ထိုင်းနိုင်ငံကနေ ၂၂ နှစ်အကြာ လက်ဆောင် ရရှိထားတဲ့ ဆင်ကြီးကို ဆေးဝါးကုသဖို့ဆိုပြီး သီရိလင်္ကာနိုင်ငံက ပြန်လည်ပေးအပ်လိုက်ရပါပြီ။ အကြောင်းကတော့ သီရိလင်္ကာမှာ ကောင်းကောင်း မကြီးပြင်းရဘဲ နှိပ်စက်ခံနေရတယ်လို့ ဆိုထားပါတယ်။
ဆင်ကြီးကို သီရိလင်္ကာမှာ မူထူရာဂျာ (Muthu Raja) လို့ခေါ်ကြပြီး ထိုင်းမှာတော့ ဆက်ဆူရင်း (Sak Surin) လို့ လူသိများပါတယ်။ ဆင်ကြီး ၁၀ နှစ်သားအရွယ်တုန်းက ထိုင်းတော်ဝင်မိသားစုကနေ သီရိလင်္ကာကို လက်ဆောင်အနေနဲ့ ပေးအပ်ထားခဲ့တာပါ။
သူဟာ သီရိလင်္ကာကို လက်ဆောင်ပေးထားခဲ့တဲ့ ဆင်သုံးကောင်ထဲက တစ်ကောင်ဖြစ်ပါတယ်။ သူ့ကို သီရိလင်္ကာတောင်ပိုင်း ဘုရားကျောင်းထဲမှာ ထားရှိထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက သီရိလင်္ကာရဲ့ တိရိစ္ဆာန်အခွင့်အရေးအဖွဲ့ဖြစ်သော Rally for Animal Rights and Environment (RARE) အဖွဲ့ကနေ ဆင်ကြီးမှာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
နှစ်ပေါင်းများစွာ နှိပ်စက်ညှင်းပန်းခံနေရတာ၊ ခြေထောက်တွေကို ကြိုးနဲ့ ချည်ထားတာတွေကြောင့် သူ့ကိုယ်ပေါ်မှာ ဒဏ်ရာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် သူက အရေးပေါ် ဆေးဝါးကုသဖို့ လိုအပ်နေတယ်ဆိုပြီး အဖွဲ့က ထုတ်ဖော်ခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး ဆင်ကြီးကို ကယ်တင်ပေးဖို့ လက်မှတ်ထိုး တောင်းဆိုခဲ့ကြပါတယ်။
လှုပ်ရှားသူတွေရဲ့ တောင်းဆိုချက်တွေကို သီရိလင်္ကာအစိုးရက လျစ်လျူရှုခဲ့တဲ့အတွက် ဆင်ကြီးကို ထိုင်းကို ပြန်ခေါ်ဖို့ ဖြစ်လာခဲ့ပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ကိုလံဘိုမှာရှိတဲ့ ထိုင်းသံရုံးကနေ ဆင်ကြီးကို ကနဦး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဆင်ကြီးက ကျန်းမာရေးအခြေအနေမကောင်းဘဲ နေထိုင်မှုပုံစံ ဆိုးရွားနေတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
ဆင်ကြီးက အလေးချိန်မပြည်မီတာ၊ အရေပြားကြမ်းတမ်းနေတာ၊ တင်ပါးတွေမှာ ပြည်တည်နေတာ၊ ခြေထောက်အကာပါးတာ၊ အရှေ့ဘယ်ဘက်ခြေထောက် တင်းကျပ်နေလို့ လမ်းလျှောက်ဖို့နဲ့ ရပ်ဖို့ ခက်ခဲနေတာတွေ တွေ့ရှိရတယ်လို့ဆိုထားပါတယ်။
ဒါကြောင့် ဆင်ကြီး ကျန်းမာရေးကုသမှုအတွက် ထိုင်းကို ပြန်လည်ခေါ်ဆောင်ဖို့ သီရိလင်္ကာအစိုးရရဲ့ ခွင့်ပြုချက်ကို တောင်းခံခဲ့ပါတယ်။
နောက် သူ့ကို ထိုင်းမခေါ်မီ ကျန်းမာရေးကောင်းဖို့ ဘုန်းကြီးကျောင်းကနေ သီရိလင်္ကာရဲ့ သဘာဝတိရိစ္ဆာန်ဥယျာဉ်ကို ခေါ်ယူခဲ့ပြီး ကနဦးကျန်းမာရေးစောင့်ရှောက်မှုပေးထားခဲ့တာပါ။
သူကို မနေ့(ဇူလိုင် ၂ )က သီရိလင်္ကာ ကိုလံဘိုလေဆိပ်ကနေ ချင်းမိုင်လေဆိပ်ကို တိုက်ရိုက် ကုန်တင်လေယာဉ်နဲ့ ခေါ်ယူခဲ့ပါတယ်။ သူ့အတွက် သီးသန့်လုပ်ထားတဲ့ ကွန်တိန်နာနဲ့ တိရိစ္ဆာန်ဆရာဝန် ၂ ဦး၊ ဆင်ထိန်း ၄ ဦးတို့နဲ့အတူ အိမ်ပြန်ခရီး ခေါ်ဆောင်လာခဲ့တာပါ။
ထိုင်းနိုင်ငံကို အိမ်ပြန်ခေါ်ဖို့အတွက် ဆင်ကြီး လေယာဉ်ဒဏ်ခံနိုင်ဖို့ ဆင်ထိန်းတွေကို သီရိလင်္ကာဆီ ကြိုတင်စေလွှတ်ထားခဲ့ရတာပါ။
ကွန်တိန်နာထဲမှာ ထိုင်ဖို့ စားဖို့ နေရာလုပ်ပေးထားပြီး ငှက်ပျောသီး၊ ရွှေဖရုံသီးနှင့် ကြံတို့ကို ထားပေးထားပါတယ်။
၆ နာရီကြာတဲ့ အိမ်ပြန်ခရီးမှာ ဆင်ကြီးက တည်တည်ငြိမ်ငြိမ်ပဲ လိုက်ပါစီးနင်းလာခဲ့ပြီး ချင်းမိုင်လေဆိပ်ကို ညနေ ၂ နာရီဝန်းကျင်မှာ ရောက်ရှိလာခဲ့ပါတယ်။
ဆင်ကြီးရောက်ရှိလာခဲ့ချိန်မှာတော့ တိရိစ္ဆာန်ဆရာဝန်တွေကနေ စစ်ဆေးခဲ့ကြပြီးနောက် ကျန်းမာရေးအခြေအနေ တည်ငြိမ်ကောင်းမွန်ကြောင်း ကနဦး ထုတ်ပြန်ထားပါတယ်။
လေဆိပ်ကို ထိုင်းသဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးလည်း ရောက်ရှိလာခဲ့ပြီး ဆင်ကြီးမှာ ကျန်းမာရေးအခြေအနေ အဆင်ပြေကောင်းမွန်ကြောင်း ပြောကြားခဲ့ပါသေးတယ်။
လေဆိပ်ကို ရောက်ရှိလာတဲ့ ဆင်ကြီးကို ကျန်းမာရေးအခြေအနေ ထပ်မံစစ်ဆေးဖို့ ချင်းမိုင်ကနေ တစ်နာရီခွဲကြာ မောင်းရတဲ့ လမ်ဖန်းရှိ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသို့ ပို့ဆောင်ခဲ့တယ်လို့ ဝန်ကြီးက ဆိုထားပါတယ်။
ထိုစခန်းမှာ ဆင်ကြီးက အနည်းဆုံး တစ်လလောက် ကျန်းမာရေးစောင့်ရှောက်မှုခံယူရမှာပါ။ ပြီးမှ တစ်ခြားဆင်တွေနဲ့ ရောပြီး နေထိုင်ဖို့ ခွင့်ပြုမှာ ဖြစ်ပါတယ်။
အစီအစဉ်အရတော့ ဆင်ကြီးကို စခန်းမှာ ရက် ၃၀ ကွာရင်တင်းအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူစေမှာဖြစ်ပြီး နောက်ပိုင်းမှသာ လူထုကို ပြန်လည်မိတ်ဆက်ပြသမှာဖြစ်ပါတယ်။
ယခုလို ဆင်ကြီးကို အိမ်ပြန်ခေါ်ယူနိုင်ဖို့ နှစ်ဖက်အစိုးရနဲ့ ကိုလံဘိုမှာရှိတဲ့ ထိုင်းသံရုံးက ၆ လလောက် ကြိုတင်စီစဉ်ခဲ့ရပါတယ်။ ဆင်ကြီးအိမ်ပြန်ခေါ်စရိတ်အတွက် အရေးပေါ်သုံးဘတ်ဂျက်ငွေထဲကနေ ဘတ် ၁၉ သန်းကျော် သုံးစွဲခဲ့ရတယ်လို့ ဝန်ကြီးက ဆိုထားပါတယ်။
သီရိလင်္ကာဝန်ကြီးချုပ်ကတော့ မေလတုန်းက ထိုင်းရောက်လာတဲ့အချိန် ဆင်ကြီးမှာ ဖြစ်ပျက်ခဲ့တာတွေအတွက် တောင်းပန်ထားပါတယ်။
ဆင်ကြီးကို ယခုလို ပြန်ခေါ်ခဲ့တဲ့ အဓိကရည်ရွယ်ချက်က ကျန်းမာရေးစောက်ရှောက်မှုပေးဖို့ဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ဆိုထားပါတယ်။ သီရိလင်္ကာကို ပြန်ပေးမပေးဆိုတာတော့ ထပ်ဆွေးနွေးရအုံးမယ်လို့ ဆိုထားပါတယ်။
Ref: Khaosod English, Bangkok Post