BREAKING
October 19, 2024

မဲဆောက်တွင် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၇၀ ကျော် ဖမ်းဆီးခံရ

May 3, 2024

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်ဒေသတွင် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၇၄ ဦးကို ယမန်နေ့ (မေ ၂) တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများသည် တရားမဝင် နယ်စပ်ဖြတ်ကျော်လာပြီး ဖို့ဖရာ့ဒေသရှိ တောထဲတွင် ပုန်းခိုနေကြကြောင်း သတင်းပေးတိုင်ကြားသူရှိသဖြင့် ရဲတပ်ဖွဲ့များက သွားရောက်စစ်ဆေးခဲ့စဉ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၅၅ ဦးဖြစ်ပြီး လမ်းပြလာသော လူ ၄ ဦးခန့်က နယ်မြေကျွမ်းကျင်မှုအရ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံသား အားလုံးတွင် နယ်စပ်ဖြတ်ကျော်လက်မှတ်များ မတွေ့ရကြောင်းနှင့် အားလုံးသည် ဘန်ကောက်နှင့် အခြားခရိုင်များတွင် အလုပ်လုပ်ကိုင်ရန် ပွဲစားများကို ဘတ် ၂၅၀၀၀ မှ ၃၀၀၀၀ အထိ ပေးချေ၍ ဝင်ရောက်လာခဲ့ကြကြောင်း ဝန်ခံထားသည်။

လက်ရှိ မြန်မာပြည်တွင်းအခြေအနေများအရ အလုပ်အကိုင်ရှားပါးသဖြင့် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။

ယင်းနေ့တွင်ပင် တာခ့်မြို့အနီးရှိ ဘန်းတာခ့်ဒေသရှိ တောထဲတွင် ပုန်းနေသော တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၈ နှစ်အရွယ် ကလေးငယ်အပါအဝင် မြန်မာနိုင်ငံသား ၁၉ ဦး ဖမ်းဆီးခံရသေးသည်။

ဖမ်းဆီးခံရသူအားလုံးကို သက်ဆိုင်ရာနယ်မြေရဲစခန်းများဖြစ်ကြသော ဖို့ဖရာ့ရဲစခန်းနှင့် ဘန်းတာခ့်ရဲစခန်းများသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Ref: Matichon Online, AEC News