်းနှစ်ကြောင်းခွဲထိုးနေခြင်းဖြစ်သည်။ ရေဖြူမြို့ဘက်မှ ဘဝါရွာဘက်သို့ စစ်ကြောင်းတစ်ကြောင်းနှင့် ကံပေါက်ဒေသဘက်က ထွက်ဝရွာသို့ စစ်ကြောင်းတစ်ကြောင်းထိုးခဲ့သည်။

ကံပေါက်ဒေသ ဇာဒီရွာဘက်မှ နဘုလယ်ဒေသဘက်သို့ ဇူလိုင်လ ၁ ရက် ညက ထွက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်း သည် ဇူလိုင် ၂ ရက်တွင် ထွက်ဝရွာသို့ရောက်ရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထွက်ဝရွာနှင့် ဘဝါရွာတို့မှာ ရွာနီးချင်းဖြစ်ပြီး အဆိုပါစစ်ကြောင်းနှစ်ကြောင်းမှာ ယနေ့ ဘဝါရွာတွင် ပေါင်းဆုံနေပြီဟုသိရကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကြောင်းနှစ်ကြောင်းပေါင်းကာ အင်အားအများအပြားဖြင့် စစ်ကြောင်းဆက်ထိုးနိုင်ကြောင်းလည်း ဒေသခံတို့က ဆိုသည်။

ရေဖြူမြို့နယ် ကံပေါက်ဒေသ၊ နဘုလယ်ဒေသများတွင် ပြီးခဲ့သည့်လကစပြီး စစ်ရေးလှုပ်ရှားမှုများ ပြင်းထန်နေသည်။