စက်ချို့ယွင်းနေသဖြင့် လျှပ်စစ်ဓာတ်အားမလုံလောက်သည့်အတွက် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးမည်ဟု ကုမ္ပဏီက အချိန်ဇယားထုတ်ပြန်ထားသော်လည်း သတ်မှတ်အချိန်တိုင်း ဓာတ်အားမပေးနိုင်သဖြင့် လျှပ်စစ်ကုမ္ပဏီမှာ ဝေဖန်ခံနေရသည်။
ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီ Petrol & Trans သည် ဓာတ်အားအလှည့်ကျပေးမည့်အချိန်ဇယားကို နှစ်ကြိမ်တိတိ ပြင်ဆင်ထုတ်ပြန်ခဲ့သည်။
ပထမအကြိမ်တွင် အုပ်စု A နှင့် အုပ်စု B ဟု နှစ်အုပ်စုခွဲပြီး အုပ်စုတစ်အား ၆ နာရီအကြာ ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
သို့သော် ကြေညာထားသည့်အတိုင်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်းမရှိပေ။
ယင်းနောက် ဒုတိယအကြိမ် အလှည့်ကျဓာတ်အားပေးမည့်ဇယားကို ထပ်မံထုတ်ပြန်လာပြန်သည်။
ဒုတိယအကြိမ်တွင်မူ A၊ B၊ C ဟု အုပ်စု သုံးစုခွဲလိုက်ပြီး တစ်အုပ်စုလျှင် ၄ နာရီအကြာ ဖြန့်ဖြူးပေးမည်ဟု ပြင်ဆင်လိုက်သည်။
သို့သော်လည်း ထိုပြင်ဆင်သည့်အတိုင်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်းမရှိပြန်ကြောင်း ဒေသခံတို့ကဆိုသည်။
တစ်ချို့နေရာတွင် လျှပ်စစ်ဓာတ်အား သတ်မှတ်ချိန် ၄ နာရီထက်ကျော်လွန်ရရှိနေသော်လည်း အများစုတွင်မူ သတ်မှတ်သည့်အချိန် ၄ နာရီပင်မရကြကြောင်း ဒေသခံတို့ကဆိုသည်။
“မီးက သူတို့ပေးချင်တဲ့အချိန်ပေးတာ။ ဇယားထဲကအတိုင်းမဟုတ်ဘူး။ လာချင်တဲ့အချိန်လာတယ်။ သေချင်ရင်ထသေတယ်။ ကျွန်မတို့က ဇယားကိုကြည့်ပြီး မီးလာမယ့်အချိန်ကို မျှော်မနေတော့ဘူး။ လုပ်စရာရှိရင် မီးစက်နှိုးလိုက်တာပဲ နားအေးတယ်” ဟု ထားဝယ်မြို့ခံ ဖုန်းပြုပြင်ဆိုင်တစ်ခုမှ အရောင်းဝန်ထမ်းတစ်ဦးကဆိုသည်။
သတ်မှတ်အချိန်အတိုင်း လျှပ်စစ်အားအချိန်ပြည့်မပေးနိုင်ခြင်း၊ အချိန်မမှန်ခြင်းတို့ကြောင့် မြို့ခံများမှာ သုံရေးအခက်အခဲ၊ အလုပ်အကိုင်အခက်အခဲ၊ အင်တာနက်ဖုန်းလိုင်းအခက်အခဲ၊ ရာသီဥတုပူအိုက်မှု စသည့်မျိုးစုံသောအခက်အခဲတို့ဖြင့် ရင်ဆိုင်နေကြရကြောင်း ပြောဆိုကြသည်။
“အဲယာကွန်းမဖွင့်နိုင်လို့ ပူကပူရတဲ့ကြားထဲမှာ မီးမရှိတော့ ပိုက်ဆံတွေကို လက်နဲရေတွက်နေရတယ်။ မီးမရှိတော့ စက်တွေသုံးမရဘူးလေ” ဟု ပုဂ္ဂိက ဘဏ်ဝန်ထမ်းတစ်ဦးကဆိုသည်။
အချို့မြို့ခံများမှာ ဖုန်းအားသွင်းစရာမရှိတော့သဖြင့် မီးလာသည့်အိမ်များနှင့် ကိုယ်ပိုင်မီးစက်ရှိသူတို့ထံတွင် ဖုန်းအားလိုက်သွင်းနေကြရသည်။
“တစ်ခါတလေဆို ရေတောင်မချိုးရတာရှိတယ်။ ည ၉ နာရီမှချိုးရတာလည်းရှိတယ်” ဟုထားဝယ်မြို့ခံ လူငယ်တစ်ဦးကဆိုသည်။
ထားဝယ်မြို့ထဲတွင်လည်း ကိုယ်ပိုင်မီးစက်သံများဖြင့် ဆူညံနေကြောင်း ၎င်းကဆိုသည်။
“ကိုယ်ထုတ်ထားတဲ့ စည်းကမ်းအတိုင်းတောင် မလုပ်ပေးနိုင်တာက တာဝန်ယူမှုမရှိဘူး ကုမ္ပဏီက” ဟု ၎င်းကဝေဖန်သည်။
လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာ မကြာခဏပြတ်တောက်နေသဖြင့် ပါဝါဘဏ်(Power Bank) အားသွင်းမီးသီး၊ အားသွင်းပန်ကာ၊ ဆိုလာနှင့် အင်ဗာတာအသေးစား၊ ကားဘက်ထရီအိုး စသည့်လျှပ်စစ်ပစ္စည်းများမှာ ထားဝယ်မြို့တွင် ဝယ်ယူရခက်ခဲသည်အထိ ပစ္စည်းပြတ်လပ်နေကြောင်းလည်း မြို့ခံတို့ကဆိုသည်။