BREAKING
February 3, 2025

သရက်ချောင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း ကင်းရှေ့ရွာက နေအိမ်အချို့ကိုမီးရှို့

February 3, 2025

ထားဝယ်-မြိတ်သွား ကားလမ်းပေါ်က ရွှေဂူတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်သိမ်းယူခံရပြီးနောက် စစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ကင်းရှေ့ရွာတွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်က နေအိမ်အချို့ မီးရှို့ဖျက်ဆီးကြောင်း ရွာသားအချို့နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်အချို့က ပြောသည်။

ဖေ‌ဖော်ဝါရီလ ၂ရက် ညနေ ၃နာရီခန့်တွင် ရောင်းမော်ရွာမှ ကင်းရှေ့ရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာကြောင်း ၎င်းတို့က ဆိုသည်။

“မနေ့က အိမ်နှစ်လုံး မီးရှို့ခံရတယ်လို့တော့ ပြောတယ်။ ကျွန်တော်တို့လည်း ထွက်ပြေးတိမ်းရှောင်နေရတာဆိုတော့ အိမ်နှစ်လုံးမီးရှို့ခံရတယ်လို့ပဲ ကြားရတယ်။ (အရေအတွက်) အတိအကျ မပြောနိုင်သေးဘူး” ဟု ကင်းရှေ့ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဇန်နဝါရီလ ၂၉ရက်ညတွင် တိုက်ခိုက်သိမ်းယူ မီးရှို့ ဖျက်ဆီးခဲ့သည်။

ယင်းနောက် နောက်တစ်ရက် ဇန်နဝါရီလ ၃၀ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ် အင်အားတစ်ရာကျော်သည် စစ်ကြောင်းထိုးလာကာ ရွှေဂူတံတားတောင်ပေါ်နှင့် ရောင်းမော်ရွာတို့တွင် နေရာယူတပ်စွဲခဲ့သည်။

ရောင်းမော်ရွာတွင် တပ်စွဲထားစဉ် နေအိမ် ၁၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရောင်းမော်ရွာမှာတပ်စွဲထားစဉ် ဖေဖော်ဝါရီလ ၁ရက်ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နှစ်ဖက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံအချို့က ဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်တွင် ကင်းရှေ့ရွာသို့ စစ်ကြောင်းဝင်လာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် တပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“PDF တစ်ဦး သေတယ်ဆိုတာ မဟုတ်ပါဘူး။ ဒရုန်းနှစ်စီးပါသွားတယ်ဆိုတာ ဟုတ်ပါတယ်။ လက်နက် တစ်လက်လည်း သူတို့ဘက်က ရသွားတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထားဝယ်မြို့နယ် ရှင်မုတ္ထီး၊ စော်ဝ၊ ရောင်းမော်ရွာ၊ ယင်းနှင့် အနီးဝန်းကျင်ရှိ သရက်ချောင်းမြို့နယ် ဆေးဖြတ်ကုန်း၊ ကင်းရှေ့၊ ကြာအင်း၊ စော်ဖျားစသည့်ကျေးရွာ ခုနစ်ရွာတို့က ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။