ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဧပြီလ ၂၇ ရက်နေ့မှ မေလ ၃ ရက်နေ့အထိ
အမေရိကန်တွင် လာအိုနွယ်ဖွား ကင်ဆာရောဂါသည်တစ်ဦး ဒေါ်လာ ၁ ဘီလီယံကျော် ထီပေါက်

အမေရိကန်ပြည်ထောင်စုမှာ Powerball ထီ ဒေါ်လာ သန်းတစ်ထောင်သုံးရာဆုကို လာအိုနိုင်ငံဖွား ရွှေ့ပြောင်းနေထိုင်သူတစ်ဦးက ဆွတ်ခူးသွားပါတယ်။
စေဖန်းလို့ခေါ်တဲ့သူက လာအိုနိုင်ငံကနေ ၁၉၈၇ ခုနှစ်မှာ ထိုင်းနိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့လာသူပါ။
သူက ၂၀၁၆ ခုနှစ်ကတည်းက ကင်ဆာရောဂါဝေဒနာကို ရှစ်နှစ်ကြာ ခံစားနေရသူလည်း ဖြစ်ပါတယ်။
ထီဆုငွေကို စပ်တူထိုးကြတဲ့ ဇနီးဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူတို့ သုံးဦး ခွဲယူကြမယ်လို့ ဆိုပါတယ်။
ထီဆုငွေကို တလုံးတည်း တခဲတည်း ယူမယ်ဆိုရင် ဒေါ်လာ ခြောက်ရာ့ ရှစ်သန်း ကျော် ရရှိမှာပါ။
တခါတည်း ထုတ်တာမျိုး မယူချင်ရင် ပထမအကြိမ် ပေးငွေနဲ့ ၂၉ နှစ် ဆက်တိုက် ယူတာမျိုး လုပ်လို့ရပါတယ်။
Ref: CNN
………………………………..
အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲ

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမြောက်ဘက် Mount Ruang မီးတောင် ဧပြီလ ၃၀ ရက်နေ့က ထပ်မံ ပေါက်ကွဲခဲ့ပါတယ်။
ဒါကြောင့် တဂူလန်ဒန်ကျွန်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွေ့ပြောင်းပေးခဲ့ရပါတယ်။
မီးတောင်ပေါက်ကွဲရာကနေ လွှင့်စင် ထွက်ကျလာတဲ့ ချော်ရည်နဲ့ အစအနတွေ အနီးနား ကျေးရွာတွေပေါ် ကျနေတဲ့အတွက် အင်ဒိုနီးရှား အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားရပါတယ်။
ကျွန်းပေါ်က လေဆိပ်ကိုလည်း ပိတ်ထားရလို့ ဒေသခံတွေကို စစ်သင်္ဘောတွေ ကယ်ဆယ်ရေး သင်္ဘောတွေနဲ့ ကယ်ထုတ်ရပါတယ်။
မီးတောင်ကနေ ကောင်းကင်ထဲကို ပြာမှုန့်တွေ သုံးမိုင်လောက်အထိ အပေါ်ကို မှုတ်ထုတ်ခဲ့ပြီး ချော်ရည်ပူတွေလည်း ထွက်ကျခဲ့ပါတယ်။
Ref: CNN
………………………………..
ဘင်္ဂလားဒေ့ရှ်တွင် အပူချိန်စံချိန်တင် မြင့်တက်

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ဧပြီလဟာ စံချိန်တင် အပူဆုံးလဖြစ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက မေလ ၁ ရက်နေ့က ကြေညာခဲ့ပါတယ်။
ဧပြီလရဲ့ အပူဒဏ်ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်းမှာရှိတဲ့ ကျောင်းတွေကို ပိတ်ထားရတာပါ။
အပူဒဏ်ကို ရှောင်ရှားနိုင်ဖို့အတွက် ကျောင်းသားပေါင်း သန်း ၃၀ ကျော်ကိုလည်း အိမ်မှာသာ နေကြဖို့ အစိုးရကနေ သတိပေးထားပါတယ်။
အပူဒဏ်ကို နိုင်ငံလုံးရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ခံစားနေကြရတာပါ။
ဆယ်ရက်အတွင်း အပူဒဏ်ကြောင့် သေဆုံးသူ အနည်းဆုံး ၁၁ ဦး ရှိခဲ့တယ်လို့ ကျန်းမာရေးဌာနကလည်း ထုတ်ပြန်ထားပါတယ်။
အာရှနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်နဲ့ အိန္ဒိယတို့မှာဆိုရင်လည်း ဒီလို အပူလှိုင်းဖြတ်မှုကြောင့် အပူချိန်ဟာ ၄၀ ဒီဂရီ ဆဲလ်စီယပ်အထက်မှာပဲ့ ရှိနေကြတာဖြစ်ပါတယ်။
Ref: Prothom Alo
………………………………..
တရုတ် အဝေးပြေးလမ်း မြေပြိုမှုကြောင့် သေဆုံးသူ အနည်းဆုံး ၄၈ ဦးအထိ ရှိလာ

တရုတ်နိုင်ငံတောင်ပိုင်းမှာ အဝေးပြေးအမြန်လမ်း ပြိုကျပျက်စီးသွားတာကြောင့် သေဆုံးတဲ့သူဦးရေဟာ အနည်းဆုံး ၄၈ ဦးရှိသွားပြီလို့ တရုတ်အစိုးရက မေလ ၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ကွမ်တုန်းပြည်နယ်က မေ့ကျိုမြို့ နဲ့ ဒါဘူးခရိုင်ကြားက အဝေးပြေးလမ်းပိုင်းတစ်ခု မေလ ၁ ရက်နေ့က ရုတ်တရက်ပြိုကျခဲ့တာပါ။
ပြိုကျခဲ့လို့ လူ ၃၀ ထက်မနည်းလည်း ဒဏ်ရာရသွားခဲ့ပေမဲ့ စိုးရိမ်ရတဲ့ အခြေအနေတော့မရှိတော့ဘူးလို့ သိရပါတယ်။
အမြန်လမ်းမြေပြိုတာကြောင့် ကား ၂၃ စင်းလည်း အောက်ကို ပြုတ်ကျသွားခဲ့တာပါ။
မိုးအဆက်အပြတ် အကြီးအကျယ်ရွာသွန်းပြီး ရာသီဥတု ဆိုးရွားမှုကြောင့် အခုလို လမ်းပြိုကျသွားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
………………………………..
အမေရိကန် တက္ကသိုလ်တစ်ခုက အစ္စရေး-ဂါဇာစစ်ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသားများကို ရဲတပ်ဖွဲ့ ဖယ်ရှား

အမေရိကန်ပြည်ထောင်စု Los Angeles ပြည်နယ်က ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ဆန္ဒပြသူတွေ တားဆီးထားတဲ့ အတားအဆီးတွေကို ရဲတပ်ဖွဲ့က မေလ ၂ ရက် စတင်ဖယ်ရှားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုတဝန်း တက္ကသိုလ်ကျောင်းဝန်းတွေထဲမှာ အစ္စရေးစစ်ပွဲ အဆုံးသတ်ရေး ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေတာပါ။
နယူးယောခ့်က ကိုလံဘီယာတက္ကသိုလ်မှာ ဧပြီလ ၁၇ ရက်နေ့ကစလို့ စခန်းချ ဆန္ဒပြခဲ့ကြတာပါ။
အဲဒီကနေစလို့ ရဲတပ်ဖွဲ့တွေက ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့နေခဲ့ကြပါတယ်။
ရဲတွေက မီးတောက်ထွက်တဲ့ အချက်ပြ သေနတ်တွေနဲ့ မိုးပေါ်ထောင်ပစ်ခဲ့ပါတယ်။
နောက်ထပ် ဆန္ဒပြသူတွေရဲ့ ယာယီတဲတွေကိုလည်း ဖယ်ရှားခဲ့ပါသေးတယ်။
ဆန္ဒပြသူ အနည်းဆုံး ၂၀၀၀ လောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းဝန်းထဲမှာ စခန်းချဆန္ဒပြသူတွေကို လူစုမခွဲရင် ဖမ်းဆီးမယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက အော်ဟစ် ခြိမ်းခြောက်ခဲ့ပြီးနောက် ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။
Ref: The Guardian
………………………………..
ကိုလံဘီယာနိုင်ငံက အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်မည်

ဂါဇာဒေသက အစ္စရေး-ဟားမတ်စ်စစ်ပွဲကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေး နဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်သွားမယ်လို့ ကိုလံဘီယာသမ္မတ Gustavo Petro က မေလ ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အစ္စရေးက လူမျိုးတုံးသတ်ဖြတ်မှု နဲ့ ဆက်စပ်နေတယ်လို့ သမ္မတက ပြောကြားလိုက်တာပါ။
တကယ်လို့ ပါလက်စတိုင်းတွေ သေဆုံးခဲ့မယ်ဆိုရင် လူသားမျိုးနွယ် သေဆုံးတာဖြစ်ပြီး ကျနော်တို့အနေနဲ့ ဒါမျိုးကို မထောက်ခံဘူးလို့ ဆိုပါတယ်။
အစ္စရေးဘက်က ကိုလံဘီယာသမ္မတရဲ့ ဆုံးဖြတ်ချက်ဟာ ဟားမတ်စ်တွေကို လက်ဆောင်ပေးလိုက်တာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
Ref: Aljazeera
………………………………..
အသက် ၈၀ အရွယ် Rolling Stones အဖွဲ့ အမေရိကန်တွင် ဖျော်ဖြေပွဲလုပ်

ဗြိတိန်ရော့ခ်ဂီတအဖွဲ့ ဖြစ်တဲ့ Rolling Stones အဖွဲ့က အမေရိကန်ပြည်ထောင်စုထဲ ဖျော်ဖြေပွဲခရီးစဉ်ကို ဧပြီလ ၂၈ ရက်ကနေ စတင်လိုက်ပါတယ်။
ပထမဆုံးဖျော်ဖြေတဲ့ တက္ကဆက်ပြည်နယ် ဟူစတန်မြို့ကို ပရိသတ်တွေ များစွာ ရောက်လာခဲ့ကြတာပါ။
သူတို့အဖွဲ့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က စတင်ဖွဲ့စည်းခဲ့ပါတယ်။
အဆိုတော်ကြီး မစ်ဂျက်ဂါက အသက် ၈၀ ရှိပြီဖြစ်ပြီး အခုထိ ဆိုနိုင် ကနိုင်ဆဲဖြစ်ပြီး စင်မြင့်ပေါ်မှာ ပြေးနိုင်ဆဲ ဖြစ်ပါတယ်။
ဂီတသက်တမ်းအရှည်ဆုံး ရော့ခ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Rolling Stones အဖွဲ့က အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတို့မှာ ဇူလိုင်လအထိ ပွဲပေါင်း ၁၆ ပွဲ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။
Ref: AP
………………………………..
ကာတာလေကြောင်းလိုင်းက ပထမဆုံး AI လေယာဉ်မယ်ကို မိတ်ဆက်

ကာတာလေကြောင်းလိုင်းဟာ ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တုလေယာဉ်မယ်ကို မိတ်ဆက်လိုက်ပါတယ်။
AI စွမ်းအင်သုံး ဒီဂျစ်တယ်လေယာဉ်မယ်ဟာ ခရီးသည်တွေကို အချိန်နဲ့တပြေးညီ စကားပြောဆို ဆက်သွယ်ပေးနိုင်မှာပါ။
ခရီးသည်တွေ မကြာခဏ အမေးများတဲ့ မေးခွန်းတွေနဲ့ ခရီးစဉ်အကြောင်း အချက်အလက်တွေကို ရှင်းပြပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
Sama 2.0 လို့ခေါ်ထားတဲ့ ဒီဂျစ်တယ်လေယာဉ်မယ်ရဲ့ ဝန်ဆောင်မှုကို ကာတာလေကြောင်းလိုင်းရဲ့ ဒီဂျစ်တယ်ပလက်ဖောင်း QVerse နဲ့ မိုဘိုင်းဖုန်း app ကနေ ရယူနိုင်မှာ ဖြစ်ပြီး ဒီအပတ်ထဲ ချပြသွားမယ်လို့ ဆိုပါတယ်။
Ref: TTR Weekly
………………………………..
ကင်ဆာရောဂါကုသနေသော ချာလ်းဘုရင် တော်ဝင်တာဝန် ပြန်လည်ထမ်းဆောင်မည်

ချားလ်စ် ဘုရင်ဟာ ကင်ဆာကုသမှုခံယူမှုမှာ ကျန်းမာရေးသိသိသာသာ တိုးတက်မှုရှိခဲ့တာကြောင့် အခုတစ်ပတ်မှာ လူထုကြား တော်ဝင်တာဝန်တွေ ပြန်လည်စတင်မယ်လို့ ဘက်ကင်ဟန် နန်တော်က ထုတ်ပြန်လိုက်ပါတယ်။
ဒါပေမဲ့ ချားလ်စ်ဘုရင်ရဲ့ တော်ဝင်တာဝန်ဝတ္တရားတွေ အပြည့်အဝ ပြန်လည်တာဝန်ထမ်းဆောင်တာမျိုး မဟုတ်သေးပါဘူး။
သူ့ရဲ့ နွေရာသီ အစီအစဥ်ထဲမှာတော့ နိုင်ငံတော်အဆင့် အလည်အပတ်ခရီးစဥ်လည်း ပါဝင်နေပါတယ်။
ဖေဖော်ဝါရီလကတည်းက ပြုလုပ်နေတဲ့ဘုရင်ကြီးရဲ့ဆေးကုသ ခံယူမှုကတော့ ဆက်ပြီးရှိနေအုံးမှာပါ။
ဘုရင်ကြီးရဲ့ဆေးကုသခံယူနေမှု ဘယ်လောက်ကြာဦးမယ်ဆိုတာ ပြောဖို့ စောလွန်းနေပါသေးတယ်လို့ နန်းတော်ဘက်က ပြောကြားထားပါတယ်။
Ref: CNN
………………………………..
ကမ္ဘောဒီးယားတွင် အပူဒဏ်ကြောင့် စာသင်ကျောင်းများ အတန်းချိန်များ လျော့ချ

ကမ္ဘောဒီးယားနိုင်ငံမှာ အပူလှိုင်းကနေ ဖြစ်ပေါ်လာတဲ့ အပူဒဏ်ကြောင့် မေ ၂ ရက်မှာ စာသင်ကျောင်းတွေရဲ့ အတန်းချိန်တွေကို ၂ နာရီကြာစီ စတင်လျှော့ချလိုက်ပါတယ်။
အစိုးရကျောင်းတွေ အားလုံးဟာ မနက် ၇ နာရီမှ ၁၀ နာရီအထိ အတန်းချိန်ကို သတ်မှတ်မှာဖြစ်ပြီး ကျောင်းဆင်းချိန်ကိုလည်း တစ်နာရီစောပြီး ကျောင်းဆင်းပေးမှာပါ။
နေ့လယ်ခင်း အတန်းချိန်တွေကိုလည်း အချိန် ၁ နာရီ နောက်ဆုတ်ပြီးတော့ မွန်းလွဲပိုင်း ၂ နာရီမှ ညနေ ၅ နာရီအထိ ကျောင်းတက်ချိန် သတ်မှတ်ထားပါတယ်။
ကျောင်းသားတွေက ဘက်ထရီပါဝါသုံး ပန်ကာလေးတွေ စာသင်ခန်းထဲ ယူလာကြပြီး သူတို့တွေကို ရေများများသောက်ဖို့လည်း ကျောင်းတွေကတော့ အကြံပေးထားပါတယ်။
Ref: REUTERS
………………………………..