ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် အရပ်သားပြည်သူ ၅၃ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။
အင်အား ၁၇၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် မေလ ၂၉ ရက်တွင် အိမ်ခြေ ထောင်ဂဏန်းရှိသည့် ဗျိုင်းဖြူရွာကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး ကလေး၊ လူကြီး၊ အမျိုးသမီးမကျန် ရွာသူ ရွာသားအားလုံးကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
ထို့နောက် လက်နောက်ပြန် ကြိုးတုပ်ပြီး နေပူလှန်းခြင်း၊ အစာရေစာ မပေးဘဲထားခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြကြောင်း AA က ဆိုသည်။
ဖမ်းဆီးထားသည့် ရွာသူ၊ ရွာသားများအနက် ၅၃ဦးကို သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ခြင်း၊ အမျိုးသမီးအချို့ကို မုဒိမ်းကျင့်ခြင်းတို့ လုပ်ဆောင်ခဲ့သည့်အပြင် ပြည်သူထောင်နဲ့ချီကို ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီးထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းအပြင်း ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ်တို့ကိုလည်း အဓမ္မယူဆောင်ခြင်း၊ လူနေအိမ်အချို့ကို မီးရှို့ခြင်း တို့ကို လုပ်ဆောင်ခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။
အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းတွင် စစ်တွေအခြေစိုက် ဒေသကွက်ကဲမှုစစ်ဌာနချုပ်-ဒကစ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) တပ်ဖွဲ့ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့၊ စစ်သင်တန်းဆင်း မွတ်ဆလင်တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း AA က ထုတ်ပြန်ထားသည်။
ALP ပါတီဘက်မူ ယခုဖြစ်ရပ်တွင် ပါဝင်ပတ်သက်ခြင်း လုံးဝမရှိကြောင်း ငြင်းဆိုထားသည်။ ပါတီကို ပျက်စီးစေရန် လုပ်ကြံပြောဆိုသာဖြစ်သည်ဟုလည်း ဆိုသည်။
ဗျိုင်းဖြူရွာဖြစ်စဉ်တွင် ညွှန့်ကြားအမိန့်ပေးစေခိုင်းသူများနှင့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သူများကို ပြင်းထန်စွာ လက်စားချေ တုံ့ပြန်သွားမည်ဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
AA အနေဖြင့် ရခိုင်တွင် လက်ကျန်မြို့များဖြစ်သည့် အမ်း၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွနှင့် မာန်အောင်တို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုမကျန် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ် ကြောင်းလည်း ဖော်ပြသည်။
စစ်ကောင်စီကမူ ဗျိုင်းဖြူရွာနှင့် အနီးဝန်းကျင် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် မေလ ၃၀ ရက်တွင် လုံခြုံရေးဆောင်ရွက်ပေး ခဲ့ကြောင်း ထုတ်ပြန်ထားပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို တစ်စုံတစ်ရာ ထုတ်ပြန် ပြောဆိုထားခြင်း မရှိပေ။
ပြီးခဲ့သည့် ၂နှစ်ကျော်ကာလတွင် စစ်ကောင်စီက လူငါးဦးနှင့်အတူ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၅၄ ကြိမ်ရှိခဲ့ပြီး လူ ၁၄၀၀ ကျော် သေဆုံးခဲ့ကြောင်း BNI-Myanmar Peace Monitor က မေလ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။