BREAKING
February 3, 2025

ထားဝယ်တက္ကသိုလ်တွင် ဘွဲ့ယူသူ နှစ်ရာနီးပါးသာရှိ

February 3, 2025

ထားဝယ်တက္ကသိုလ်တွင် ဖေဖော်ဝါရီလ ၂ရက်က ၂၁ ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပခဲ့ပြီး ဘွဲ့ယူသူ နှစ်ရာနီးပါးရှိကြောင်း ဘွဲ့တက်ရောက်ယူခဲ့သူများထံမှ သိရသည်။

နေ့သင်တန်း ဘွဲ့ယူသူ ၆၄ ဦးနှင့် အဝေးသင်ဘွဲ့ယူသူ ၁၂၇ ဦး စုစုပေါင်း ၁၉၁ဦး ရှိကြောင်း ၎င်းတို့က ပြောသည်။ နေ့သင်တန်းဘွဲ့နှင်းသဘင်ကို နံနက်ပိုင်းတွင် ကျင်းပပြီး အဝေးသင်ဘွဲ့နှင်းသဘင်ကို နေ့လယ်ပိုင်းတွင် ကျင်းပခဲ့သည်။

“ကျွန်မတို့ မေဂျာမှာ မဟာဘွဲ့ နှစ်ယောက်၊ ဂုဏ်ထူးတန်းတစ်ယောက်၊ ရိုးရိုးဘွဲ့က လေးယောက် အားလုံး ခုနစ်ယောက် ဘွဲ့ယူတယ်။ ဘွဲ့နှင်းသဘင်မှာလည်း အေးအေးဆေးဆေးပါပဲ။ ကျောင်းထဲမှာ လုံခြုံရေးချထားတာမျိုးတွေ မတွေ့ခဲ့ရဘူး” ဟု ဝိဇ္ဇာဘွဲ့ယူခဲ့သည့် ကျောင်းသူတစ်ဦးက ပြောသည်။

ယခုနှစ် ထားဝယ်တက္ကသိုလ်တွင် ဘွဲ့ယူသည့် နေ့သင်တန်းနှင့် အဝေးသင်ကျောင်းသားဦးရေသည် ပြီးခဲ့သည့်နှစ်ကထက် လျော့နည်းခဲ့သည်။

ပြီးခဲ့သည့်နှစ်က ထားဝယ်တက္ကသိုလ်တွင် နေ့သင်တန်းဘွဲ့ယူသူ ၇၅ ဦးနှင့် အဝေးသင်ဘွဲ့ယူသူ ၁၄၇ ဦးရှိခဲ့သည်။

အာဏာသိမ်းပြီးကတည်းက ထားဝယ်တက္ကသိုလ်တွင် ကျောင်းဝင်ခွင့်လျှောက်သူ ဆက်တိုက်လျော့ကျနေကြောင်း ထားဝယ်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းတစ်ဦးက ပြောသည်။

“ကျောင်းတက်တာ နည်းလို့ (ဘွဲ့ယူတာ) နည်းတာပါ။ ပြည်ပထွက်သွားတဲ့ ကျောင်းသားတွေများတယ်။ တချို့က ကျောင်းအပ်ပြီး မတက်ကြတော့တာ။ စစ်မှုထမ်း ဥပဒေကြောက်ပြီး လာအပ်တယ်။ (ကျောင်းအပ်ပြီး) နောက် လာမတက်ကြတော့ဘူး။ တချို့က ရန်ကုန်ပြောင်းတက်တာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက် ကျောင်းပြန်ဖွင့်သည့် ၂၀၂၂ နှင့် ၂၀၂၃ ပညာသင်နှစ် ၂ နှစ်စာ ပေါင်းပေးသည့် ဘွဲ့ နှင်းသဘင်တွင်မူ နေ့သင်တန်းနှင့် အဝေးသင် ဘွဲ့ယူသူ နှစ်ရာခန့်ရှိခဲ့သည်။

ထားဝယ်တက္ကသိုလ်မှ CDM ကျောင်းသားတစ်ဦးကမူ “ဘွဲ့ကို တကယ်လိုအပ်မယ်ထင်လို့ ဆုံးဖြတ်ပြီး ယူကြတယ်လို့ မြင်တယ်။ သူတို့လွတ်လပ်ခွင့်ပေါ့။ တချို့က မိဘဖိအားနဲ့ အခြား ပယောဂကြောင့်လည်းပါတယ်။ ကိုယ့်သဘောဆန္ဒအရ ဘွဲ့ယူတဲ့ လူတွေကိုကတော့ ကိုယ့်အပေါင်းအဖော်ရွယ်တူတွေ ဘာဖြစ်နေလဲ ကိုယ်ချင်းစာစေချင်တယ်” ဟု ပြောသည်။

အာဏာမသိမ်းမီက ထားဝယ်တက္ကသိုလ်တွင် ကျင်းပသည့် ဘွဲ့နှင်းသဘင်များတွင်မူ တစ်နှစ်လျှင် ဘွဲ့ယူသူ ဦးရေ သုံးထောင်မှ ငါးထောင်ဝန်ကျင်ကြားရှိကြောင်း ထားဝယ်တက္ကသိုလ်အသိုင်းအဝိုင်းထံမှ သိရသည်။

ထားဝယ်တက္ကသိုလ်တွင် ယခင်က နေ့သင်တန်းဘွဲ့ကိုသာ ပေးအပ်ပြီး အာဏာသိမ်းပြီးနောက် ပြန်ကျင်းပသည့် ဘွဲ့နှင်းသဘင်မှစတင်၍ အဝေးသင်ဘွဲ့ကိုပါ ပေးအပ်ခြင်းဖြစ်သည်။