BREAKING
March 3, 2025

အယုဒ္ဓယတွင် တွဲကားနှင့်ဆိုင်ကယ်တိုက်မိ၍ ထားဝယ်ဒေသခံ တစ်ဦးသေဆုံး ၊ တစ်ဦး ဒဏ်ရာပြင်းထန်

March 3, 2025

ထိုင်းနိုင်ငံ ၊ အယုဒ္ဓယခရိုင်အတွင်း ဘန်ပန်-ဖက်ဟိုင်ကားလမ်းမပေါ်ရှိ မီးပွိုင့်တစ်ခုတွင် ၁၈ ဘီးတွဲကားနှင့် ဆိုင်ကယ်တစ်စီး မတ်လ ၂ ရက် နေ့လယ်ပိုင်းက တိုက်မိခဲ့ကြောင်း ယင်းဖြစ်စဉ် ရုပ်သံမှတ်တမ်းများအရသိရသည် ။

ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန် တစ်ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွား၍ ဆေးကုသနေရကြောင်း ကာယကံရှင်များနှင့် ဆွေမျိုးနီးစပ်သူများက ပြောပြသည် ။

“တစ်စီးတည်းအတူတူစီးလာပြီး ယာဥ်တိုက်မှုဖြစ်တယ် ။ တစ်ယောက်ကသေတယ် ။ ဆေးရုံတင်ထားရတဲ့တစ်ယောက်က ဦးနှောက် မှာ ထိထားတယ်။ စိုးရိမ်ရတယ် ” ဟု ဆွေမျိုးနီးစပ်သူတစ်ဦးကပြောသည် ။

သေဆုံးသူသည် အသက် ၃၀ ဝန်းကျင် ကိုဖြိုးဆိုသူ ဖြစ်ပြီး ဒဏ်ရာရသူသည် အသက် ၂၅ နှစ်ဝန်းကျင် ကိုဇင်ကိုကိုဟိန်း ဆိုသူဖြစ်ကာ နှစ်ဦးစလုံး သည် ဝမ်းကွဲညီအစ်ကို တော်စပ်ကြသူများဖြစ်သည်ဟု ၎င်းကပြောဆိုသည် ။

၎င်းတို့နှစ်ဦးသည် ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ် ၊ အုန်းပင်ကွင်းအုပ်စု ၊ ပယရွာ ဇာတိဖြစ်ကြပြီး အယုဒ္ဓယခရိုင်တွင် သဲစက်လုပ်ငန်း အလုပ်သမားများ အဖြစ်လုပ်ကိုင်နေသူများ ဖြစ်ကြသည် ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်ကလည်း ထိုင်းနိုင်ငံ ၊ ဖန်ငါးခရိုင်တွင် ဆိုင်ကယ်မတော်တဆမှုကြောင့် ထားဝယ်ဒေသခံ သားအမိနှစ်ဦး သေဆုံးခဲ့သေးသည် ။