BREAKING
September 19, 2024

အသွင်မတူသော လွမ်းသူ့ပန်းခွေနှစ်ခု

June 3, 2024

ကွယ်လွန်သွားပြီဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးရဲ့ ဈာပနအတွက် နောက်ခံအသွင်မတူကွဲပြားလှတဲ့ လွမ်းသူ့ပန်းခွေနှစ်ခု ရောက်လာခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်တဲ့ သူရဦးတင်ဦးဟာ ဖျက်သိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရဲ့ ဥက္ကဋ္ဌဟောင်းလည်းဖြစ်သလို ပါတီနာယကလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့က အသက် ၉၈ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါပြီ။

သူ့ရဲ့ ဈာပနမှာ ဆန့်ကျင်ဘက်အဓိပ္ပာယ်နှစ်ခုနဲ့ ရောက်လာခဲ့တဲ့ ပန်းခွေနှစ်ခုကတော့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျဉ်းထောင်ထဲကနေနဲ့ လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာပလ္လင်ဆီကနေ ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

ဒီပန်းခွေနှစ်ခုရဲ့နောက်မှာ အဓိပ္ပာယ်ကွဲပြားနေမှုတွေ ရှိနေပါတယ်။

လာရာ မတူတဲ့ လွမ်းသူ့ပန်းခွေနှစ်ခုအကြောင်း မသွားခင်မှာ သူတို့တွေရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ သူတို့အချင်းအချင်းအကြားက ဆက်ဆံရေးအနေအထားတွေကို အရင်ဆုံး အကဲဖြတ်ကြည့်ဖို့ လိုပါလိမ့်မယ်။

သူရဦးတင်ဦးဟာ လူများစွာသိပြီးကြတဲ့အတိုင်း ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီးအဖြစ် ဂုဏ်သိန်ဝင့်ထည်စွာ နေထိုင်သွားခဲ့သူ ဖြစ်ပါတယ်။

မြန်မာ့ဆန်အိုးကြီး ဧရာဝတီတိုင်း ပုသိမ်မြို့မှာ မွေးတယ်။ ဖက်ဆက်တော်လှန်ရေးနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုတွေမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့လို့ အချိန်တိုအတွင်းမှာ ရာထူးအဆင့်ဆင့် ချီးမြှင့်ခံခဲ့ရပြီး မြန်မာ့တပ်မတော်သမိုင်းတစ်လျှောက်မှာ အသက်အငယ်ဆုံး ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တယ်။ စွမ်းရည်သတ္တိဆိုင်ရာ သူရဲကောင်းဘွဲ့ဖြစ်တဲ့ ‘သူရ’ ဘွဲ့ကိုလည်း ရရှိခဲ့တယ်။

နောက်တော့ သူ့ရဲ့ ပုဂ္ဂလကျော်စောမှုကို မရှုစိမ့်မှု ဒါမှမဟုတ် သူ့အပေါ် ပုဂ္ဂိလ်ရေးအရ အမြင်မကြည်မှုကြောင့် ကာကွယ်ရေးဦးစီးချုပ်အဖြစ်ကနေ အနားပေးခံခဲ့ရသလို အာဏာရှင် ဦးနေဝင်းကို လုပ်ကြံရေးအစီအစဉ်မှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ခုနစ်နှစ် ချခံခဲ့ရတယ်။

ထောင်ကလွတ်မြောက်လာပြီးနောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာတဲ့အခါ နောင်တစ်ချိန် ရွေးကောက်ပွဲတွေမှာ ပြိုင်တိုင်းနိုင် ပါတီကြီးဖြစ်လာမယ့်၊ တချိန်တည်းမှာပဲ စစ်တပ်ရဲ့ အငြှိုးတကြီး ဖိနှိပ်ရန်ပြုခံရမယ့် NLD ပါတီကို ထူထောင်ရာမှာ ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့တယ်။ ဒီလို လူထုအရေး၊ ဒီမိုကရေစီအရေး စတဲ့ နိုင်ငံရေး ရေဆန်လေဆန်ကာလတွေအတွင်းမှာ ထပ်ပြီး ထောင်ချခံရတာ၊ နေအိမ်အကျယ်ချုပ်ချခံရတဲ့ နှစ်တွေလည်း မနည်းတဲ့အပြင် ကိုယ်ထိလက်ရောက် အသက်အန္တရာယ်ပြုတာတွေကိုလည်း ကြုံတွေ့ဖြတ်သန်းခဲ့ရတယ်။

အဲဒီလောကဓံကြမ်းကြမ်းတွေကို အန်တုကျော်လွှားပြီး နိုင်ငံမှာ ဒီမိုကရေစီအလင်းရောင်ထွက်ပြူစ အချိန်မှာပဲ စစ်တပ်ရဲ့ နောက်ထပ်အာဏာသိမ်းမှုကိုလည်း ရင်ဆိုင်ခဲ့ရပြန်ပေမဲ့ အသက်အရွယ်အိုမင်းလာပြီး ကွယ်လွန်ချိန်အထိ ပြည်သူလူထုဆိုတဲ့ဘက်ကနေ ဖြောင့်မတ်တဲ့ ရပ်တည်ချက်ကို ဆုပ်ကိုင်ထားခဲ့တယ်။

“ပြည်သူချစ်သော တပ်မတော်ဗိုလ်ချုပ်ကြီးဟောင်း ဆိုတာကို သူက အရမ်းသဘောကျတယ်” လို့ NLD ရဲ့ နောက်ထပ်နာယကတစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်က ပြည်ပသတင်းဌာနတစ်ခုရဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဖြေကြားခဲ့ဖူးပါတယ်။ (ဦးဝင်းထိန်ဟာလည်း လက်ရှိမှာတော့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။)

ကွယ်လူသူတွေအတွက် လွမ်းသူ့ပန်းခွေတွေ ပေးပို့ကြတယ်ဆိုတာက သူတို့ရဲ့ ဂုဏ်ဒြပ်တွေကို အောက်မေ့သတိရကြောင်း၊ လေးစားမြတ်နိုးကြောင်း၊ နှမြောတသကြောင်း ဖော်ပြတဲ့ သင်္ကေတတွေပါပဲ။

ပန်းခွေပေးပို့တဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုလည်း လူများစွာက သိပြီးသားဖြစ်ပါလိမ့်မယ်။

တပ်မတော်ကို တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ လူထုခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ရင်း လှိုင်းကြီးလေထန် နိုင်ငံရေး ဝဲဩဃထဲမှာ မမောမပန်းနိုင်စွာ ကူးခတ်ရင်း ဘဝကို မြှုပ်နှံထားခဲ့သူ။ ရှည်လျားတဲ့ အတိုက်အခံနိုင်ငံရေးလမ်းကြောင်းပေါ်မှာ၊ စစ်တပ်ရဲ့ အထုအထောင်းအောက်မှာ မတွန့်မဆုတ်နေခဲ့သူ။ ဒီကာလတွေအတွင်း အသက် ၁၈ နှစ် ပိုကြီးတဲ့ သူရဦးတင်ဦးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်၊ အစ်ကိုကြီးအဖရာလိုလည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်ဟောင်းလည်းဖြစ်၊ ပါတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာသိမ်းမှုနဲ့အတူ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရလို့ အကျဉ်းထောင်ထဲမှာ ရောက်နေပါတယ်။

ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်း ၃၀ မယိမ်းမယိုင် လက်တွဲအလုပ်လုပ်ခဲ့ကြသူတွေဖြစ်တာကြောင့် သူတို့နှစ်ဦးအကြားမှာ နီးကပ်တဲ့၊ နွေးထွေးတဲ့ ဆက်ဆံရေးတွေ အပြန်အလှန်ရှိနေကြမယ်လို့ တစ်ထစ်ချတွက်ဆနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မသမာသူတွေက ကိုယ်ထိလက်ရောက်တိုက်ခိုက်ခဲ့ရာမှာ သူရဦးတင်ဦးက အကာအကွယ်ပြုပေးခဲ့ဖူးပါတယ်။ သူရဦးတင်ဦး လေဖြတ်ရောဂါကြောင့် ဆေးရုံတက်ကုသနေစဉ်ကလည်း နိုင်ငံတော်အတိုင်ပင်ခံဘဝနဲ့ ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ဂါရပြုတွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူရဦးတင်ဦးကွယ်လွန်သွားတဲ့အပေါ် စိတ်မကောင်းဝမ်းနည်းဖြစ်နေမိမှာ အမှန်ပါပဲ။ အကျဉ်းထောင်ထဲကနေ ပေးပို့နိုင်အောင် ကြိုးပမ်းခဲ့တာကိုကြည့်ရင်လည်း ကွယ်လွန်သူအပေါ်ထားတဲ့ သူရဲ့ စိတ်စေတနာကို မြင်နိုင်ပါလိမ့်မယ်။ သူ့ရဲ့ပန်းခွေဟာ အပေါ်မှာပြောခဲ့သလို အောက်မေ့သတိရမှုတွေ၊ လေးစားမြတ်နိုးမှုတွေနဲ့ နှမြောတသမှုတွေပါဝင်နေပါလိမ့်မယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပန်းခွေကရော အဲဒီလို အဓိပ္ပာယ်ဆောင်ပါရဲ့လား။

စစ်ခေါင်းဆောင်အကြောင်းကလည်း လူတိုင်းနီးနီး သိပြီးသားတွေဖြစ်မှာပါပဲ။ မထင်မရှားဗိုလ်ချုပ်ကလေးအဖြစ်ကနေ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပြီးနောက် သမ္မတအိပ်မက်ခဲ့သူ။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးမှာ မျက်နှာဖုံးကွာကျခဲ့သူ။ ဒီမိုကရေစီရဲ့ လက္ခဏာတွေကို ဖျက်လိုဖျက်ဆီးလုပ်ပြီး NLD ပါတီရဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချ၊ လွှတ်တော်ကို ဖျက်သိမ်းခဲ့ကာ နိုင်ငံရဲ့ မဏ္ဍိုင်သုံးရပ်စလုံးကို တစ်ဦးတည်းချုပ်ကိုင်ထားသူ၊ နိုင်ငံထဲကို စစ်ပွဲတွေ ဆွဲသွင်းခဲ့ပြီး လူနေအိမ်အမြောက်အမြားကို မီးလောင်တိုက်သွင်းခဲ့သူ၊ သန်းနဲ့ချီတဲ့ ပြည်သူလူထုတွေကို နိုင်ငံထဲကနေ ထွက်သွားစေခဲ့သူ စသဖြင့် ဝိသေသတွေ တစ်စီတစ်တန်းကြီးနဲ့သူဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်မတော်တည်ထောင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကနေ စပြီးရေတွက်မယ်ဆိုရင် ၁၀ ဦးမြောက် ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပါတယ်။ ကွယ်လွန်သူ သူရဦးတင်ဦးကတော့ ခြောက်ဦးမြောက် ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပါတယ်။ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ရဲ့ ဒီဇင်ဘာလဆန်းပိုင်းက သူရဦးတင်ဦးရဲ့ နေအိမ်ကို သွားရောက်တွေ့ဆုံခဲ့တာတစ်ခုကလွဲရင် သူတို့နှစ်ဦးအကြားမှာ မြင်သာတဲ့ ဆက်ဆံရေးရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်းမျိုး မတွေ့ဖူးပါဘူး။ အဲဒီတစ်ကြိမ်မှာလည်း ဘာအတွက်သွားရောက်တွေ့ဆုံတယ်ဆိုတာကို မသိရပေမဲ့ ကျန်းမာရေးအခြေအနေတွေကို မေးမြန်းခဲ့တယ်လို့ပဲ သတင်းထုတ်ပြန်ခဲ့တာပါ။ စစ်တပ်အရာရှိဟောင်းတွေကို ဖိတ်ကြားပြီး ခမ်းခမ်းနားနားကျင်းပလေ့ရှိတဲ့ တပ်မတော်နေ့အခမ်းအနားတွေကိုလည်း သူရဦးတင်ဦးကို မဖိတ်ကြားခဲ့ပါဘူး။

လက်ရှိမှာတော့ စစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျနေမှုကို ရင်ဆိုင်နေသလို မအောင်မြင်တဲ့အာဏာသိမ်းမှုအတွက် တော်လှန်ရေးတပ်တွေရဲ့ တွန်းလှန်တိုက်ခိုက်မှုကို နည်းမျိုးစုံသုံးပြီး ကျားကန်နေရပါတယ်။ ငြိမ်းချမ်းရေးလုပ်မယ်လို့ လေလုံးထွားခဲ့ပေမဲ့ ခြေတစ်လှမ်းတောင် ရှေ့မတိုးနိုင်ခဲ့ဘဲ နောက်ဆုံးမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ မြို့သိမ်း၊ တပ်သိမ်း၊ စခန်းသိမ်းတာတွေကို မကြုံစဖူး အရှက်ထူးအောင် ကြုံနေရတာပါ။ သူ့ကို ထောက်ခံခဲ့သူတွေကတောင်မှ စိတ်ပျက်လာကြပြီး ရာထူးကနေ ဖယ်ပေးဖို့ ပြောင် တောင်းဆိုတာကို ခံခဲ့ရပါတယ်။

အဲဒီလိုမျိုး လူထုထောက်ခံမှု စံချိန်တင် ကျဆင်းနေချိန်မှာ စစ်ခေါင်းဆောင်အနေနဲ့ ပြည်သူ့အချစ်တော် တပ်မတော်သားဟောင်းကြီးရဲ့ ဈာပနအတွက် လွမ်းသူ့ပန်းခွေပို့လိုက်တာဖြစ်ပါတယ်။

အပေါ်မှာပြောခဲ့သလိုပါပဲ၊ လွမ်းသူ့ပန်းခွေတွေ ပေးပို့ကြတယ်ဆိုတာက ကွယ်လွန်သူတွေကို အောက်မေ့သတိရကြောင်း၊ လေးစားမြတ်နိုးကြောင်း၊ နှမြောတသကြောင်း ဖော်ပြတဲ့ သင်္ကေတတွေပါပဲ။ အခု စစ်ခေါင်းဆောင်ရဲ့ ပန်းခွေဟာ အဲဒီသဘောဆောင်ပါသလားဆိုတာကိုတော့ မေးခွန်းကြီးကြီးထုတ်ဖို့ လိုပါလိမ့်မယ်။

ဘာလို့ဆိုတော့ ကွယ်လွန်သူနဲ့ သူ့အကြားမှာ ဆန့်ကျင်ဘက်လုပ်ရပ်တွေ ရှိနေလို့ပါပဲ။ ကွယ်လွန်သူဟာ တပ်မတော်ထက် ပြည်သူလူထုကို ပိုချစ်တယ်လို့ ပြောဆိုခဲ့ပြီး လက်တွေ့လည်း နေထိုင်ပြသသွားခဲ့ပါတယ်။ စစ်ခေါင်းဆောင်ကတော့ တပ်မတော်ကို ချနင်းပြီး သူ့စည်းစိမ်အာဏာအတွက် ပြည်သူလူထုကို အပြင်းထန်ဆုံး ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ သတ်ဖြတ်နှိပ်ကွပ်နေသူဖြစ်ပါတယ်။

ဒီတော့ နိုင်ငံတစ်ဝန်းက လက်နက်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ သွေးစွန်းတဲ့လက်နဲ့ ပို့လိုက်တဲ့ သူ့ရဲ့ပန်းခွေဟာ ကွယ်လွန်သူရဲ့ ဂုဏ်ဒြပ်တွေကို အောက်မေ့သတိရမှု၊ လေးစားမြတ်နိုးမှုနဲ့ နှမြောတသမှုတွေ ပါဝင်မနေနိုင်ပါဘူး။ ဝတ်ကျေတန်းကျေ ဟန်ပြသဘော ဒါမှမဟုတ် ကွယ်လွန်သူဟာ လူထုအချစ်တော်ဖြစ်တာကြောင့် ပြည်သူလူထုကို မျက်နှာလုပ်တာဖြစ်မှာပါပဲ။ ဒါမှမဟုတ် မျက်နှာပြောင်တိုက်ပြတာ ဖြစ်ပါလိမ့်မယ်။

ဈာပနအခမ်းအနားမှာ လွမ်းသူ့ပန်းခွေနှစ်ခုဟာ အဲဒီလိုမျိုး အသွင်အပြင်နဲ့ အနက်အဓိပ္ပာယ်ကွဲပြားနေတာကို အများပြည်သူအနေနဲ့ မြင်တွေ့ကြရပါလိမ့်မယ်။ တစ်ခုကတော့ လုပ်ဖောက်ကိုင်ဖက်ဟောင်းအတွက် တန်ဖိုးထားကြောင်းပြသတဲ့ သစ္စာတရားဖြစ်ပြီး တစ်ခုကတော့ မနာလိုမှုနဲ့ အမုန်းအငြှိုးကို သိုဝှက်ထားတဲ့ ဟန်ဆောင်မှုဖြစ်ပါတယ်။

သံယံ