BREAKING
January 10, 2025

ထားဝယ်ခရိုင်တွင် ဆားအဝယ်မရှိသလောက်နီးပါးဖြစ်နေ

May 3, 2024

ထားဝယ်ခရိုင်တွင် ဆား အဝယ်မရှိသလောက်နီးပါးဖြစ်နေကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။

ဆားကို ချက်ပြုတ်စားသောက်ရာတွင် အသုံးပြုကြသလို ရေလုပ်ငန်း၊ ရေခဲစက်၊ ငပိ၊ ငါးခြောက် စသည့် လုပ်ငန်းအတွက် လည်း အဓိကအသုံးပြုကြပြီး လုပ်ငန်းများတွင် အသုံးပြုရန် ဝယ်ယူမှု မရှိသလောက်ဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။

လုပ်ငန်းများတွင် အသုံးပြုရန် မဝယ်ကြသဖြင့် ဆားများ ရောင်းမထွက်ဘဲ သောင်တင်နေကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောဆိုသည်။

ပြီးခဲ့သည့်နှစ်က ဆားပိဿာချိန် သုံးသောင်းကျော်ထွက်ရှိသော်လည်း နှစ်သောင်းကျော် ကျန်နေသေးသဖြင့် ထုတ်လုပ်မှု စရိတ်၊ အလုပ်သမားစရိတ်များ မကာမိသောကြောင့် လုပ်ငန်းရပ်ဆိုင်းထားကြောင်း သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးရွာက မီးချက်ဆားလုပ်ငန်းလုပ်ကိုင်သူ မမြင့်စန်းက ဆိုသည်။

“အခုကို တစ်သောင်းခွဲလောက် ကျန်နေသေးတယ်။ ခေါင်းရွက်ဖျပ်ထိုးသမားတွေလည်း လာမဝယ်ကြတော့ဘူးလေ။ အခုက တစ်ရွာနဲ့တစ်ရွာ ခေါင်းရွက်ဗျပ်ထိုးလည်း ရောင်းလို့လည်းမရတော့ သူတို့လည်း လာမဝယ်ကြတော့ဘူး။ ဥယျာဉ်ခြံသမားတွေ လောက်ပဲ နည်းနည်းပါးပါးဝယ်ကြတယ်” ဟု ၎င်းက ပြောသည်။

ယခင်နှစ်များက ဆားထွက်ရာသီတွင် လုပ်ငန်းအတွက် အသုံးပြုရန် မှာယူမှု များပြားသောကြောင့် ထားဝယ်ခရိုင်က ထွက်သည့် ဆား မလောက်ငှသဖြင့် မွန်ပြည်နယ် ပငရွာဘက်က ဆားကိုပင် ဝယ်ယူပြီး တစ်ဆင့်ပြန်လည် ဖြန့်ဖြူးရောင်းချ ရကြောင်း ဆားလုပ်ငန်းရှင်အချို့က ဆိုသည်။

ယခုနှစ်တွင် လုပ်ငန်းတွင် သုံးရန် ဆားဝယ်ယူမှုနည်းသွားပြီး ဥယျာဉ်ခြံတွင် ဝယ်သူနှင့် စားသုံးရန်အတွက် ဝယ်ယူသူ တို့ကို သာ အဓိကထား ရောင်းချနေရကြောင်း ထားဝယ်မြို့က (နေလှန်းဆား) ရွှေပြည်သား ဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောဆိုသည်။

“အခုလက်ရှိ ရောင်းရတာ ပိဿာချိန် ၅ သိန်းလောက်ပဲ ရောင်းရသေးတယ်။ ခါတိုင်းနှစ်ဆို ဒီအချိန်လောက်မှာ ဆား ပိဿာချိန် ၁၀ သိန်းလောက် ရောင်းပြီးပြီ။ အခုက လုပ်ငန်းသုံးသမားတွေ လာမဝယ်ကြတော့ဘူး။ ဥယျာဉ်ခြံသမားနဲ့ စားသုံးသူလောက်ပဲ ဝယ်ကြတယ်။ စားသုံးသူက ဘယ်လောက်သုံးနိုင်မှာမို့လို့လဲ” ဟု ၎င်းက ပြောသည်။

မြိတ်ဘက်က လှေလုပ်ငန်းရှင်တစ်ဦးက ရေခူလုပ်ငန်း၊ ငါးဆားထိုးလုပ်ငန်းနှင့် ပါကင်လုပ်ငန်းတို့တွင် ဆားကို အဓိက အသုံးပြုကြကြောင်း ဆိုသည်။

“ရေခူလုပ်ငန်းမှာတော့ ဆားကိုအဓိကထားပြီးတော့ သုံးတယ်။ ဆားနဲ့ စိမ်တာကိုး။ အခုနောက်ပိုင်းကျတော့ ငါးဆားထိုး လုပ်ငန်းတွေက ဒီကာလမှာ နည်းသွားတာပေါ့။ အဓိကတော့ ရေခဲနဲ့ပဲ စိမ်ပြီးပို့ကြတယ်။ အခု ရေခူရာသီကုန်သွားတော့ ဆားသုံးတာ နည်းသွားတာပေါ့” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီးနောက်တွင် ငါးဆားထိုးလုပ်ငန်း၊ ငပိ၊ ငါးခြောက်လုပ်ငန်း၊ ငါးအမှုန့်ကြိတ်လုပ်ငန်းများတွင် ကုန်ကျစရိတ်မြင့်မားကာ အခက်အခဲအမျိုးမျိုးရှိလာပြီး ယခင်ကဲ့သို့ မလည်ပတ်နိုင်တာကြောင်း ၎င်းက ဆိုသည်။

မီးချက်ဆား တစ်ပိဿာလျှင် ၅၀၀ ကျပ်ဈေးရှိပြီး နေလှန်းဆား တစ်ပိဿာလျှင် ကျပ် ၃၀၀ ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယခုနှစ်တွင် ဆားအထွက်ကောင်းသော်လည်း အရောင်းအဝယ် မရှိဖြစ်နေကြောင်း ဆားလုပ်ငန်း လုပ်ကိုင်သူတို့က ဆိုသည်။

နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး ကျပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်လာမှုနှင့် စစ်ပွဲများကြောင့် စီးပွားရေး လုပ်ငန်းများ အကျပ်အတည်း ဆိုက်လာပြီး ဆားအသုံးပြုသည့် လှေလုပ်ငန်း၊ ငပိ၊ ငါးခြောက်လုပ်ငန်းအချို့တွင် ဆားဝယ်ယူမှု နည်းသွား သဖြင့် ရောင်းအားကျဆင်းသွားကြောင်း ၎င်းတို့က ပြောဆိုကြသည်။