ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ အခြေစိုက် ဇောတိက-ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ လုပ်ငန်းသုံး ကား ၃ စီးကို ဧပြီလ ၂၅ ရက်နေ့တွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက သိမ်းဆည်းသွားကြောင်း ယင်းစီမံကိန်းထံကသိရသည်။
နတ်အိမ်တောင်ဒေသရှိ ဇောတိက သဘာဝဓာတ်ငွေ့တိုင်းတာရေးစခန်းသို့ သွားရောက်စဉ် ရေး-ထားဝယ်ကားလမ်း မိုင်တိုင် ၅၂ ဘေးမှ ခွဲဝင်ရသည့် နတ်အိမ်တောင်လမ်း D2 နှင့် D3 ဧရိယာအကြားတွင် သိမ်းဆည်းခံရခြင်းဖြစ်သည်။
လန်ခရူစာအမျိုးအစားကားတစ်စီး နှင့် ဖို့ဒ်အမျိုးအစားကား ၂ စီး စုစုပေါင်း ၃ စီးကို သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်း ၃ ဦး နှင့် ဝန်ထမ်း ၆ ဦးကို ဖမ်းဆီးခြင်းမရှိဘဲ ကားများတွင်ပါရှိသည့် အခြားပစ္စည်းများလည်း သိမ်းဆည်းသွားခြင်းမရှိကြောင်း စီမံကိန်းဝန်ထမ်းများထံက သိရသည်။
“ပြောက်ကျားဘောင်းဘီနဲ့ အပေါ်က အရပ်ဝတ်နဲ့ လူဆယ်ယောက်လောက်ထွက်တားပြီး ကားတွေယူသွားတယ်။ ယာဉ်မောင်းနဲ့ဝန်ထမ်းတွေလည်း မဖမ်းဘူး။ ပစ္စည်းတွေလည်းထားခဲ့တယ်။ ဝန်ထမ်းတွေကတော့ ကုမ္ပဏီက ကားက ပြန်သွားခေါ်ရတယ် ” ဟု ကိုယ်တိုင်ကြုံရခဲ့သည့် ကုမ္ပဏီဝန်ထမ်း၏ ပြောကြားချက်ကို ကိုးကား၍ စီမံကိန်းဝန်ထမ်းတစ်ဦးက ပြောပြသည်။
ကားများသိမ်းဆည်းခံရမှုအတွက် ကုမ္ပဏီဘက်က စစ်ကောင်စီကို အကြောင်းကြားထားသည်ဟု ၎င်းကဆက်ပြောသည်။
စီမံကိန်း၏ အရပ်ဘက်ဆက်ဆံရေး တာဝန်ရှိသူအား Dawei Watch က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖြစ်စဉ်မှာ မှန်ကန်ကြောင်း ပြောဆိုပြီး လမ်းခရီးသွားနေသဖြင့် အသေးစိတ်မ ဖြေကြားနိုင်ကြောင်း ပြောဆိုသည်။
ကားများကို သိမ်းဆည်းသွားသည့် အဖွဲ့အစည်းက မေလ ၃ ရက်အထိ ထုတ်ပြန်ခြင်းမရှိသဖြင့် သိမ်းရသည့်အကြောင်းအရင်းနှင့် မည်သည့်အဖွဲ့ကသိမ်းယူခဲ့သည်ကိုမသိရသေးပေ။
ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူအား ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ ပြုလုပ်သည့်အဖွဲ့ က ထုတ်ပြန်ချက် ထုတ်ပြန်ခြင်းမရှိသေးသဖြင့် လက်တလောတွင် ဖြေကြားပေးနိုင်ခြင်းမရှိဟု အကြောင်းပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား စားသောက်ကုန်များ သယ်ယူပေးနေသည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီ၏ မောရဝတီရေတပ်က ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ဖမ်းဆီးထားသည့် ဇောတိက-ရတနာ စီမံကိန်းမှ ယာဉ်မောင်း ၄ ဦးအနက် ၃ ဦးသည် မေလ ၁ ရက်က ပြန်လွတ်လာပြီဖြစ်သည်။
ကျန်တစ်ဦးမှာမူ ထားဝယ်အကျဉ်းထောင်သို့ ပို့ေဆာင်ခံရပြီး မေလ ၄ ရက်တွင် ရုံးထုတ်မည်ဖြစ်ကြောင်း မိသားစုထံကသိရသည်။
ကံပေါက်ဒေသ တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း ၏ မိတ်ဖက် ရတနာ၊ရဲတံခွန်နှင့် ဇောတိကစီမံကိန်းသုံးခု အခြေစိုက်သည်။