မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်လမ်း၌ ဧပြီလ ၁ ရက်နေ့နှင့် ၂ရက်နေ့တို့တွင် တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံနှစ်ထောင်နီးပါး ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ထံမှ သိရသည်။
ဧပြီလ ၁ ရက်နေ့တွင် မောတောင်ကားလမ်းအတိုင်း ချီတက်လာသည့် စစ်ကောင်စီတပ်အပါအဝင်ပျူစောထီးနှင့် BGF ပူးပေါင်းတပ်တို့နှင့် နံနက် ၁၀ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း (၂) ၊ တပ်ခွဲ (၁) က ယနေ့ ဧပြီလ ၃ရက်တွင် ထုတ်ပြန်ထားသည်။
ယင်းနောက် ဧပြီလ ၂ ရက်နေ့ နံနက်တွင်လည်း တစ်နာရီခန့်ကြာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း ရေးသားထားသည်။
အဆိုပါ တိုက်ပွဲလေးကြိမ်အတွင်း စစ်ကောင်တပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုဘက်ကမူ အထိအခိုက်အကျအဆုံးမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရမှုနှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
အဆိုပါတိုက်ပွဲကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၂) ၊ တပ်ခွဲ (၁) အပါအဝင် KNU တပ်ဖွဲ့များ၊ ကော်သူးလေတပ်မတော် တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။
တိုက်ပွဲကြောင့် တနင်္သာရီမြို့နယ် မောင်တောင်လမ်းမပေါ်ရှိ သိန်ခွန်းကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ဒေသခံနှစ်ထောင်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။
ရေဖြူ၊ ထုံခါ၊ ချောင်းနှစ်ပေါက်၊ သိန်ခွန်း စသည့် ကျေးရွာများမှ ဒေသခံများ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိအချိန်အထိ ရွာမပြန်ရဲ ကြသေးကြောင်း ဒေသခံများထံမှသိရသည်။
သိန်ခွန်းကျေးရွာအုပ်စုအတွင်း မတ်လ ၂၉ ရက်မှစတင်ကာ ဧပြီ ၂ ရက်နေ့အထိ နေ့စဉ်တိုက်ပွဲများ ဖြစ်ပေါ်နေပြီး ဧပြီလ ၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ အရေးပါသည့် ရေဖြူဗျူဟာကုန်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။