BREAKING
February 3, 2025

မြန်မာအလုပ်သမား ဇနီးမောင်နှံ ထိုင်းထီ ဘတ် ၆ သန်းပေါက်

February 3, 2025

ပုံစာ - ဆုငွေထုတ်ယူနေစဉ် (MHAC)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်က မြန်မာအလုပ်သမား ဇနီးမောင်နှံ ထိုင်းထီအမြင့်ဆုံးဆု ဘတ် ၆ သန်း ပေါက်ခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

စမွတ်ပရကန်ခရိုင်၊ ဖရပဒျဲဒေသရှိ စက်ရုံတွင် လုပ်ကိုင်နေသော အဆိုပါမြန်မာအလုပ်သမား ဇနီးမောင်နှံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆု ပေါက်ခဲ့ခြင်းဖြစ်သည်။

ထီပေါက်သူနှစ်ဦးက ဆုငွေထုတ်ယူပေးရန် MHAC မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းသဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဆုငွေများကို ထုတ်ယူ၍ ပေးအပ်ခဲ့ကြောင်း အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။

“သူတို့က 7-Eleven ဆိုင်သွားတော့ ထီရောင်းနေတဲ့ ထိုင်းအဖွားကြီးက ဒီလက်မှတ်ယူ ဘတ် ၆ သန်းပေါက်လိမ့်မယ်ပြောလို့ ထိုးလိုက်ရင်း‌ ပေါက်သွားကြတယ်လို့ ပြောတယ်” ဟု ကိုရဲမင်းက ဆိုသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းထီကံထူးခဲ့ပါက လိမ်လည်သူများကို သတိထားကြရန်နှင့် ဆုငွေထုတ်ယူနိုင်ရေး မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ အကူအညီတောင်းကြရန် ၎င်းက တိုက်တွန်းသည်။

လက်ရှိတွင် ကိုရဲမင်းဦးဆောင်သော အလုပ်သမားအဖွဲ့အစည်းမှတစ်ဆင့် ထိုင်းထီပထမဆုကို ကူညီထုတ်ယူပေးနေသည်မှာ ၅၅ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သော ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း ချွန်ဘူရီခရိုင်ရှိ ကွန်ပြူတာပစ္စည်းစက်ရုံက မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦး ထိုင်းထီ ပထမဆုနှစ်စောင်တွဲ ဘတ် ၁၂ သန်း ထီပေါက်ခဲ့သေးသည်။