BREAKING
February 3, 2025

Brexit နောက်ပိုင်း အီးယူခေါင်းဆောင်များအစည်းအဝေး ဗြိတိန်ဝန်ကြီးချုပ် ပထမဆုံးပြန်တက်

February 3, 2025

ဘယ်လ်ဂျီယမ်နိုင်ငံ ၊ ဘရပ်ဆဲလ်မြို့၌ ယနေ့ တနင်္လာနေ့တွင် ပြုလုပ်မည့် ဥရောပသမဂ္ဂ(EU)ခေါင်းဆောင်များ အလွတ်သဘောဆွေးနွေးပွဲကို တက်ရောက်ရန် ဗြိတိန်ဝန်ကြီးချုပ်ကီယာစတားမာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

ဥရောပသမဂ္ဂ(EU)မှ ဗြိတိန်နိုင်ငံ ခွဲထွက်သွားသည့် ‘Brexit’ ဖြစ်ရပ်နောက်ပိုင်း ဥရောပသမဂ္ဂခေါင်းဆောင်များအစည်းအဝေးတစ်ခုကို ဗြိတိန်ဝန်ကြီးချုပ်တစ်ဦးက ပထမဆုံး ပြန်လည်တက်ရောက်ခြင်းပင် ဖြစ်သည်။

ယင်းသို့ ဖြစ်ပေါ်လာစေရန် ရုရှား-ယူကရိန်းစစ်ပွဲနှင့် ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် အမေရိကန်သမ္မတပြန်ဖြစ်လာခြင်းက တွန်းအားပေးလိုက်သည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြထားသည်။

ယင်းအစည်းအဝေးတွင် ဥရောပသမဂ္ဂ(EU) နှင့် ဗြိတိန်နိုင်ငံတို့အကြား ဆက်ဆံရေးကို ပြန်လည်ချိန်ညှိရေး ကျယ်ပြန့်သည့် နိုင်ငံရေးရည်မှန်းချက်များကို အဓိကဦးတည်ဆွေးနွေးသွားမည် ဖြစ်သည်။

ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးသွားကြမည်ဖြစ်သည်။

ယင်းခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဗြိတိန်ဝန်ကြီးချုပ်ကီယာစတားမာသည် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(NATO)၏ အထွေထွေအတွင်းရေးမှူး Mark Rutte နှင့်လည်း တွေ့ဆုံသွားမည် ဖြစ်သည်။

လက်ရှိအချိန်တွင် ကုန်သွယ်ရေးကိစ္စရပ်များအတွက် ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂ(EU) နှင့် ပိုမိုနီးကပ်စွာ လက်တွဲလုပ်ဆောင်နိုင်ရန် စစ်ဆေးသုံးသပ်နေဆဲ ဖြစ်သည်။

Source : Euronews,BBC