BREAKING
January 11, 2025

ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၁၀နိုင်ငံစာရင်းတွင် မြန်မာပါဝင်

May 3, 2024

ပုံစာ - ၂၀၂၁ ခုနှစ်က ရန်ကုန်တွင် အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲ၌ သတင်းယူနေသည့် သတင်းသမားတစ်ဦး။ Photo - Reuters

ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်ကြောင်း နယ်စည်းမခြားသတင်းထောက်များ အဖွဲ့ (RSF) ထုတ်ပြန်သည်။

ယနေ့ မေ ၃ရက်တွင် ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် RSF က ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် အထက်ပါအတိုင်း ဖော်ပြခြင်းဖြစ်သည်။

ကမ္ဘာ့နိုင်ငံ ၁၈၀ ၏ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းကို ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံက ၁၇၁ တွင် ရှိနေခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး နိုင်ငံ ၁၀ နိုင်ငံတွင် အီရီထရီးယား၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ အီရန်၊ တာ့ခ်မင်နစ္စတန်၊ ဗီယက်နမ်၊ ဘာရိန်း၊ တရုတ်၊ မြန်မာတို့က အစဉ်အတိုင်း ရှိနေသည်။

သတင်းလွတ်လပ်မှု အရှိဆုံးနိုင်ငံများတွင် နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ ဖင်လန်တို့ အစဉ်အတိုင်း ရှိနေသည်။

မြန်မာနိုင်ငံသည် သတင်းသမားများအတွက် အန္တရာယ်အရှိဆုံး နိုင်ငံထဲတွင် ပါဝင်နေပြီး ၂၀၂၄ ခုနှစ်တွင် သတင်းထောက် တစ်ဦး သတ်ဖြတ်ခံရကာ သတင်းသမား ၅၉ဦးနှင့် သတင်းမီဒီယာလုပ်ငန်းထဲက အလုပ်သမား သုံးဦးတို့ ဖမ်းဆီးခံထားရ ကြောင်း RSF က ဆိုသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ ခမရ ၃၇၈ တပ်ရင်းတွင် သတင်းထောက် ကိုဖိုးသီဟ (ခေါ်) မြတ်သူထွန်း အပါအဝင် အရပ်သား ခုနစ်ဦးတို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် သတ်ဖြတ်မြှုပ်နှံခံခဲ့ရသည်။

သတင်းထောက် သတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးပေးရန် RSF က တောင်းဆိုခဲ့သေးသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် RSF က ထုတ်ပြန်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် မြန်မာနိုင်ငံက ၁၄၀ တွင် ရှိခဲ့သည်။ အာဏာသိမ်းကာလတွင် သတင်းလွတ်လပ်ခွင့် ဆိုးရွားလာပြီး ၂၀၂၂ ခုနှစ်တွင် ၁၇၆ အထိ ရောက်ရှိခဲ့ သည်။

စစ်ကောင်စီက သတင်းသမားများကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေသည်။

အခြားတစ်ဖက်တွင်လည်း ပြီးခဲ့သည့်လအတွင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) တို့က သတင်းမီဒီယာဆိုင်ရာ ထုတ်ပြန်ချက်များ ထုတ်ပြန်လာရာ သတင်းသမားများ၏ လုံခြုံရေးနှင့် သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်လာကြောင်း သတင်းမီဒီယာအဖွဲ့များက တုံ့ပြန်ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မူ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ခြယ် ပိတ်ပင် တားဆီးသည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အခိုင်အမာဆန့်ကျင်သွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။