ရေဖြူမြို့နယ်၊ ကံပေါက်၊ အုန်းပင်ကွင်းနှင့် ဖောင်းတောရွာတို့တွင်နေထိုင်သည့် ဒေသခံအမျိုးသား သုံးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ကြောင်း ၎င်းတို့၏ မိသားစုနှင့် ရင်းနှီးသူများက ပြောသည်။
မေလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ထားဝယ်ခရိုင်တရားရုံးက ထောင်ဒဏ်များချမှတ်ခဲ့ခြင်း ဖြစ်သည်။
ကံပေါက်ဒေသ၊ လှည်ကုန်းရပ်ကွက်တွင် နေထိုင်သည့် ရတနာ-ဇောတိကစီမံကိန်း၏ ယာဉ်မောင်းဖြစ်သူ ဦးကိုနိုင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) တို့ဖြင့် မေလ ၂၈ ရက်တွင် ထောင်ဒဏ် ၁၀နှစ်ချကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးက ဆိုသည်။
“ဆရာမတွေနဲ့ အတူတူပဲ တစ်ရက်တည်းအမိန့်ချလိုက်တယ်။ ထောက်ပို့လုပ်တဲ့အမှုနဲ့ ထောင်ချလိုက်တာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါနေ့တွင် ကံပေါက်ဒေသခံ CDM ဆရာမနှစ်ဦးဖြစ်သည့် ဒေါ်နီလာစန်းနှင့် ဒေါ်ကေဂျာဦးတို့ လည်း အထက်ပါ ပုဒ်မများဖြင့် ထောင်ဒဏ် ၁၀နှစ်ချမှတ်ခံခဲ့ရသည်။ ယခုသတင်းကို Dawei Watch တွင် ဖော်ပြပြီးဖြစ်ပါသည်။
မေလ ၂၈ ရက်တွင်ပင် အုန်းပင်ကွင်းရွာ၊ အမှတ် ၅ ရပ်ကွက်တွင် စားသောက်ဆိုင်လုပ်ငန်းနှင့် အငှားယာဉ်မောင်း အလုပ် လုပ်ကိုင်သည့် ကိုကျော်ဇင်နှင့် ဇနီးမစိုးယုမော်တို့လည်း ထောင်ဒဏ်ချမှတ်ခံရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
ကိုကျော်ဇင်အား ပုဒ်မ ၅၀ (ည) ၊ ၅ဝ၅ (က) အပြင် လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉ (စ) ဖြင့် ထောင် ၁၂ နှစ်နှင့် ၎င်း၏ ဇနီးအား ပုဒ်မ ၅ဝ၅ (က) ၊ ၅၂ (က) တို့ဖြင့် ထောင်ဒဏ် လေးနှစ် စစ်ကောင်စီက ချမှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
အမှုရင်ဆိုင်နေစဉ်အတွင်း ကိုကျော်ဇင် ပိုင်ဆိုင်သည့် နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ကာ ကားတစ်စီးကိုလည်း သိမ်းဆည်း၍ မောရဝတီရေတပ်က အသုံးပြုနေကြောင်း အုန်းပင်ကွင်းရွာသားများက ပြောသည်။
ယင်းအပြင် ဖောင်းတောရွာက ကိုထွန်းပိုင်နှင့် ဇနီးဖြစ်သူ မလဲ့ချိုတို့သည်လည်း မေလ ၂၇ ရက်က ထောင်ဒဏ်ချ မှတ်ခံရကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။
ကိုထွန်းပိုင်အား ပုဒ်မ ၅၀ (ည) ၊ ၅၀၅ (က) တို့ဖြင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်ပြီး မလဲ့ချိုအား ပုဒ်မ ၅၀၅ (က) ဖြင့် ထောင် သုံးနှစ် အမိန့်ချခံခဲ့ရကြောင်း နီးစပ်သူတို့က ဆိုသည်။
“ကိုထွန်းပိုင်းတို့ လင်မယားလည်း အမိန့်ကျသွားပြီ။ ရွာက အဖမ်းခံရထားသူတွေလည်း (ဇွန်) ၁ ရက်က ပြန်လွှတ် ပေးလိုက်တယ်” ဟု ဖောင်းတောရွာသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၇ရက်ကလည်း CDM ဆရာမ ဒေါ်ယဉ်ယဉ်အေးနှင့် ဒေါ်သက်သက်မော်တို့ကို စစ်ကောင်စီက ကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် လေးနှစ်စီ ချမှတ်ထားသဖြင့် မေလအတွင်း ထောင်ချခံရသူ ကိုးဦးအထိ ရှိလာခြင်း ဖြစ်သည်။
စစ်ကောင်စီ မောရဝတီရေတပ်က ယခုနှစ်ဆန်းပိုင်းတွင် ကံပေါက်ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး အချို့ကို ပြန်လွှတ် ပေးခဲ့သည်။ ကိုးဦးကို တရားစွဲဆို ထောင်ချကာ အမျိုးသမီးတစ်ဦးကိုမူ မောရဝတီရေတပ်တွင် ဆက်လက်ဖမ်းဆီး စစ်ဆေးနေဆဲဖြစ်သည်။