ရေဖြူမြို့နယ် ကလိန်အောင်မြို့မှ ကံပေါက်ကျေးရွာအုပ်စုသို့ သွားသည့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ကို ပိတ်ဆို့ကန့်သတ်လိုက်ကြောင်း ခရီးသည်အချို့ကပြောသည်။
ယနေ့ (ဇူလိုင် ၃) မနက်အစောပိုင်းမှစပြီး ကလိန်အောင်- ကံပေါက်လမ်းပိုင်းကို ဖြတ်သန်းခွင့်မပြုတော့ဘဲ ကန့်သတ်လိုက်ခြင်းဖြစ်သည်။
ယနေ့ မနက် ၆ နာရီဝန်းကျင်အချိန်တွင် မောရဝတီရေတပ်မှ စစ်ကား ၆ စီးထွက်ခွာသွားပြီး ကလိန်အောင်-ကံပေါက်လမ်းပိုင်းတွင် နေရာလေးခုခွဲကာ ပိတ်ဆို့ထားခြင်း ဖြစ်ကြောင်း ခရီးသည်တို့ပြောဆိုသည်။
ကံပေါက်လမ်းဆုံအနီး၊ ဂန့်ဂေါ်တောင်ရွာအဝင် ၊ ဂန့်ဂေါ်တောင်ဘုန်းကြီးကျောင်းအနီးနှင့် သစ်တောရုံးလမ်းဆုံ စသည့်နေရာတို့တွင် လမ်းပိတ်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။
“ခရီးသည်တင်ကားတွေရော၊ စျေးကားတွေရော အားလုံးပြန်လှည့်လာရတယ်။ ဒါတောင် ကံပေါက်က ကားမှ အဝင်လက်ခံတယ်။ ထားဝယ်ဘက်က ကားတွေအဝင်မရဘူး” ဟု လမ်းပိတ်ဆို့ခံခဲ့ရသည့် ကားသမားတစ်ဦးကပြောသည်။
ကံပေါက်-ထားဝယ် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဥ်လိုင်းများလည်း ရပ်နားထားရသည်ဟုဆိုသည်။
အဆိုပါ ကလိန်အောင် – ကံပေါက်လမ်းပိုင်းအား ၂ ရက်အကြာ ဖြတ်သန်းသွားလာခွင့် ကန်သတ်မည်ဟုလည်း သတင်းထွက်ပေါ်နေပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ကလိန်အောင်-ကံပေါက်လမ်းပိုင်းကိုသာ ပိတ့်ဆို့ထားပြီး အခြားလမ်းကြောင်းတစ်ခုဖြစ်သည့် ရေး- ထားဝယ် ပြည်ထောင်စုလမ်းပိုင်းကိုမူ သွားခွင့်ပြုထားကြောင်း ကလိန်အောင်မြို့ခံတစ်ဦးကဆိုသည်။
ကံပေါက်ရွာပတ်လမ်းကိုလည်း ဇွန်လ ၂၈၊ ၂၉ နှစ်ရက်ဆက် သွားလာခွင့်ပိတ်ပြီးရက်ပိုင်းအကြာတွင် ကလိန်အောင်- ကံပေါက်လမ်းပိုင်း သွားလာခွင့်ကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။
ဇွန်လ ၂၇ ရက်ညက ကံပေါက်ကျေးရွာ စစ်ကောင်စီတပ်ရင်းရှိသည့် ရပ်ကွက်ဘက်မှ ပေါက်ကွဲသံနှစ်ချက် ထွက်ပေါ်ခဲ့ကြောင်း၊ မောရဝတီရေတပ်မှ ကင်းတာဝန်ကျသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်နှင့်အတူ ထွက်ပြေးသွားသည်ဟု သတင်းများထွက်နေကြောင်း ဒေသခံများကဆိုသည်။
ယင်းနောက် ကလိန်အောင်- ကံပေါက်လမ်းပိုင်း သွားလာကန့်သတ်ခြင်း၊ ကံပေါက်ကျေးရွာ ရွာပတ်လမ်း ၂ ရက်အကြာ ပိတ်ဆို့ထားခြင်းတို့ကို စစ်ကောင်စီဖက်က လုပ်ဆောင်လာခဲ့သည်။