BREAKING
December 23, 2024

ရွေးကောက်ပွဲဝင်မယ့် ဒေါ်နယ်ထရမ့်ရဲ့ တရားခွင်ဇာတ်ကြောင်း

May 3, 2024

ကမ္ဘာအနှံ့က သတင်းထောက်တွေ စောင့်ဆိုင်းသတင်းယူနေကြတဲ့ နယူးယောက်မြို့ မန်ဟက်တန်တရားရုံးအရှေ့က ပန်းခြံထဲမှာ လူတစ်ယောက်ဟာ သူ့ကိုယ်သူ မီးရှို့ပစ်လိုက်ပါတယ်။ ဒီနှစ် ဧပြီလ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။

သိပ်မကြာသေးခင်က နယူးယောက်မြို့ရဲ့ အချက်အချာကျတဲ့ တနေရာမှာ လူတစ်ယောက်ဟာ လက်ကမ်းစာရွက်တွေကို လေထဲကို ပစ်ကြဲလိုက်တယ်။ သူဟာ သူ့ဘဝရဲ့ နောက်ဆုံးနေ့ကို ရွေးလိုက်တယ်။

သူ့ကိုယ်သူ မီးမရှို့ခင် ရက်ပိုင်းလောက်အလိုမှာ ဒေါ်နယ်ထရပ်ကို ထောက်ခံတဲ့ သူ့မိတ်ဆွေအဘိုးကြီးတစ်ယောက်နဲ့ ခြံထဲမှာ ဘီယာသောက်ရင်း စကားပြောနေခဲ့တယ်။ သူ့ဂစ်တာကို သူ တီးနေခဲ့တယ်။ သူ မသေခင်မှာ Instagram ပေါ်မှာ နားလည်ရခက်တဲ့ story တစ်ခု တင်ထားတဲ့တယ်။ “I love you”ဆိုတဲ့ ဝါကျကို အကြိမ်ပေါင်းများစွာ ရေးထားတဲ့ story ။

သူ ပစ်မြှောက်လိုက်တဲ့ ရောင်စုံလက်ကမ်းစာရွက်တွေက တစ်ခုမှာ ရေးထားတာက စာအုပ်တစ်အုပ်ရဲ့ နာမည်။

“ကမ္ဘာကြီးရဲ့ သမိုင်းအမှန်”လို့ အဓိပ္ပါယ်ရတဲ့ “The True Story of The World” ဆိုတဲ့စာအုပ်။

မြို့လယ်ခေါင်မှာ လူတစ်ယောက် သူ့ကိုယ်သူ မီးရှို့လိုက်တာကို မြင်ရတော့ လမ်းသွားလမ်းလာတွေ မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်ကုန်တယ်။

တကိုယ်လုံးမီးလောင်ပြီး ကွန်ကရစ်ပေါ်မှာ ခွေခေါက်တွန့်လိမ်နေတဲ့ လူတစ်ယောက်ကို ကြည့်ရင်း လန့်ဖြန့်ကုန်တယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနေရာနားမှာ CNN သတင်းထောက်တစ်ယောက်ကလည်း တိုက်ရိုက်သတင်းတင်ဆက်နေတယ်။

လူတစ်ယောက်ရဲ့ အသွေးအသားတွေ မီးလောင်တဲ့အခါ ထွက်လာတတ်တဲ့ မသတီစရာ ညှော်နံတွေက မလှမ်းမကမ်းမှာ ရှိနေတဲ့ CNN သတင်းထောက်ရဲ့ နှာဝကို ရောက်လာတယ်။

CNN သတင်းထောက်ဟာ အဲဒီအချိန်မှာ အဲဒီနေရာကို ဘာကြောင့် ချိန်သားကိုက်ရောက်နေခဲ့တာပါလဲ။

တကယ်တမ်းမှာတော့ ကမ္ဘာ့အနှံ့က သတင်းထောက်တွေဟာ မန်ဟက်တန်တရားရုံးထဲမှာ အမှုရင်ဆိုင်နေတဲ့ လူတစ်ယောက်အကြောင်းကို သတင်းယူဖို့ အဲဒီနေ့က အဲဒီနေရာနားကို ရောက်နေခဲ့ကြတာပါ။

ဆံပင်ရွှေရောင်နဲ့လူ

တရားရုံးထဲမှာ အမှုရင်ဆိုင်နေရသူကတော့ အသက် ၇၇ နှစ်အရွယ်၊ ဆံပင်ရွှေဝါရောင်နဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ယောက်ပါ။

အဲဒီရွှေဝါရောင်ဆံပင်နဲ့လူဟာ အမေရိကန်နိုင်ငံရဲ့ ၄၅ ယောက်မြောက်သမ္မတဖြစ်ခဲ့တယ်။၂၀၂၀ ရွေးကောက်ပွဲမှာ မဲရှုံးပြီး သူ သမ္မတမဖြစ်လိုက်ရတော့ သူ့ကို ထောက်ခံတဲ့ လူတွေက အမေရိကန်ပြည်ထောင်စုရဲ့ အထင်ကရဖြစ်တဲ့ The Capitol အဆောက်အအုံကို ဝင်စီးကြတယ်။

ကမ္ဘာ့ဒီမိုကရေစီရှေ့ဆောင်နိုင်ငံကြီးမှာ ဒီမိုကရေစီဟာ ခြိမ်းခြောက်ခံနေရပြီလားဆိုတဲ့ မေးခွန်းတွေ ပွက်လောရိုက်သွားစေခဲ့တဲ့ ဖြစ်ရပ်ပါပဲ။

သူဟာ အမေရိကန်သမိုင်းရဲ့ အငြင်းပွားစရာအကောင်းဆုံး သမ္မတတွေထဲက တစ်ယောက်။ သူ့နာမည်က ဒေါ်နယ်ထရမ့်။

လာမယ့် နိုဝင်ဘာလ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒုတိယအကြိမ် ဝင်အရွေးခံမယ့် ဒိတ်ဒိတ်ကြဲ အိမ်ခြံမြေစီးပွားရေးသမား။

မကြာခင် ရောက်လာတော့မယ့် ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဝင်အရွေးခံမယ့် သမ္မတဟောင်းတစ်ယောက်က မဲဆွယ်စည်းရုံးရေးကမ်ပိန်းဆင်းနေရမယ့်အစား တရားရုံးမှာ ဘာကြောင့် အမှုစစ်ခံနေရပါသလဲ။

ထရမ့်ဘာကြောင့် အမှုရင်ဆိုင်နေရသလဲ

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်က ကိစ္စတစ်ခုကြောင့် စွဲချက်တင်ခံရပြီး နယူးယောက်မြို့ မန်ဟက်တန်တရားရုံးမှာ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင်က သူနဲ့ တိတ်တိတ်ပုန်း ငြိစွန်းခဲ့တဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ ဇာတ်လမ်း မပေါက်ကြားလာစေဖို့အတွက် ကာယကံရှင်အမျိုးသမီးနှစ်ယောက်ကို နှုတ်ပိတ်ခပေးခဲ့တဲ့အမှုအတွက် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခုလို့ ဆိုရပါမယ်။ အမေရိကန်သမ္မတဟောင်းတစ်ယောက်က ဒီလိုမျိုး ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရတယ်ဆိုတာမျိုး သမိုင်းမှာ မရှိခဲ့တဲ့အတွက် ဖြစ်ပါတယ်။

ဒီအမှုဟာ လိင်အညှီနံ တထောင်းထောင်းထွက်နေတဲ့ ရှက်ရွံစရာ ရာဇဝတ်မှုတစ်ခုလည်း ဖြစ်ပါတယ်။

ထရပ်နဲ့ တိတ်တိတ်ပုန်းငြိစွန်းခဲ့တဲ့ အမြှောင်မယားဆိုသူ ကာယကံရှင်အမျိုးသမီးနှစ်ယောက်မှာ တစ်ယောက်က ညစ်ညမ်းရုပ်ရှင် သရုပ်ဆောင်ဟောင်းတစ်ယောက်လည်း ဖြစ်နေပါတယ်။ နောက်အမျိုးသမီးတစ်ဦးကတော့ လိင်အသားပေး Playboy မဂ္ဂဇင်းရဲ့ အဖော်အချွတ်မော်ဒယ်ဟောင်းတစ်ယောက်ပါ။

ထရမ့်ကတော့ သူ့အပေါ် စွဲချက်တင်ထားတဲ့ပြစ်မှုအားလုံးကို ငြင်းဆန်ထားပါတယ်။ ထရမ့် လက်ရှိရင်ဆိုင်နေရတဲ့ တရားခွင်ဟာ ၂၁ ရာစု အမေရိကန်ပြည်ထောင်စုရဲ့ အကျော်ကြားဆုံး တရားခွင် ဖြစ်သွားနိုင်ပါတယ်။

ထရမ့်ဟာ နောက်ထပ်ရာဇဝတ်မှုသုံးခုနဲ့ စွဲချက်တင်ခံထားရပါတယ်။ ပထမအမှုကတော့သမ္မတသက်တမ်းကုန်ဆုံးချိန်မှာ အမျိုးသားကာကွယ်ရေးဆိုင်ရာစာရွက်စာတမ်းတွေကို သူ့ရဲ့ နေအိမ်ကို ယူဆောင်လာခဲ့ပြီး အစိုးရကို ပြန်လည်အပ်နှံဖို့ ငြင်းဆန်ခဲ့တဲ့ အမှုပဲဖြစ်ပါတယ်။

ဒုတိယအမှုကတော့ သမ္မတဟောင်း ထရမ့်နဲ့ သူ့ဘက်တော်သားတွေဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ စွက်ဖက်နှောင့်ယှက်ခဲ့ကြတယ်ဆိုပြီး စွဲချက်တင်ထားတဲ့ အမှုဖြစ်ပါတယ်။

ဥပဒေပြဌာန်းသူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တရားဝင်အသိအမှတ်ပြုရာမှာ နှောင့်နှေးကြန့်ကြာအောင် အကြမ်းဖက်မှုကို အသုံးချပြီး The Capitol အဆောက်အအုံမှာ ပရမ်းပတာအခြေအနေတွေ ဖန်တီးဖို့ ထရမ့်နဲ့ အတူ လျှို့ဝှက်ပူးပေါင်းကြံစည်သူတစ်ယောက်က အတူတကွကြိုးစားခဲ့ကြတယ်လို့ စွဲချက်တင်ထားတဲ့အမှုဖြစ်ပါတယ်။

နောက်ဆုံးအမှုကတော့ ထရမ့်နဲ့ အခြားလူပုဂ္ဂိုလ် ၁၈ ယောက်တို့ဟာ ထရမ့် ရှုံးနိမ့်ခဲ့ရတဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ချေဖျက်ဖို့ အတူပူးပေါင်းလျှို့ဝှက်ကြံစည်ခဲ့ကြတယ်ဆိုပြီး စွဲချက်တင်ထားတဲ့အမှုပဲ ဖြစ်ပါတယ်။

ဒီစွဲချက်တင်ထားတဲ့အမှုအားလုံးဟာ အင်မတန်ရှုပ်ထွေးပြီး အချိန်ယူတည်ဆောက်ထားရတဲ့အမှုတွေချည်းပဲ ဖြစ်ပါတယ်။

ထရမ့်လက်ရှိရင်ဆိုင်နေရတဲ့ နှုတ်ပိတ်ခအမှုရဲ့ ပုံကြမ်း

၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ထရမ့် ဝင်အရွေးမခံခင်တုန်းက ထရမ့်နဲ့ တိတ်တိတ်ပုန်း ငြိစွန်းဖောက်ပြားခဲ့ကြတဲ့ အမျိုးသမီးနှစ်ယောက်စလုံးကို ထရမ့်ဘက်က နှုတ်ပိတ်ခဲ့တယ်လို့ စွဲချက်တင်ထားတာပါ။

ဒီလို တိတ်တိတ်ပုန်းဇာတ်လမ်းတွေကို လူသိရှင်ကြား ဖြစ်မလာဖို့အတွက် ကာယကံရှင်အမျိုးသမီးနှစ်ယောက်စလုံးကို ဒေါ်လာသိန်းနဲ့ချီပြီး ထရမ့်ဘက်က နှုတ်ပိတ်ခ ပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ပထမအမျိုးသမီးရဲ့ နာမည်ကတော့ Karen McDougal ဖြစ်ပါတယ်။ သူမဟာ Playboy မဂ္ဂဇင်းရဲ့ အဖော်အချွတ်မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ကြောင်းကို ပြောပြပေးဖို့ အဝါရောင်မီဒီယာတစ်ခုဖြစ်တဲ့ National Enquirer သတင်းစာရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ American Media Inc ကနေ သူမကို ဒေါ်လာ ၁၅၀,၀၀၀ ပေးခဲ့ပါတယ်။

သူမနဲ့ ထရမ့်ရဲ့ ဇာတ်လမ်းကို အခြားမီဒီယာတွေမှာ ထုတ်ဖော်ပြောကြားတာမျိုးမလုပ်ဘဲ American Media Inc ကိုပဲ ပြောပြဖို့ သူမရဲ့ ဇာတ်လမ်းကို ဝယ်ယူခဲ့တဲ့သဘော ဖြစ်ပါတယ်။ AMI က ဒီဇာတ်လမ်းကို တခါမှ မဖော်ပြခဲ့ပါဘူး။ Karen McDougal အနေနဲ့လည်း အခြားမီဒီယာတွေမှာ ထုတ်ပြောခွင့် မရတော့ပါဘူး။

ဒီလို ဖြစ်ရပ်မျိုးတွေကို စာနယ်ဇင်းလောကမှာတော့ catch and kill” လို့ ခေါ်ပါတယ်။ လှုပ်မရအောင် တခါတည်း ဆွဲစိထားလိုက်တဲ့ သဘောပေါ့။

ဒေါ်နယ်ထရမ့် ပိုင်ဆိုင်တဲ့ Trump Tower ရဲ့ တံခါးဝဧည့်ကြိုဟောင်းတစ်ယောက်ကလည်း ထရပ်အပေါ် စွပ်စွဲထားတာရှိပါသေးတယ်။ ထရမ့်မှာ လူသိမခံဝံ့တဲ့ တိတ်တိတ်ပုန်း သားတစ်ယောက်ရှိတယ်လို့ စွပ်စွဲခဲ့တာပါ။ ထရမ့်အပေါ် သူ့ရဲ့စွပ်စွဲချက်တွေကို နှုတ်ပိတ်ဖို့အတွက် AMI က အဆိုပါအမျိုးသားကို နှုတ်ပိတ်ခပေးခဲ့ပါတယ်။

ဒီစွပ်စွဲချက်ကိုတော့ ဘယ်သတင်းမီဒီယာစာမျက်နှာကမှ အတည်ပြုဖော်ပြပေးနိုင်တာမျိုး မရှိခဲ့ပါဘူး။ AMI ရဲ့ CEO လည်း ဖြစ် ၊ ထရမ့်ရဲ့ မိတ်ဆွေတစ်ယောက်လည်း ဖြစ်တဲ့ David Pecker က ဒီလို နှုတ်ပိတ်ခပေးတဲ့ကိစ္စကို ထရပ့်ကိုယ်စား ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

ထရမ့်က နှုတ်ပိတ်ခပေးခဲ့တယ်လို့ စွပ်စွဲထားတဲ့ ဒုတိယအမျိုးသမီးတစ်ဦးကတော့ ညစ်ညမ်းရုပ်ရှင် သရုပ်ဆောင်မင်းသမီး Stormy Danielsဖြစ်ပါတယ်။ သူမရဲ့ နာမည်အရင်းက Stephanie Clifford လို့ ခေါ်ပါတယ်။ ထရပ်ရဲ့ ဥပဒေဘောင်ပြင်ပ ပွဲစားအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ Michael Cohen က Daniels ကို ဒေါ်လာ ၁၃၀,၀၀၀ ပေးခဲ့ပါတယ်။

သူမနဲ့ ထရမ့်နဲ့အကြားတိတ်တိတ်ပုန်း ဇာတ်လမ်းတွေ ရှိခဲ့တယ်လို့ Daniels က ပြောပါတယ်။ ဒါကို သူမဘက်က တိုင်းသိပြည်သိမဖွင့်ချဖို့အတွက် Cohen က Daniels ကို နှုတ်ပိတ်ခ ဒေါ်လာ ၁၃၀,၀၀၀ ပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ရွေးကောက်ပွဲမစခင် Daniels ကို နှုတ်ပိတ်ခအပြီးပေးနိုင်ဖို့အတွက် Michael Cohen က သူကိုယ်တိုင် အကြွေးတင်ခံလိုက်ရပါတယ်။ ၂၀၁၆ ရွေးကောက်ပွဲအပြီးမှာ Trump Company က Cohen ကို နှုတ်ပိတ်ခအတွက် သူစိုက်ထုတ်ထားတဲ့ငွေတွေ ပြန်ပေးခဲ့ပါတယ်။

ဒီဇာတ်လမ်းတွေ ဘယ်လိုပေါက်ကြားလာသလဲ

ဒီကိစ္စတွေကို ပထမဆုံး ဖော်ကောင်လုပ်လိုက်သူကတော့ The Wall Street Journal ပါ။ ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင်မှာ Daniels က သူမနဲ့ ထရပ်ရဲ့ ဇာတ်လမ်းကို လူသိရှင်ကြားဖွင့်ချဖို့အတွက် The Wall Street Journal နဲ့ ပြောဆိုညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal ကနေ ဖော်ကောင်လုပ်လိုက်ပါတယ်။

မန်ဟက်တန်ခရိုင်အစိုးရရှေ့နေ Alvin Bragg က ထရပ်ကို တရားရုံးမှာ စွဲချက်တင်စစ်ဆေးမယ်လို့ ၂၀၂၃ ဧပြီလမှာ ကြေညာခဲ့ပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရပ်ဟာ ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ ဥပဒေနဲ့မညီတဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တာတချို့ကို အမေရိကန်မဲဆန္ဒရှင်ပြည်သူတွေဆီကနေ ထိန်ချန်ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက်နဲ့ နယူးယောက်စီးပွားရေးစာရင်းဇယားမှတ်တမ်းတွေကို မမှန်မကန်ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရုံးတင်စစ်ဆေးမယ်လို့ ပြောခဲ့တာပါ။

ဒေါ်နယ်ထရမ့်ဟာ စီးပွားရေးစာရင်းဇယား‌တွေ မမှန်မကန်ပြုလုပ်မှုပေါင်း ၃၄ မှုနဲ့ စွဲချက်တင်ခံထားရပါတယ်။ ထရမ့်ဟာ အမေရိကန်တရားရေးစနစ်မှာ ကြီးပေ့ဆိုတဲ့ ပြစ်မှုကြီးနဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

နယူးယောက်ပြည်နယ်မှာတော့ ဒါဟာ ပြစ်ဒဏ်အနိမ့်ဆုံးအမျိုးအစား ရာဇဝတ်မှုတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ ထရမ့်ဟာ တရားရုံးမှာ ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရင် တရားသူကြီးတွေက သူ့ကို ခံဝန်ချုပ်နဲ့ လွှတ်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ပြည်နယ်တရားရုံးတစ်ခုစီမှာ အမှုတစ်ခုစီအတွက် ထောင်ဒဏ်အများဆုံး လေးနှစ်အထိ ကျခံနိုင်ပါတယ်။

ကမ္ဘာပေါ်မှာ လူစိတ်ဝင်စားမှုအခံရဆုံး ရွေးကောက်ပွဲဟာ အမေရိကန်ရွေးကောက်ဖြစ်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာမှာ စူပါပါဝါ ထိပ်သီးနိုင်ငံကြီးတစ်ခု ဖြစ်တဲ့အတွက် အမေရိကန်သမ္မတရွေးကောက်ပွဲကို တကမ္ဘာလုံးက စိတ်ဝင်စားကြပါတယ်။

အသစ်တက်လာမယ့် သမ္မတသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေက ကမ္ဘာပေါ်မှာ လွှမ်းမိုးရိုက်ခတ်မှု ကြီးပါတယ်။ဒါပေမယ့် အခု လာမယ့် ၂၀၂၄ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ဒုတိယအကြိမ် ဝင်အရွေးခံမယ့် သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ တရားရုံးမှာ အမှုရင်ဆိုင်နေရပြီး ဒီအမှုကနေ အမေရိကန်ရွေးကောက်ပွဲအထိ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဧပြီလ ၁၉ ရက် တရားရုံးရှေ့ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြခဲ့တဲ့ အမေရိကန်ပြည်သူကတော့ သူ ဒီလိုမီးမရှို့ခင် တစ်ရက်အလိုမှာ မန်ဟက်တန်တရားရုံးရှေ့ကို သူ ရောက်လာခဲ့ပြီး တကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။

အဲဒီနေ့က သူ ကိုင်မြှောက်ထားတဲ့ ဆိုင်းဘုတ်မှာ ရေးထားတဲ့စာသားက

“ထရပ်နဲ့ ဘိုင်ဒန်က အတူတူပဲ။ သူတို့က ငါတို့ကို ဖက်ဆစ်အာဏာသိမ်း သိမ်းတော့မှာ”

ဒါဟာ လက်ရှိအမေရိကန်နိုင်ငံရေးစနစ်အပေါ် သူ့ အမြင်ကို တနည်းတဖုံဖော်ပြနေတဲ့ စာသားပါပဲ။

အဲဒီနေ့ညမှာပဲ သူ သေဆုံးသွားခဲ့ပါတယ်။ သူ့ကျောက်ကပ်တစုံကို အများပြည်သူအတွက် လှူဒါန်းသွားခဲ့ပါတယ်။

Ref: AP, CNN, Al Jazeera

ဈာန်ဟိန်း