BREAKING
April 7, 2025

မြန်မာ့ပင်လယ်ပြင်တွင် ငလျင်လှုပ်ခတ်

April 3, 2025

ဧရာဝတီတိုင်း၊ ဖျာပုံမြို့၏ တောင်-အရှေ့တောင်ဘက် (၅၃) မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်တွင် မြောက် လတ္တီတွဒ် (၁၅.၅၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၅) ဒီဂရီ၊ အနက် (၂၇) ကီလိုမီတာကို ဗဟိုပြု၍ ဧပြီလ ၂ ရက် ည ၁၀ နာရီ ၅၇ မိနစ်တွင် ငလျင် တစ်ခုလှုပ်ခတ်သွားကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ယင်းငလျင်သည် အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုဖြစ်သည်ဟု တိုင်းထွာသိရှိရကြောင်း မိုး/ဇလက ဖော်ပြသည် ။

ပုသိမ်မြို့ခံ အချို့လည်း ငလျင်လှုပ်ခတ်သွားသည်ကို ခံစားလိုက်ရကြောင်း လူမှုကွန်ရက် တွင်ရေးသားနေကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ကြီးဌာန MOHADM-NUG ကမူ မြန်မာ့ပင်လယ်ပြင်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၀ အဆင့်နှင့် အတော်အသင့်အင်အားရှိသည့် မြေငလျှင်တစ်ခုဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကိုင်းငလျင်ကြီး၏နောက်ဆက်တွဲ ငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် MOHADM – NUG က သတိပေးထားသည် ။

မတ်လ ၂၈ ရက် တွင်လှုပ်ခတ်သည့် အင်အားပြင်း ငလျင်ကြီး ၏ နောက်ဆက်တွဲ အဖြစ် မြန်မာနိုင်ငံ တွင် လှုပ်ခတ်နေသည့် ငလျင်အကြိမ်ရေ ၆၂ ကြိမ်ရှိပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုးဇလဌာန၏ ဧပြီလ ၂ ရက် ညပိုင်းထုတ်ပြန်ချက်အရသိရသည် ။