တနင်္သာရီ-ဘုတ်ပြင်းမြို့နယ် အစပ်ရှိ 1020 (ဝမ်းဇီးရိုးတူးဇီးရိုး)တောင်တွင် စစ်ကောင်စီတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်တို့ ဧပြီလ ၃၀ ရက်မှစတင်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
ယနေ့ (မေ ၃)မနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲဆက်ဖြစ်နေပြီး မနေ့က မွန်းလွဲပိုင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းပေါ်ရှိ ဝမ်းဇီးရိုးတူးဇီးရိုးတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို Black Cobra စစ်ကြောင်းက တိုက်ခိုက်နေခြင်းဖြစ်သည်။
Black Cobra စစ်ကြောင်းတွင် KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်) တပ်ရင်း ၁၁၊ KTLA (ကော်သူးလေတပ်) နှင့် PDF တပ်ဖွဲ့ဝင်များပါဝင်သည်။
ဘုတ်ပြင်းမြို့နယ်မှ ဝမ်းဇီးရိုးတူးဇီးရိုးတောင်တိုက်ပွဲကို စစ်ကူလာသည့် စစ်ကောင်စီတပ်ကို လမ်းဖိုးကမ်းရွာအနီးတွင် Black Cobra စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ရရှိခဲ့သည်ဟု အဆိုပါ စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
“လက်ရှိအချိန်ထိတော့ ကျွန်တော်တို့ ဒီဝမ်းဇီးရိုးတူးဇီးရိုးတိုက်နေတဲ့ လူတွေရော Black Cobra စစ်ကြောင်းမှာရော ထိခိုက်မှုမရှိဘူး၊ ရန်သူဘက်ကတော့ ထိခိုက်မှုရှိတယ်လို့ကြားသိရတယ်၊ သူတို့မှာလူနာတွေလည်းရှိတယ်၊ ပို့ရမယ့်လူနာတွေကိုလည်း ကျွန်တော်တို့က သွားလို့မရအောင်လုပ်ထားတယ်” ၎င်းက ဆိုသည်။
နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြိတ်-ထားဝယ်အတက်အဆင်းကားများ တနင်္သာရီမြို့နယ်၊ချောင်းလမုရွာနှင့် ဘုတ်ပြင်းမြို့နယ်၊ အေးသာယာရွာကဘက်တွင် ပိတ်မိနေပြီး ဒေသခံများ ထိခိုက်မှုမကြားရသေးဟု ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းမြစ်တချို့က ပြောသည်။
“ခရီးသွားကားတွေပိတ်မိနေတာတော့ သုံးလေးရက်ရှိပြီ၊ ခရီးသည်တွေနဲ့ ဒေသခံတွေထိခိုက်မှုရှိတယ်လို့တော့ မကြားရဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
တနင်္သာရီမြို့နယ်၊ သိန္ဒေါကျေးရွာတွင်လည်း စစ်ကောင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ဧပြီလ ၂၃ ရက်မှ မေလ ၂ ရက်နေ့အထိနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် ဗုံးကျဲတိုက်ခိုက်နေသည်။
ဧပြီလ ၂၉ ရက်က သိန္ဒေါရွာကို စစ်ကူလာသည့် စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းတပ်များက သကျက်ကျေးရွာအုပ်စု ကျွဲထိန်ကုန်းရွာတွင်လည်း ကြားဖြတ်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ယင်းကျေးရွာတဝိုက်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ယင်းသို့ပင်ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာက စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး မြိတ်-ထားဝယ် အတက်အဆင်းကားများ လမ်းတွင် ပိတ်မိနေသည်ဟု ဒေသခံအချို့က ပြောသည်။