BREAKING
December 24, 2024

ဂါဇာစစ်ဆန့်ကျင်ရေးလှုပ်ရှားသော အမေရိကန်တက္ကသိုလ်ကျောင်းသားများ ဖြိုခွဲခံနေရ

May 3, 2024

Photo - AP

အစ္စရေး-ဟားမတ်စ် စစ်ပွဲရပ်တန့်ရေး စခန်းချဆန္ဒပြနေကြသော အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ကျောင်းသား တက်ကြွလှုပ်ရှားသူများကို ရဲတပ်ဖွဲ့က ဖြိုခွင်းဖမ်းဆီးမှုများ ဧပြီလနှင့် မေလအစောပိုင်းများအထိ ဆက်တိုက်လှုပ်ဆောင် နေသည်။

အစ္စရေးနှင့် စီးပွားရေးလုပ်ဆောင်နေသော အမေရိကန်တက္ကသိုလ်များ၊ ကုမ္ပဏီများ ချက်ချင်း ရပ်တန့်ပေးရန် ပါလက်စတိုင်း ထောက်ခံအားပေးသည့် အမေရိကန် တက္ကသိုလ်ကျောင်းသားများက တောင်းဆိုနေကြရာမှ နိုင်ငံတဝန်းဆန္ဒပြမှုများ ဆက်တိုက်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

နယူးယောက်ပြည်နယ်က ကိုလံဘီယာတက္ကသိုလ်ကျောင်းဝင်းအတွင်း ပြီးခဲ့သော ဧပြီလ ၁၇ ရက်နေ့မှစ၍ စာကြည့်တိုက်ရှေ့တွင် စခန်းချဆန္ဒပြမှု စတင်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတဝန်း မြို့များရှိ ကျောင်းဝင်းများတွင် ဆန္ဒပြမှုများ ဆက်တိုက်တိုးပွားလာခဲ့ကြသည်။

ရဲတပ်ဖွဲ့များက ကိုလံဘီယာတက္ကသိုလ်ဟောခန်းအထဲထိ ညဘက်အချိန် ပြတင်းပေါက်များကတစ်ဆင့် လှေကားများသုံး၍ ဝင်ရောက်ဖြိုခွင်းခဲ့ပြီး ကျောင်းသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုလံဘီယာ တက္ကသိုလ်ကဲ့သို့ပင် လော့်စ်အိန်ဂျလိန်ပြည်နယ်က ကယ်လီဖိုးနီးယားတက္ကသိုလ်တွင်လည်း ဧပြီလ ၂၅ ရက် မှစ၍ ကျောင်းဝင်းအတွင်း စခန်းချ ဆန္ဒပြမှုများ စတင်ခဲ့ကြသည်။

ဧပြီလ ၃၀ ရက် ညဘက်တွင် အစ္စရေးထောက်ခံသော ဆန္ဒပြသူများက ပါလက်စတိုင်း ထောက်ခံအားပေးသော ကျောင်းသားများနှင့် သုံးနာရီခန့်အထိ ထိတွေ့မှုရှိခဲ့ကြသဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက်ဖျန်ဖြေပေးခဲ့သည်။

မေလ ၂ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို စတင်ဖြိုခွင်းခဲ့ပြီး လူစုခွဲရန် အမိန့်ပေးခဲ့သဖြင့် အချင်းချင်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြသည်။

ရဲတပ်ဖွဲ့က သေနတ်များ မိုးပေါ်ထောင်ဖောက်ခဲ့ပြီး စခန်းချတဲများကိုလည်း ဖယ်ရှားခဲ့ကာ ကျောင်းသား ၁၃၀ ခန့်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ယင်းဖမ်းဆီးမှုများအပြင် ဧပြီလအတွင်း Texas တက္ကသိုလ်၊ အီမာစန်ကောလိပ်၊ ဝါရှင်တန်တက္ကသိုလ်နှင့် North Eastern တက္ကသိုလ်၊ မြောက်ကယ်လိုလိုင်းနားတက္ကသိုလ်က ကျောင်းသား ရာပေါင်းများစွာလည်း ဖမ်းဆီးခံခဲ့ရသေးသည်။

ဧပြီလ ၁၈ ရက်နေ့မှစ၍ ရဲတပ်ဖွဲ့က အနည်းဆုံး ၃၈ ကြိမ်အထိ ဖမ်းဆီးမှုလုပ်ဆောင်ခဲ့ကြောင်း AP သတင်းဌာန၏ ရေတွက်မှုအရ သိရသည်။

တက္ကသိုလ်နှင့် ကောလိပ်ကျောင်းဝင်း ၄၀ ကျော်က ဆန္ဒပြသူ အနည်းဆုံး ၂၀၀၀ ခန့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဖော်ပြထားသည်။

Ref: The Guardian,AP