ဧပြီလဆန်းပိုင်းကစပြီး ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားပုံမှန် မရရှိသောကြောင့် ထားဝယ်အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်ထုတ်လုပ်မှုမှာ ပုံမှန်ထက်လျော့ကျနေကြောင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေး -ထားဝယ်အဖွဲ့ထံမှ သိရသည်။
လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိနေသည့် အခြေအနေတွင် အာယုဒါနအဖွဲ့ရှိ စက်ကြီးတစ်လုံး၏ တစ်ရက်လျှင် အောက်ဆီဂျင် ထုတ်လုပ်မှုနှုန်းမှာ ၄၀ လီတာအိုးကြီး အလုံး ၂၀ ထက်မနည်း ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
ဓာတ်အား ပုံမှန်မရရှိတော့သည့် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကစပြီး တစ်ရက် ထုတ်လုပ်မှုနှုန်းမှာ ၄၀ လီတာ အိုးကြီး ၅လုံး ခန့်သာ ထုတ်လုပ်ပေးနိုင်တော့ကြောင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးအဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“မီးလာတုန်းပဲ ရသလောက်ထုတ်ပြီး ပေးနေရတယ်။ လျှပ်စစ်အပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့ ဆိုလာနဲ့ တွဲသုံးတယ် ဆိုတာက လျှစ်စစ်သုံးစွဲခ သက်အောင်၊ ပုံမှန်မှာဆို ယူနစ် ၂၀၀၀၀ လောက်ကျတယ်။ တစ်လကို ဆိုလာနဲ့တွဲသုံးတော့ ယူနစ် တစ်သောင်းလောက်ပဲ ရှိတော့တယ်။ ဆိုလာ ချည်းသုံးမယ်ဆိုလည်း ဘတ္ထရီက မခံဘူး။ အဲဒီတော့ မီးလာမှပဲ ထုတ်ရတော့ တယ်” ဟု ၎င်းက ပြောဆိုသည်။
ရရှိသမျှ အောက်ဆီဂျင်ဘူးများကို မူလက ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများနှင့် အိမ်တွင်း လူနာများကိုပါ ဖြန့်ဖြူးပေးနေရာမှ ယခု ပြည်သူ့ဆေးရုံများနှင့် အရေးပေါ်လူနာများအတွက်သာ ဦးစားပေး လှူဒါန်းနေရကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
နေအိမ်တွင်ရှိနေသည့် လူနာတစ်ဦးအတွက်လည်း ပုံမှန်အောက်ဆီဂျင် တစ်ရက်နှစ်လုံး အသုံးပြုနေရသူဆိုလျှင် ယခု တစ်လုံးသာ ပေးနိုင်တော့ကြောင်း အထက်ပါအဖွဲ့ထံမှသိရသည်။
ထားဝယ်မြို့ အခြေစိုက်အရေးပေါ်လူမှုကူညီရေးအသင်း မှ တာဝန်ရှိသူ တစ်ဦးက “အရင်ကဆို ကျွန်တော်တို့ အခုထည့်အခုရတယ်။ အခုက အိုးထားခဲ့ရတယ်၊ နောက်ဖုန်းဆက်မှ ပြန်သွားယူရတယ်။ ချက်ချင်း မရတော့ဘူး” ဟု ပြောသည်။
ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းဖြစ်သည့် Petrol & Trans ကုမ္ပဏီကမူ လျှစ်စစ်ဓာတ်အား ဖြန့်ဖြူးပေး သည့် အင်ဂျင်အချို့မှာ စက်ပိုင်းဆိုင်ရာချို့ယွင်းနေသဖြင့် ပြင်ဆင်နေစဉ်ကာလအတွင်း ထားဝယ်ခရိုင်အတွင်း လျှစ်စစ်ဓာတ်အားကို အလှည့်ကျ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။
သို့သော် လျှစ်စစ်သုံးစွဲသူ ပြည်သူများကြားတွင်မူ ယင်းကြေညာချက်အတိုင်း လျှစ်စစ်ဓာတ်အား မရသဖြင့် ဝေဖန်မှုများစွာ ရှိနေသည်။