BREAKING
February 3, 2025

ကံပေါက်တွင် ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေ

February 3, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလနောက်ဆုံးအပတ်ကစ၍ ဝမ်းပျက်ဝမ်းလျှောလက္ခဏာဖြင့် ဆေးရုံ၊ ဆေးခန်းလာပြသူများလာကြောင်း ဒေသခံ ကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

ဖျားပြီး ဝမ်းပျက်ဝမ်းလျှော၊ မူးဝေအော့အန်လက္ခဏာတို့ဖြင့် ဆေးခန်းလာပြသူများနေကြောင်း ဆေးခန်းများမှ ကျန်းမာရေးဝန်ထမ်းများက ပြောသည် ။

“ပထမတစ်ရက်ဖျားပြီး ဝမ်းပျက်တယ်၊ ပြီးတော့အန်တယ်။ သုံးရက်လောက်တော့ ခံစားရတယ်။ ပြီးရင် ပြန်ကောင်း သွားတယ်” ဟု ကိုယ်တိုင်ဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့သည့် ဒေသခံတစ်ဦးက ဆိုသည် ။

ကံပေါက်တိုက်နယ် ဆေးရုံတွင်လည်း ယင်းသို့ လက္ခဏာဖြင့် ဆေးခန်းလာပြသူ တစ်ရက်လျှင် ပျမ်းမျှ နှစ်ဦးခန့်ရှိကြောင်း ဆေးရုံနှင့် နီးစပ်သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

“တစ်နေ့ ၂ ယောက်လောက်တော့ ဝမ်းပျက်ဝမ်းလျှောလက္ခဏာနဲ့ လာပြနေကြတယ်။ ကံပေါက်အထဲက ရပ်ကွက်တွေရော၊ အခြားရွာတွေကရော လာပြကြတယ်။ ကလေးရော၊ လူကြီးရောဖြစ်နေတာပဲ” ဟု ၎င်းက ပြောသည်။

ထားဝယ်မြို့ပေါ်တွင်လည်း ရပ်ကွက်အချို့တွင် မိသားစုအလိုက် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြကြောင်း မြို့ခံများထံမှ သိရသည် ။

“ဝမ်းရောဂါက နွေရာသီ၊ မိုးရာသီလိုမျိုး ရေရှား၊ ရေမသန့်တဲ့အချိန်မှာ ဖြစ်တာများတယ်။ အခုလိုဆောင်းကာလမှာ ဖြစ်တာ ဆိုရင်တော့ အစားအသောက်နဲ့ သောက်ရေကြောင့် ဖြစ်တာများတယ်။ ဗိုင်းရပ်ကြောင့်သာ ဖြစ်မယ်ဆိုရင်တော့ ဒီထက်ကူးစက်မြန်လိမ့်မယ်” ဟု ထားဝယ်မြို့ရှိ ဆေးခန်းတစ်ခုမှ ဆရာဝန်တစ်ဦးက ပြောသည်။

ဝမ်းပျက်ဝမ်းလျှော မဖြစ်စေရန် သောက်သုံးရေကို သန့်စင်အောင်ပြုလုပ်ပြီး အစားအစာများကိုလည်း ကျက်အောင် ချက်စားသင့်ကြောင်း ၎င်းက အကြံပေးတိုက်တွန်းသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ လဆန်းပိုင်းက လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းရွာက လှေလုပ်သားအချို့လည်း ဝမ်းပျက်ဝမ်းလျှော အစုလိုက် ဖြစ်ခဲ့သေးကြောင်း ကာယကံရှင်များနှင့် နီးစပ်သူများထံမှ သိရသည်။