Princes in The Darkness 1990s
အပိုင်း(၃၁)
လောမိသားစု သည် သွေးရင်းသားရင်းအချင်းချင်းမှလွဲပြီး မည်သူ့ကိုမျှ ယုံကြည်လေ့မရှိ။
သို့သော်..ကျွန်မကိုမူ သူတို့ ချွင်းချက်ထားခဲ့ပါသည်။ ထိုသို့ ချွင်းချက်ထားပေးခဲ့သည်မှာ ကျွန်မမိသားစုအပေါ် သူတို့ကျူးလွန်ခဲ့သည့်အမှုအတွက် ကျွန်မအပေါ် ဂရုဏာထားသဖြင့်တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မည်။
အချိန်တန်လျှင် သူတို့ ထိုးကျွေးရမည့် လူယုံတစ်ယောက်တော့ ရှိကိုရှိသင့်သည်ဟု ယုံကြည်ထားသောကြောင့်က ဖြစ်နိုင်ချေများပါသည်။
ကျွန်မကလည်း ထိုအားနည်းချက်ပေါ်တွင် ကောင်းကောင်းကြီး နင်းလျှောက်နိုင်ခဲ့သည်။
ပညာရေးအကြောင်းပြကာ စီအိုင်အေ၏ ရက်တိုသူလျှိုသင်တန်းအချို့ကို နေရာအစုံမှာ ပုံစံမျိုးစုံဖြင့် တစ်နှစ်ကျော်ကြာ ကျွန်မ တက်ခဲ့ရ၏။
တဆက်တည်းမှာပင် လောမိသားစု၏ စီးပွားရေးမှာလည်း တရိပ်ရိပ်တိုးတက်လာသည်။
ထိုင်းနိုင်ငံကို ပင်မထွက်ပေါက်အဖြစ် အသုံးပြုနေရသည့် ရွှေတြိဂံနှင့် မာလိပါးရှိ ဘိန်းဈေးကွက်ထက် ရန်ကုန်ဆိပ်ကမ်းကြီးတစ်ခုလုံးကို ပင်မထွက်ပေါက်အဖြစ်အသုံးပြုနေရသည့် လောမိသားစု၏ ဈေးကွက်မှာ ကမ္ဘာတွင် အလျင်အမြန်ကြီးထွားလာနေသည်။
ထိုကာလများအတွင်း စင်္ကာပူရုံးကို စီစီက ကိုင်တွယ်နေသကဲ့သို့ မြန်မာပြည်ရှိ ဘဏ္ဍာရေးလည်ပတ်မှုများကို ကျွန်မက အဓိက ကိုင်တွယ်ခဲ့ရ၏။
လောမိသားစု၏ စီးပွားရေးအင်ပါယာကြီးတစ်ခုလုံးမှ ဝင်ငွေများကို လည်ပတ်စေသောရုံးခန်းလေးမှာ ဆယ့်ငါးပေသာသာသာ ရှိသော အခန်းလေးတစ်ခန်းသာ။
ထိုအခန်းလေးထဲတွင် အပါးကြီး၊ မစ္စတာချူး၊ မစ္စတာလု တို့နှင့် ကျွန်မ အချိန်ပေါင်းများစွာ အလုပ်အတူ လုပ်ခဲ့ကြဖူးသည်။
ထိုမှ ရရှိသည့် အချက်အလက်များသည်လည်း အန်တီဗိုင်အိုလက် ဆီသို့ ရောက်ရှိသွားကြသည်ချည်းသာ။
အန်တီဗိုင်အိုလက်ဆီသို့ ထိုအချက်အလက်များ မည်သို့ထုတ်သည်ကလည်း ကျွန်မထင်ထားတာထက်ပင် ပိုလွယ်ကူနေသေး၏။
လေးနာရီစာကြာချိန်အသံဖမ်းနိုင်သော အသံဖမ်းစက်လေးတစ်လုံးကို ကျွန်မထံ ပေးထားသည်။
ထိုအသံဖမ်းစက်လေးဖြင့် တပတ်တကြိမ် အစီရင်ခံချက်များကို အသံသွင်းရသည်။
ထို့နောက် အသံဖမ်းစက်ကလေးကို အမေရိကန်သံရုံးရှိရာလမ်းထဲမှ အိမ်တအိမ်သို့ ပို့ပေးရ၏။ ထိုကိစ္စကို ကျွန်မနေသည့် ကိုးမိုင်အိမ်မှ ကလေးမလေးကို မစ္စတာလု၏ မိတ်ဆွေအား စင်္ကာပူမှ ပစ္စည်းများမှာသည်ဟု ဆိုကာ အမြဲသွားပို့ခိုင်းခဲ့သည်။
စင်္ကာပူ၊ ထိုင်ဝမ်နိုင်ငံများသို့ ရောက်ရှိသည့်အခါတွင်လည်း ကျွန်မ ရှိနေသည့်နေရာများသို့ အန်တီဗိုင်အိုလက်စ်၏ လူများကတနည်းမဟုတ် တနည်းလာရောက်ဆက်သွယ်ခဲ့ကြပါသည်။
ပထမဉီးဆုံး ကျွန်မ အစီရင်ခံတင်ပြရသည့် အော်ပရေးရှင်းမှာ ပြိုကွဲသွားသော ဗမာပြည်ကွန်မြူနစ်ပါတီမှ တပ်ဖွဲ့ဟောင်းများဖြစ်သည့် ဖုန်အုပ်စု၊ပေါက်အုပ်စု များ နှင့် စစ်အစိုးရအကြား တွေ့ဆုံမှုများတွင် လောမိသားစု၏ ပါဝင်ပတ်သက်မှုမှတဆင့် နောက်ကွယ်တွင် တရုတ်အစိုးရပါမပါ ကိစ္စဖြစ်သည်။
………………………………………….
၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ ၏ လှုပ်ရှားမှုများနှင့် ပတ်သက်လျှင်သော် လည်းကောင်း၊ ၁၉၈၉ ခုနှစ် ကွန်မြူနစ် တပ်တွင်း ပုန်ကန်မှုနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များနှင့် ပတ်သက်လျှင်သော် လည်းကောင်း ပုံဖျက်ထားသည့် လက်တွေ့နှင့် ကင်းကွာသော ဝါဒဖြန့်ချိရေး အမြင်များနှင့်သာ လူထုကို အသိပေးခဲ့ကြသော်လည်း မြန်မာစစ်ဘက် အာဏာပိုင်များမှာ တပ်တွင်းပုန်ကန်သူ အချို့နှင့် လျှို့ဝှက် ညှိနှိုင်း ဆွေးနွေးမှုများ လုပ်ခဲ့ကြပါသည်။
မြောက်ပိုင်း တပ်တွင်းပုန်ကန်မှုအပြီး တစ်ပတ်မျှ အကြာ မေလ ၂၀ ရက်နေ့ကပင် ဤကိစ္စအတွက် ပထမဆုံး ခြေလှမ်းကို စတင်ခဲ့သည်။
လားရှိုး အခြေစိုက် မြန်မာ့တပ်မတော် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်မှ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် တပ်မှူးလော နှင့် ဆွေးနွေးရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပါသည်။
တပ်မှူးလောသည် ၁၉၆၀ ပြည့်လွန်နှစ်များက လားရှိုး အခြေစိုက် ကာကွယ်ရေးအဖွဲ့ကို ဦးဆောင်ခဲ့သူ ကိုးကန့်နယ်သား တစ်ဦးလည်း ဖြစ်သည်။
၁၉၇၁-၁၉၇၂ ခုနှစ်က ဖြစ်ပွားခဲ့သော အဆုံးအဖြတ် တိုက်ပွဲတစ်ခုဟု ဆိုနိုင်သည့် ကွန်းလုံတံတား တိုက်ပွဲတွင် စစ်တပ်နှင့် လက်တွဲပြီး CPB ကို တိုက်ခိုက်ခဲ့ဖူးသည့် အစဉ်အလာရှိသည်။ အပြန်အလှန်အနေနှင့် မြန်မာ့ စစ်တပ်ဘက်မှလည်း ရှမ်းပြည်နယ်ရှိ အစိုးရ ထိန်းချုပ်ထားသော လမ်းများ၊ မြို့များကို တပ်မှူးလော၏ ဘိန်းမှောင်ခို လုပ်ငန်းအတွက် အသုံးပြုခွင့် ပေးခဲ့သည်များလည်း ရှိသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကာကွယ်ရေးအဖွဲ့များမှာ စစ်ဘုရင်များဆန်ဆန် ပြုမူလာကြရာ စစ်တပ်ကိုယ်တိုင်က မထိန်းနိုင်တော့၍ ၁၉၇၃ ခုနှစ်တွင် ကာကွယ်ရေး အားလုံးကို ဖျက်သိမ်းလိုက်ရသည်။ ဤတွင် အချို့သော ကာကွယ်ရေးများမှာ အဖျက်မခံဘဲ ဆက်လက်ပြီး လက်နက်ဆွဲကိုင်ခဲ့ကြသည်။
ထိုအချိန်တွင် တပ်မှူးလောသည် လက်နက်မစွန့်ပဲခဲ့ပြီး ရှမ်းလက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သော SSA နှင့် ခေတ္တမျှ ပူးပေါင်းသွားခဲ့သည်။
၁၉၇၃ သြဂုတ် ၁၆ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက တပ်မှူးလောကို ဖမ်းဆီးပြီး မြန်မာအစိုးရသို့ လွှဲအပ်ပေး ခဲ့သည်။ မြန်မာအစိုးရက တပ်မှူးလောကို နိုင်ငံတော် ပုန်ကန်မှုနှင့် တရားစွဲကာ သေဒဏ်ပေးခဲ့သည်။
(ထိုကာလများက ကျွန်မ လားရှိုးတွင် ကျောင်းတက်နေသော ကာလများဖြစ်ပြီး အပါးကြီးမှာ မာလိပါးသို့မဟုတ် ထိုင်ဝမ်တွင် သွားရောက်နေသည်ဟုသာ သိထားခဲ့၏။)
၁၉၈၀ တွင် တပ်မှူးလော အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။
ထိုစဉ်မှ စ၍ တပ်မှူးလောသည် လားရှိုးပြန်ပြီး ကာကွယ်ရေးအဖွဲ့ ပြန်လည် ဖွဲ့စည်းနိုင်ရန် အခါအခွင့်ကို စောင့်နေခဲ့ပါသည်။
၁၉၈၉ ကွန်မြူနစ် တပ်တွင်း ပုန်ကန်မှု ပေါ်ထွက်လာသောအခါမှ တပ်မှူးလော စောင့်နေသော အခွင့်အခါသို့ ရောက်လာခဲ့ပါသည်။
အာဏာပိုင်များက သူ့ကို သူ့ဇာတိ ကိုးကန့်သို့ ပြန်လွှတ်လိုက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီကို ပုန်ကန်ခွဲထွက်ခဲ့သော ဖုန်အုပ်စုနှင့် ဆွေးနွေးစေခဲ့သည်။ ဤဆွေးနွေးပွဲမှပင် ယခင် ကာကွယ်ရေးများနှင့် မြန်မာစစ်တပ်အကြား ရယူခဲ့ကြသော နားလည်မှုမျိုးလို သဘောတူညီချက် တစ်ရပ် ထွက်ပေါ်လာခဲ့ ပါသည်။
ဖုန်အုပ်စုနှင့် လောအုပ်စုတို့က ဒေသတွင်းရှိ တော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ပေးမည်။ အပြန်အလှန်အနေနှင့် ထိုအဖွဲ့များ၏ မူးယစ်မှောင်ခို လုပ်ငန်းများကို အာဏာပိုင် များဘက်မှ မသိကျိုးကျွန် ပြုပေးထားမည်ဆိုသော သဘောတူညီချက် ဖြစ်ပါသည်။
မုန်းကိုး၊ မုန်းဟုမ် နှင့် ပန်ဆိုင်း အနီးတစ်ဝိုက်ရှိ ဘိန်းဖြူချက် စက်ရုံများသည်ကား ထိုစဉ်ကပင် ကောင်းစွာ လည်ပတ် အလုပ်ဖြစ်နေပြီး ဖြစ်သည်။
ထိုနှစ် ဧပြီလသို့ ရောက်သောအခါ ကိုးကန့်နယ်ထဲသို့ ဒုတိယ ကိုယ်စားလှယ်အဖွဲ့ ထပ်မံ ရောက်ရှိ လာခဲ့ပါသည်။ ထိုအဖွဲ့မရောက်မီ ဧပြီလ ၂၀ ရက်နေ့က လားရှိုးတွင်လည်း အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်ဟု သိရသည်။ ဤအစည်းအဝေးတွင် ကိုးကန့်အဖွဲ့မှ ကိုယ်စားလှယ်များ၊ လောမိသားစု နှင့် ရန်ကုန်မှလာသော နိုင်ငံရေးသမား ဦးအောင်ကြီးတို့ တက်ခဲ့ကြသည်ဟု ဆိုသည်။ အဆိုပါ လားရှိုး အစည်းအဝေးအပြီး နှစ်ရက်အကြာတွင် ထောက်လှမ်းရေးညွှန်မှူး အတွင်းရေးမှူး(၁) နှင့် အဖွဲ့ ကိုးကန့်သို့ ရောက်လာကြပြီး ဖုန်မိသားစု နှင့် ဆွေးနွေးခဲ့ကြသည်။ ဤအစည်းအဝေးမှပင် ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တစ်ရပ် ရရှိခဲ့သည်။ စစ်အစိုးရက ကိုးကန့်အဖွဲ့ကို ဖွံ့ဖြိုးရေး အကူအညီ ကျပ်ငွေ ငါးသန်းနှင့် ထောင် ဂဏန်းရှိသော ဆန်အိတ်များ ပေးခဲ့သည်ဟု သိရပါသည်။
ထိုအချိန်လောက်မှစ၍ ကိုးကန့်နယ်တွင် ချက်သော ဘိန်းဖြူများမှာ လားရှိုး၊ မန္တလေးမှသည် ရန်ကုန်အထိ လမ်းပွင့်သွားခဲ့တော့သည်။
ဤခရီးစဉ်ကို အဆင်ပြေစေရန် လောစစ်ဟန်က သူ၏ စစ်တပ် အဆက်အသွယ်များကို အသုံးပြုပြီး ကိုးကန့် အဖွဲ့အစည်းများကို ကူညီခဲ့သည်ဆိုသော အပြော အဆို များလည်းရှိသည်။
၁၉၈၉ စက်တင်ဘာ ၉ ရက်အထိ စုဆောင်း ရရှိသော သတင်း အချက်အလက် များအရ ဆိုခဲ့ပါ ကိုးကန့် အဖွဲ့အစည်းများ၏ ယာဉ်တန်းများ လုံခြုံ စိတ်ချစွာ ဖြတ်သန်း နိုင်ရန် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် တိုင်းမှူးက ကူညီပေးခဲ့သည်။
ထိုနှစ် (၁၉၈၉) မေလတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး ဦးဆောင်ပြီး ‘နယ်စပ်ဒေသများနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး ဗဟိုကော်မတီ’ ဆိုသော အထူး အဖွဲ့အစည်း တစ်ရပ်ကို ရန်ကုန်မြို့တွင် ဖွဲ့စည်းခဲ့ပါသည်။ ဤအဖွဲ့တွင် အတွင်းရေးမှူး (၁) နှင့် အခြား အဆင့်မြင့် စစ်အရာရှိကြီးများလည်း ပါဝင်သည်။ ကိုးကန့်ဒေသတွင် ကနဦး အောင်မြင်မှုများ ရပြီး လအနည်းငယ် အကြာတွင် အဆိုပါ ကော်မတီက ယခင် ၈၁၅ စစ်ဒေသမှ ခေါင်းဆောင်သစ်များနှင့် ဆက်လက် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တစ်ဖန် ၁၉၈၉ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဝ ခေါင်းဆောင်နှင့် အဖွဲ့ကို ဝ တောင်တန်းများပေါ်မှ ဟယ်လီကော့ပတာနှင့် တင်ခေါ်လာပြီး လားရှိုးသို့ ပို့ပေးခဲ့သည်။ လားရှိုးတွင် အသင့် စောင့်နေသော အတွင်းရေးမှူး(၁) ဦးဆောင်သည့် အဆင့်မြင့် တပ်မတော် အရာရှိကြီးများ နှင့် ဆွေးနွေးခဲ့ကြသည်။
ထိုအချိန်မှစပြီး ကချင်ပြည်နယ်မှလွဲ၍ ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ရှေ့တန်း စစ်မျက်နှာ တစ်လျှောက်တွင် သေနတ်သံများ တိတ်သွားခဲ့ပါတော့သည်။
မြောက်ပိုင်းစစ်မြေပြင်တွင် သေနတ်သံတိတ်သွားသော်လည်း ရန်ကုန်တွင်မူ မြောက်ပိုင်းတစ်ခွင်မှ ဘိန်းကုန်သည်စစ်ဘုရင်အုပ်စုများနှင့် စစ်အစိုးရတို့အကြား လျှို့ဝှက်တွေ့ဆုံမှုများ ပိုမိုများပြားလာခဲ့သည်။
၁၉၈၉ နိုဝင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာလ ၆ ရက်အထိ လောမိသားစု၊ ဖုန်မိသားစု၊ ဝအုပ်စုတို့ နှင့် စစ်အစိုးရအကြား ဆွေးနွေးပွဲများ ရန်ကုန်မြို့တွင် ဆက်လက် ရှိနေခဲ့ပါသည်။ ဤဆွေးနွေးပွဲများတွင် ယခင် ဗမာပြည်ကွန်မြူနစ်ပါတီတပ်ဖွဲ့ ဟောင်းများမှ ဖုန်ညီနောင် နှင့် သူ့လက်ထောက် နှစ်ယောက် ယခင် ၁၀၁ စစ်ဒေသ၊ ယခင် ၈၁၅ စစ်ဒေသမှ တာဝန်ခံများသာ ပါဝင်လာကြသည်။ ပါဝင်ကြသည်။ အစိုးရဘက်မှ ယခင် သူပုန် တပ်မှူးဟောင်းများကို ဆန်၊ ငွေကြေးနှင့် ဖွံ့ဖြိုးရေး အကူအညီအချို့ ပေးမည်ဟု ကတိပြု ခဲ့သည်။ တပ်ဖွဲ့ တစ်ဖွဲ့လျှင် အင်အား ၁,၀၀၀ စီ ခွင့်ပြုခဲ့ပြီး ဤတပ်များကို အစိုးရ ကြီးကြပ်မှုအောက် အသွင်ပြောင်းဖို့ကိုလည်း သဘော တူညီခဲ့ကြသည်။
အဆိုပါ ရန်ကုန် လျှို့ဝှက် အစည်းအဝေးများ မတိုင်မီ လအနည်းငယ်က (တိတိကျကျ ဆိုရလျှင် ၁၉၈၉ အောက်တိုဘာလက) မြန်မာ့တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သို့ ၁၂ ရက်ကြာ အလည်အပတ် သွားရောက်ခဲ့ကြသည်။
ဤအဖွဲ့ကို ဒုတိယ ဗိုလ်ချုပ်ကြီး ဦးဆောင်ခဲ့ပြီး တပ်မ (၉၉) တပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းလည်း လိုက်ပါခဲ့သည်။ (ဗိုလ်မှူးကြီး ကျော်သန်းမှာ ကိုးကန့်နှင့် မုန်းကိုးတို့နှင့် မျက်နှာချင်းဆိုင် တောင်ကုန်းများကို တာဝန်ယူရသော ရှေ့တန်း တိုက်ခိုက်ရေး တပ်မှူး ဖြစ်သည်။)
ဤခရီးစဉ်က ဘာကို ဖော်ပြနေသနည်းဆိုလျှင် ဆိုခဲ့ပါ ဗမာပြည်ကွန်မြူနစ်ပါတီ တပ်ဖွဲ့ဟောင်းများနှင့် အစိုးရကြား ဆွေးနွေးပွဲများ၏ နောက်ကွယ်တွင် ဘေဂျင်း၏ ခြေရာ လက်ရာအချို့ ပါကောင်း ပါနိုင်သည်ဆိုသော အချက် ဖြစ်ပါသည်။
………………………………………….
ထိုအစီရင်ခံစာသည် ကျွန်မထံမှ ရရှိသည့်အချက်အလက်များဖြင့် တည်ဆောက်ထားခြင်းပင်။
နောက်ထပ် စီအိုင်အေမှ အဓိကသိလိုသည့်အချက်မှာ ထိုဖြစ်စဉ်များနောက်ကွယ်တွင် ဘိန်းဖြူမှ ရရှိသော ငွေမည်းများကို အပါးကြီးအနေဖြင့် နိုင်ငံတကာတွင် မည်ကဲ့သို့ ငွေဖြူအဖြစ် ပြောင်းလဲနေသည်ဆိုသည့် အချက်ပင်။
အနောက်နိုင်ငံများတွင် နာမည်စာရင်းပေါက်နေသော ရွှေတြိဂံဒေသမှ ဘိန်းဘုရင်များ အနက် နိုင်ငံတကာအထိ ဖြန့်ကျက်ထားသော ကုမ္ပဏီများ ရှိနေသည်မှာ လောမိသားစုသာရှိသည်။
ထိုငွေမည်းများအားလုံးသည် လောမိသားစုထံမှသာ ပြောင်းလဲခြင်းဖြစ်မည်ဟူသော ယူဆချက်များကို အတည်ပြုရန် ကျွန်မ၏ သတင်းအချက်အလက်များကို သူတို့ မှီခိုကြရ၏။
ကျွန်မစင်ကာပူသို့ရောက်ရှိစဉ် အန်တီဗိုင်အိုလက်ဆီမှ နည်းပညာမြင့် ဂြိုလ်တုဖုန်းအသေးတစ်လုံးပင် ရရှိခဲ့သည်။
ထိုဖုန်းကို မြန်မာပြည်ထဲယူသွင်းရာတွင်လည်း မစ္စတာလု၏ ပစ္စည်းများထဲတွင် ရောကာ သယ်ယူခြင်းဖြစ်သဖြင့် ကျွန်မအတွက် လွယ်ကူခဲ့၏။
ဂြိုလ်တုဖုန်းကို ယူသွင်းပြီးနောက် ကျွန်မ မစ္စတာလုခြံတွင်ရှိနေစဉ် ဗေဒါဆိုသော လူတစ်ယောက်ကို ဆုံတွေ့ခဲ့ရပါသည်။
ထိုအချိန်က အပါးကြီး၏ စီမံကိန်းတစ်ခုကို စတင်နေချိန်ဖြစ်သည်။
ထိုစီမံကိန်းမှာ မြန်မာပြည်၏ မြေအောက်စီးပွားရေးလောကကို လောမိသားစု၏ လက်တံများက နောက်ကွယ်မှ ဝင်ရောက်နေရာယူရန်ဖြစ်သည်။
မြေအောက်စီးပွားရေးလောက၏ နောက်ကွယ်တွင်ရှိနေခြင်းပင်.စစ်အစိုးရ၏ ရာထူးအဆင့်ဆင့်နှင့် မြေပြင်တွင် ချိတ်ဆက်ရသည့် လာဘ်ပေးလာဘ်ယူမှုများကိုပါ ချုပ်ကိုင်နိုင်မည်။ အပေါ်ပိုင်းတွင်လည်း တရားမဝင်စီးပွားရေးများ နှင့် ဗိုလ်ချုပ်ကြီးများကို ချုပ်ကိုင်နိုင်မည်ဟု အပါးကြီးက တွေးထားခဲ့သည်။
ထို့ကြောင့် လက်စောင်းထက်နေသည့် စစ်ထောက်လှမ်းရေးအဖွဲ့နှင့် ရင်းနှီးမှုများ ရအောင်ယူလိုက်သည်။
စစ်ထောက်လှမ်းရေးမှ မြေအောက်ဒုစရိုက်လောကမှ လူမိုက်များဖြင့် ဖွဲ့စည်းထားသည့် “အမှောင်ထဲက မင်းသားများ”အဖွဲ့မှ အချို့ကို လောမိသားစု၏ စီးပွားရေးတွင် အသုံးပြုရန်လည်း..ညှိနှိုင်းခဲ့ကြ၏။
ထိုအချိန်တွင် ဗေဒါ ဆိုသည့်သူ ရောက်ရှိလာခြင်းပင်။
ဗေဒါသည် စကားဝှက်တစ်ခုနှင့်အတူ ကျွန်မရှေ့သို့ ရောက်လာခြင်းပင်။
ရုပ်ရည်မချောမောသော်လည်း အသားဖြူဖြူ၊အရပ်မြင့်မြင့်ဖြင့် ခပ်ပြုံးပြုံးမျက်နှာပေးနှင့် ထိုသူသည် နာမည်ကျော် လူမိုက်တစ်ဉီးအား သတ်ကာ အင်းစိန်ထောက်မှထွက်လာခဲ့သည်ဟု ကျွန်မတို့ သိခဲ့သည်။
ထူးခြားသည်မှာ မစ္စတာလုက ထိုသူကို မြင်မြင်ချင်းပင် ယုံကြည်သွားခြင်းဖြစ်၏။
ထိုနေ့က အခြေအနေကို ကျွန်မက ချက်ချင်းပင် အန်တီဗိုင်အိုလက် ဆီ ဖုန်းဆက်ပြောပြလိုက်သည်။
အန်တီဗိုင်အိုလက် က ဗေဒါသည် စစ်ထောက်လှမ်းရေးမှ လွှတ်လိုက်သည့်လူဖြစ်နိုင်သဖြင့် သတိထားရန် နှင့် အခြေအနေကို စောင့်ကြည့်ရန် ကျွန်မကို ညွှန်ကြားခဲ့၏။
ထိုသံသယသည် အန်တီဗိုင်အိုလက်တင်မက မစ္စတာလုထံတွင်ပါရှိနေကြောင်း မကြာခင်ပင် ကျွန်မသိခဲ့ရသည်။
သို့သော် စစ်ထောက်လှမ်းရေးများကိုယ်တိုင်က ဗေဒါကို ဖမ်းဆီးလိုက်သောအခါတွင်တော့ ဗေဒါသည် သူတို့လူမဟုတ်ကြောင်း မစ္စတာလုက ယုံကြည်သွားခဲ့၏။
ထိုကာလများအတွင်း ဗေဒါသည် ကျွန်မအားစိတ်ဝင်စားသည့် အရိပ်အယောင်များပြလာသည်။
တပြိုင်နက်တည်းတွင်ပင် လောမိသားစု၏ စီးပွားရေးအချက်အလက်အချို့ အမေရိကန်သို့ ပေါက်ကြားနေသဖြင့် အပါးကြီးနှင့် သူ့သားနှစ်ယောက်တို့၏ သံသယများစတင်နေချိန်လည်းဖြစ်နေသည်။
ကျွန်မသင်ကြားခဲ့ရသည့် သူလျှိုသင်ခန်းစာများအရ… ရန်သူ၏ သံသယသည် မိမိဖက်သို့ လှည့်မလာစေရန် Cover Story တစ်ခု ဖန်တီးရန် စဉ်းစားမိလိုက်၏။
ထို Cover Story အတွက် အဓိကဇာတ်ဆောင်အဖြစ် ဗေဒါကို ကျွန်မ ရွေးချယ်ထားလိုက်တော့သည်။
အဘယ်ကြောင့်ဆိုသော် ဗေဒါသည် ကာလတိုအတွင်းပင် သူ့အစွမ်းအစများကို ထုတ်ပြခဲ့ပြီး လောမိသားစု၏ ယုံကြည်မှုကို ရရှိရန် ကြိုးပမ်းနေသဖြင့် လောမိသားစု၏ သံသယစာရင်းတွင်ထားရှိခဲ့ပြီးဖြစ်ကြောင်း မစ္စတာလုထံမှ တဆင့် ကျွန်မ သိထားနှင့်၍ ဖြစ်သည်။
ဗေဒါနှင့် ကျွန်မ အချစ်ဇာတ်လမ်းတစ်ခု ခင်းပြခဲ့၏။ ထိုအချစ်ဇာတ်လမ်းကို မစ္စတာလု အား ပွင့်ပွင့်လင်းလင်းပင် ပြောပြခဲ့သည်။
မစ္စတာလုကလည်း ဗေဒါထံမှ ရသမျှ နှိုက်ယူရန် ကျွန်မကို ညွှန်ကြားထား၏။
ထို့ကြောင့် လောမိသားစုအတွက် သံသယဖြစ်စရာတစ်ခုခုပေါ်လာတိုင်း ကျွန်မဘက်လှည့်မလာပဲ.ဗေဒါဘက်သို့ သာ တနည်းနည်းဖြင့်ရောက်ရှိသွားရန် ကျွန်မ စွမ်းဆောင်နိုင်ခဲ့ပသါည်။
ကျွန်မတစ်ခုတော့ ဝန်ခံလိုပါသည်။
အခြားမဟုတ်။ ဗေဒါနှင့်အတူ နေထိုင်ရင်း..ကျွန်မ သူ့အား သံယောဇဉ်တွယ်သွားခြင်းဖြစ်သည်။
စက်ရုပ်တရုပ်ကဲ့သို့ ခံစားချက်ကင်းမဲ့အောင် နေထိုင်နေသည့် ကျွန်မအတွက် သူနှင့်တွေ့ချိန်ဆိုလျှင် ပျော်ရွှင်ခဲ့ရ၏။
လုံခြုံခဲ့ရ၏။ နွေးထွေးခဲ့ရ၏။
တစ်ခါတစ်ရံ သူနှင့် အတူရှိနေချိန်များတွင် ကျွန်မ၏ သူ့အပေါ် မရိုးသားမှုများအတွက် သူ့အပေါ် အားနာရသလို၊ သနားစိတ်ပေါ်ခဲ့မိပါသည်။
ကျွန်မ၏ ပင်ကိုယ်ခံစားချက်များနှင့် နာကြင်စိတ်များ၊ လက်စားချေလိုစိတ်များကြား အကြိမ်ကြိမ်လွန်ဆွဲခဲ့ရသည်။
မတတ်သာသဖြင့် ဗေဒါ့ကို အသုံးချနေရသော်လည်း သူ့အပေါ် ကျွန်မ မတရားသကဲ့သို့ ခံစားရသည်။
သူ့အပေါ် ရစ်နွယ်မိသည် ကျွန်မ၏ သံယောဇဉ်များ၊ ချစ်ခြင်းမေတ္တာများကို ကျွန်မကိုယ်တိုင် ပြန်မြင်နေရ၏။
သို့သော်…ကျွန်မသည် လောမိသားစုဆိုသော နံရံကြီးကို ခေါင်းနှင့်ဖြိုရန် ကြိုးစားနေသည့် သူတစ်ယောက် ဟု ကိုယ့်ကိုယ်ကိုယ် သတိပြန်ပေးရပါသည်။
မည်သူ့ကိုမှ သံယောဇဉ်မတွယ်မိအောင် သတိကြီးကြီးထားကာ နေခဲ့ရသည်။
ထိုသို့ ဖြစ်နေသည့်ကြားထဲကပင်…မေယုကြေးမုံဆိုသည်မိန်းကလေး၊ ရီတာဆိုသည် အမျိုးသမီးတို့နှင့် ဗေဒါ၏ ပတ်သက်မှုများကို မစ္စတာလု အမြင်တွင် တမျိုးထင်အောင် ကျွန်မ လှည့်စားထားလိုက်နိုင်၏။
နိုင်ငံခြားမှ ရုတ်တရတ်ပေါ်လာသော မေယုကြေးမုံ ကို စီအိုင်အေသူလျှိုတစ်ယောက်ဖြစ်နိုင်ချေရှိသည်ဟု မစ္စတာလုက ထင်မြင်နေရာတွင် ဗေဒါ့အပေါ်သာ သံသယတို့ ပိုကြီးလာပါတော့သည်။
သို့သော် မစ္စတာလုတို့အနေဖြင့် ဗေဒါကို အသုံးချရန်ကိစ္စများရှိသေးသဖြင့် ထိုသံသယကို ခေတ္တဖယ်ထားပြီးမှ စာရင်းရှင်းရန် အပါကြီးထံမှ သတင်းစကားရရှိခဲ့သည်။
မြန်မာပြည်ဘဏ်ပြိုလဲမှုများဖြစ်ပေါ်ပြီးသည့်နောက်တွင်တော့ ဗေဒါ၏ အခန်းကဏ္ဍကို မလိုအပ်တော့ဟု မစ္စတာလုက ဆို၏။
သို့သော် ဗေဒါသည် သူလျှိုတစ်ဉီးဖြစ်ကြောင်း တိကျသည့် အဖြေတစ်ခုလိုချင်သေးသဖြင့် ဗေဒါအား ကျွန်မနှင့်အတူ စင်္ကာပူသို့ လွှတ်မည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် မြန်မာပြည်တွင်း ဗေဒါနှင့်ပတ်သက်သမျှကို မြေလှန်စုံစမ်းမည်ဟု ဆိုလာသည်။
ဗေဒါနှင့် ကျွန်မတို့ သွားလာသည့် ခရီးစဉ်တွင် ကျွန်မအပေါ် ဗေဒါ ယုံကြည်မှုရှိစေရန် လောမိသားစု၏ လျှို့ဝှက်သောအချို့ကိစ္စများ ဗေဒါအား ခပ်ပါးပါးပြောပြထားလိုက်၏။
စင်္ကာပူရောက်ပြီးနောက်တစ်နေ့နံနက်တွင်..အခန်းထဲတွင် အိပ်ပျော်နေသော ဗေဒါကို ကျွန်မထားရစ်ခဲ့ကာ အန်တီဗိုင်အိုလက်ချိတ်ဆက်ပေးသော မစ္စတာရစ်ကာနေးနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
မကြာမီ လောမိသားစုနှင့် အထူးဒေသလက်နက်ကိုင်အဖွဲ့တစ်ခု တို့အကြားပြုလုပ်မည့် ဘိန်းချက်စက်ရုံထွက်ကုန်များနှင့် ကျောက်စိမ်းလဲလှယ်ကုန်သွယ်ပွဲကိစ္စ အချက်အလက်များကို ပေးခဲ့ခြင်းပင်။
ယင်းကိစ္စတွင် ကျွန်မဘဝအတွက် နောင်တရစရာတစ်ခုပင် ကြုံလာနိုင်သည်အထိ ဖိအားကြုံခဲ့ရပါသည်။
မြန်မာပြည်သို့ ပြန်ရောက်သည့်အခါ ထိုကိစ္စအတွက် ဆောင်ရွက်ရန် မစ္စတာလုက ဗေဒါကိုပင် တာဝန်ပေးခဲ့၏။
သံသယဝင်နေသောလူအား အရေးကြီးကိစ္စခိုင်းစေသည့် မစ္စတာလု၏ သဘောကို ကျွန်မ နားမလည်ကြောင်း ဝန်ခံချင်ပါသည်။
သို့သော်…ပိုမိုဆိုးရွားသည့်ကိစ္စမှာ ထိုကိစ္စကို မြန်မာထောက်လှမ်းရေးမှ သိရှိသွားခြင်းပင်။
လောမိသားစုနှင့် ထောက်လှမ်းရေးကြား အကွဲအပြဲကိစ္စများကို သိရှိထားသော စီအိုင်အေအနေဖြင့် ထောက်လှမ်းရေးကို တစ်ဖက်လှည့်ဖြင့် ထိုသတင်းပေးခြင်းဖြစ်နိုင်ကြောင်း ကျွန်မ ရိပ်မိပါသည်။
သတင်းပေါက်ကြားသွားသည့်နောက် ထိုအစီအစဉ်မှ ဗေဒါအား ဖယ်ထုတ်လိုက်ကြ၏။
ထို့နောက် ဗေဒါအား တခြားလမ်းကြောင်းသို့ ပြောင်းပေးလိုက်သည်။
မစ္စတာလုတို့နှင့် အလုပ်အတူလုပ်မည့် အထူးဒေသလက်နက်ကိုင်အဖွဲ့ကမူ သတင်းပေါက်ကြားမှုကို မသင်္ကာသဖြင့် ဗေဒါနှင့် ကိုနေဝင်းတို့ နောက်သို့ အဖွဲ့တဖွဲ့စီးလွှတ်ကာ နောက်ယောင်ခံ စောင့်ကြည့်နေခဲ့ကြသည်။
မကြာမီ…ကောလင်းမြို့တွင် ဗေဒါသည် စစ်ထောက်လှမ်းရေးများနှင့်အတူ ကားတစ်စီးထဲ ပါသွားကြောင်း စောင့်ကြည့်အဖွဲ့မှ သတင်းပို့လာသည်။
သတင်းများပေါက်ကြားသည်မှာ ဗေဒါလက်ချက်ဟု တထစ်ချယူဆသွားကြပြီးသည့်နောက် တစ်ဖက် အထူးအဖွဲ့မှာ ဒေါသအိုးပေါက်ကွဲတော့၏။
ဗေဒါနှင့် သူတို့လမ်းကြောင်းနောက်လိုက်နေသော ထိုစစ်ထောက်လှမ်းရေးအား အပြတ်ရှင်းမည်ဖြစ်ကြောင်း မစ္စတာလုထံ လှမ်းပြောသည်။
မစ္စတာလုက ကျွန်မအား ထိုကိစ္စပြောသည့်အခါ ကျွန်မ စိတ်ထဲ အတော်လေးပင် ခြောက်ခြားသွားရ၏။
ဗေဒါအပေါ်ထားရှိသည့် ကျွန်မ၏ သံယောဇဉ်အတိမ်အနက်ကို ထိုအခါမှ ကျွန်မ ပြတ်ပြတ်သားသားမြင်ခဲ့ရပါသည်။
ကျွန်မ သူ့ကို မသေစေလိုပါ။ အထူးသဖြင့် ထိုသတင်းပေါက်ကြားမှုသည် ကျွန်မထံမှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး ဘာမှ မဆိုင်သည့် သူ့ကို မသေစေလိုပါ။
သို့သော် ကျွန်မ ဘာမှမတတ်နိုင်။
ဗေဒါကိစ္စပူပန်နေချိန်တွင်ပင် စစ်ထောက်လှမ်းရေးက မစ္စတာချူးကို လေဆိပ်တွင် ဖမ်းဆီးလိုက်သည်။
ကျွန်မတို့ ဖုန်းများအားလုံးပိတ်ထားပြီး ခေတ္တကိုယ်ယောင်ဖျောက်ထားလိုက်ရ၏။
အပါးကြီးနှင့် သူ၏သားများလည်း နိုင်ငံခြားသို့ ခေတ္တတိမ်းရှောင်သွားကြသည်။
ကျွန်မတစ်ယောက်တည်း ကျန်ခဲ့ချိန်တွင်တော့ ဗေဒါအား ဖုန်းခေါ်မိ၏။ သူဖုန်းမကိုင်ပါ။
ကျွန်မစိတ်ထဲ ငယ်စဉ်က မိသားစုကို ဆုံးရှုံးလိုက်ရသည့် ခံစားချက်မျိုး ထပ်တူ ခံစားလာရ၏။
ကျွန်မကို ရိုးရိုးသားသားချစ်ခဲ့သော သူ့အပေါ် ကျွန်မ မတရားခဲ့ကြောင်း စဉ်းစားမိပြီး တညလုံး ငိုကြွေးခဲ့ရသည်။
ဗေဒါထံမှ ဖုန်းပြန်ဝင်လာချိန်တွင်တော့..ကျွန်မ ပြောမပြတတ်အောင် ဝမ်းသာရပါသည်။
သူမသခေဲ့။
ထိုအချိန်ကစပြီး ဗေဒါ့ အပေါ် မစ္စတာလုတို့၏ သံသယများ ပြေပျောက်အောင် ကျွန်မပင် ပြန်လည် ပြုလုပ်ပေးရမည်ဟု ဆုံးဖြတ်ခဲ့ပါသည်။
ကျွန်မကြောင့် သူ့ကို ဘာမှ မထိခိုက်စေချင်မိတော့။
သို့သော်… ကျွန်မ နှင့် လက်ထပ်ရန်ဆိုသော သူ၏ မျှော်လင့်ချက်ကိုတော့ ပြည့်ဝခွင့်ပေးရန်မဖြစ်နိုင်ပါ။
ကျွန်မသည် လောမိသားစု၏ အကြီးမားဆုံးအတွင်းရန်သူဖြစ်နေသည်မဟုတ်လား။
တနေ့နေ့ တချိန်ချိန် ကျွန်မ၏ မူရင်းဇာတိရုပ်ကို လောမိသားစုအနေဖြင့် သိရှိသွားမည်သာ။
ထိုအချိန်တွင် ကျွန်မအပေါ် ကျရောက်လာနိုင်သည့်အန္တရာယ်များကို သူ့အား မျှဝေမပေးရက်တော့။
ကျွန်မပေးခဲ့သည့် ဒုက္ခများကို သူခံစားရသည်မှာ သည်လောက်နှင့် လုံလောက်ခဲ့ပြီး မဟုတ်လား။
ဘာပဲဖြစ်ဖြစ်။
ကျွန်မ သူ့ကို ချစ်ခဲ့တာတော့ သေချာပါသည်။ တကယ်ချစ်ခဲ့ပါသည်။
………………………………………….
ထိုနေရာအရောက်တွင် ဗေဒါ စာအုပ်ကို ဆက်ဖတ်နိုင်စွမ်းမရှိတော့။
စာအုပ်ကို ပိတ်ကာ ထထိုင်လိုက်သည်။
စက်ရုပ်မလှည့်စားခဲ့သည့် ကစားပွဲထဲက သူ့ဘဝ။
ဒီတစ်ခါကစားခံရသည့်ပွဲက သိင်္ဂီလင်းတုန်းကနှင့်မတူ။
လူ့လောက မှ အပြီးတိုင် ပျောက်ဆုံးသွားနိုင်သည့်ကိစ္စမျိုး။
သို့သော်။
ဗေဒါ ကျေနပ်ပါသည်။
သတ္တိရှိသော၊ ရည်ရွယ်ချက်ကြီးသော၊ ဉာဏ်ပညာကြီးသော၊ အညှိးကြီးသော၊ လှည့်စားတတ်သော ထိုအမျိုးသမီးလေးသည် သူ့ကို ချစ်ခဲ့ပါသည်တဲ့။
တကယ်ချစ်ခဲ့ပါသည်တဲ့။
ဗေဒါ စာအုပ်ကို ဆက်လှန်ကြည့်လိုက်ပြန်သည်။
………………………………………….
နောက်ပိုင်းတွင်တော့ ဗေဒါနှင့် လောမိသားစုတို့အကြားမှ သံသယများ ပြေပျောက်သွားစေရန် ကျွန်မ ပြန်လည်ကြိုးစားပေးခဲ့သည်။
မစ္စတာလု၏ အိမ်တွင်းအထိ ဝင်နေသောထောက်လှမ်းရေးသူလျှိုအချို့ကိုလည်း ဖော်ထုတ်ပေးလိုက်နိုင်ခြင်းပင် ဗေဒါကိုယ်တိုင်လည်း သူ့အရည်အချင်းနှင့် သစ္စာရှိမှုကို မစ္စတာလုအား ပြသနိုင်ခဲ့သည်လည်းပါ၏။
သူတို့ကြားမှ သံသယများ ပြေပျောက်လာလေလေ..ကျွန်မအတွက် အန္တရာယ်ကြီးလာလေလော ဖြစ်သည်။
ထို့ကြောင့် လောမိသားစု၏ အရှိုက်ကိုထိစေမည့်စီမံကိန်းတစ်ခုကို ကျွန်မ ဖော်ထုတ်ပြီးသည်နှင့်တပြိုင်နက် သူတို့လက်တံနှင့်ဝေးရာသို့ ပြေးရန် ကျွန်မ အစီအစဉ်ဆွဲရတော့၏။
လောမိသားစုသည် မူးယစ်ဆေးဝါးနယ်ပယ်မှ အပြီးသတ်ဆုတ်ခွာရန်အတွက် နောက်ဆုံးအချီကြီး တင်ပို့မှုကို စီစဉ်ခဲ့သည်။
ထိုအစီအစဉ်ကိုလည်း မစ္စတာလုနှင့် ဗေဒါက ပြည်တွင်းတွင် တာဝန်ယူ၏။ ကျွန်မ နှင့် မစ္စတာချူး က စင်္ကာပူနှင့် ထိုင်ဝမ်မှတဆင့် တာဝန်ယူရ၏။
ထိုအချက်အလက်အစီအစဉ်များအားလုံးကို အန်တီဗိုင်အိုလက်စ်ထံ ကျွန်မ ပေးပို့နိုင်ခဲ့ပါသည်။
ကျွန်မတို့ မိသားစုဘဝကို တစစီဖြိုဖျက်ပစ်ခဲ့သော ဘိန်းဖြူနတ်ဆိုး နှင့် သူ့သခင်ကို အရှိုက်ထိုးလိုက်နိုင်သော ကျွန်မ၏ ခွန်အားမှာ ထိုမျှပင် ရှိပါတော့သည်။
ကျွန်မလွတ်မြောက်ရေးအတွက် ကျွန်မ ကြိုးပမ်းရတော့မည်အချိန်လည်းဖြစ်ပါသည်။
ကွန်တိန်နာသင်္ဘောများ ရန်ကုန်ဆိပ်ကမ်းမှ ထွက်ခွာသွားချိန်တွင်ပင် ကျွန်မသည် အပါးကြီးအား သွားရောက်တွေ့ဆုံခဲ့ပါသည်။
အပါးကြီးအနေဖြင့် ကျွန်မအား သူတို့နှင့်မျိုးနွယ်တူ ထိုင်ဝမ်မှ လုပ်ငန်းရှင်တစ်ဉီးနှင့် လက်ထပ်စေလိုသည်မှာ ကြာပြီဖြစ်၏။
ကျွန်မ က အပါးကြီးနှင့်တွေ့ဆုံပြီး…ထိုလုပ်ငန်းရှင်အားလက်ထပ်မည်ဖြစ်ပြီး..ကျွန်မအား အလုပ်ထွက်ခွင့်ပြုရန်နှင့် အမေရိကန်တွင် သာမန်အိမ်ရှင်မတစ်ယောက်အဖြစ် လက်ကျန်ဘဝကို ကုန်ဆုံးချင်သည်ဟု တောင်းဆိုခဲ့သည်။
အပါးကြီးက ဝမ်းသာအားရပင် ခွင့်ပြုခဲ့ပါသည်။
သည်မှတ်တမ်းကို မတော်တဆသူ ဖတ်မိသည့်အခါတွင်လည်း သူ့အား လှည့်စားအသုံးချခဲ့သော ကျွန်မအား ခွင့်လွှတ်နိုင်လိမ့်မည်ဟု ကျွန်မ ယုံကြည်ပါသည်။
ဗေဒါနှင့် ကျွန်မ ဒီဘဝ ဘယ်တော့မှ ဆုံရန်မဖြစ်နိုင်တော့ပါ။
လူနှစ်ဉီးကြားမှ ချစ်ခြင်းမေတ္တာသည် လက်ထပ်ခြင်းဖြင့် အဆုံးသတ်ရသည်ဟု ကျွန်မ မယုံကြည်ပါ။
ဘဝ၏ အပိုင်းအခြားတစ်ခုတွင် လိပ်ပြာလုံလုံဖြင့် ချစ်ခွင့်ရဉီးမည်ဆိုလျှင်လည်း သူ့ကို ထပ်ချစ်ဖြစ်တော့မည်မထင်ပါ။
ကျွန်မတို့ တွေ့ဆုံမှုကာလတွင် ရှိခဲ့ကြသော အချစ်များသည် ထိုမျှနှင့်ပင် အဓိပ္ပါယ်ရှိရှိ လုံလောက်ခဲ့ပါပြီ။
………………………………………….
စာအုပ်အဆုံးသတ်တွင်တော့..ဗေဒါ့ စိတ်ထဲ ဖြစ်လာသည်က ရှက်စိတ်။
ဂျာနူးကဲ့သို့သော မိန်းကလေးသည်ပင်လျှင် လောမိသားစုအား ပါးပါးနပ်နပ်ဖြင့် သူနိုင်သလောက် လက်စားချေကာ သည်နွံမှ ရုန်းထွက်နိုင်ခဲ့သည်။
သူကတော့ ထိုသို့မဟုတ်။
လောမိသားစု၏ လက်တံမှ ရုန်းထွက်ရန် စိုးရွံနေခဲ့သည်။
အထူးသဖြင့် လောမိသားစုက ပေးထားသောအခွင့်အရေးများကို လက်လွတ်မှာစိုးသည်။
နောက်ထပ် လောမိသားစုက ပေးလာမည့် အပြစ်များနောက်ဆက်တွဲများကို သူကြောက်နေခဲ့သည်။
“ဆရာလေး….ဆရာကြီးလု အပြင်မှာ ရောက်နေပါတယ်”
အဘွားကြီးက တံခါးကို ခေါက်ကာ ပြောလာသဖြင့် ဗေဒါက စာအုပ်ကို ခါးကြားသို့ ကမန်းကတန်းဝှက်လိုက်ကာ ထလာခဲ့လိုက်၏။
တံခါးကို လော့ဖွင့်ပေးလိုက်သည့်အခါ အဘွားကြီး၏နောက်တွင် ရပ်နေသည့် မစ္စတာလုကို တွေ့လိုက်ရသည်။
“ဗေဒါ..မင်းအထဲမှာ ဘာလုပ်နေလဲ”
“ဂျာနူးနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ဘာတွေ့ရမလဲရှာနေတာပါ”
“အေး..အဲ့ဒီကိစ္စ ခဏထားတော့..မင်း ငါနဲ့အတူ ဂျပန်လိုက်ရမယ်”
ခက်ဇော်
အခန်း ၃၂ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>