ခုနစ်စဉ်ကြယ် စစ်ဘေးရှောင် ကူညီရေးအဖွဲ့နှင့် တွေ့ဆုံခြင်း
အမေရိကန်ပြည်ထောင်စုတွင် သမ္မတသစ် ဒေါ်နယ်ထရမ့် တက်လာပြီးရက်ပိုင်းအတွင်းပင် USAID အပါအဝင် နိုင်ငံတကာ အကူအညီထောက်ပံ့ပေးနေမှုများကို ရပ်တန့်လိုက်သည်။
ယင်းရပ်တန့်မှုကြောင့် မြန်မာပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများ၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းများအနေဖြင့် အခက်အခဲပိုများလာသလို မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၏ စစ်ဘေးရှောင်ကူညီရေးအဖွဲ့များလည်း ပိုမိုကျပ်တည်း ခက်ခဲလာနေကြသည်။
ယခင်တည်းက တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်များအတွက် ပြင်ပအကူအညီ အထောက်အပံ့များ လုံလုံလောက်လောက် မရရှိသဖြင့် ဆေးဝါးနှင့် စားနပ်ရိက္ခာလိုအပ်ချက် ကြီးမားနေသည်။
ယင်းအချိန် အမေရိကန်အစိုးရဘက်က ကူညီထောက်ပံ့မှုများ ရပ်တန့်လိုက်သည့်အတွက် တိုင်းအတွင်းရှိ စစ်ဘေးရှောင်များအနေဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ ပညာရေးကဏ္ဍများအတွက် ပိုမိုခက်ခဲလာနေကြသည်။
စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသောအဖွဲ့များ၏ ကူညီရေးလုပ်ငန်းစဉ်များကိုလည်း ထိခိုက်သွားသည်။
လက်ရှိ အမေရိကန်ဘက်က အကူအညီများ ရပ်ဆိုင်းလိုက်သည့်အတွက် တိုင်းအတွင်းရှိ စစ်ဘေးရှောင်ကူညီရေးအဖွဲ့များ ကြုံတွေ့နေရသော အခက်အခဲများကို သိရှိနိုင်ရန် မြိတ်ခရိုင်ကိုယ်စားပြု ခုနစ်စဉ်ကြယ် စစ်ဘေးရှောင် ကူညီရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်မေးမြန်း၍ ဖော်ပြလိုက်ပါသည်။
DW ။ အမေရိကန်အစိုးရဘက်ကနေ ပြည်ပကူညီထောက်ပံ့မှု ပေးနေတာတွေ ရပ်လိုက်တဲ့အတွက် တနင်္သာရီဘက်က စစ်ဘေးရှောင်အဖွဲ့အနေနဲ့ ဘယ်လိုမျိုး ရိုက်ခတ်မှုရှိနေလဲ။
ဖြေ ။ US ဘက်ကရနေတဲ့ အထောက်အပံ့တွေက စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီး ထောက်ပံ့ပေးနေတဲ့ အပိုင်းရှိတယ်။ နောက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ ကူညီပေးနေတဲ့အပိုင်းတွေလည်း ရှိတယ်။ ဒီအပိုင်းတွေက အဓိက တနင်္သာရီဘက်ကို ဝင်နေတာဖြစ်တယ်။ နောက်ပြီးတော့ ပညာရေးအပိုင်းတွေမှာလည်း ရှိတယ်ပေါ့နော်။ စစ်ဘေးရှောင်ကလေးတွေ ပညာသင်ရေးနဲ့ ပတ်သက်ပြီးတော့ ထောက်ပံ့ပေးနေတဲ့ အပိုင်းလည်းရှိတယ်။ အချို့ Program လေးတွေနဲ့ သွားနေတဲ့ အပိုင်းတွေလည်း ရှိကြတယ်ပေါ့နော်။ အဲလိုမျိုးအပိုင်းတွေထဲက အချို့က လက်ရှိ US ဘက်ကနေ ရပ်ဆိုင်းလိုက်တဲ့အတွက် ကျွန်တော်တို့ ချက်ချင်းကြီး ရပ်နားလိုက်ရတယ်ပေါ့နော်။ စစ်ဘေးရှောင်တွေအပေါ် အကျိုးသက်ရောက်မှု ကြီးမားသွားတာပေါ့။ ချက်ချင်းကြီး စားနပ်ရိက္ခာထောက်ပံ့မှုအချို့ အကုန်လုံးရပ်ကုန်တယ်ပေါ့နော်။ နဂိုကတည်းက ဖူလုံမှုမရှိတဲ့အခြေအနေမှာ တဖြည်းဖြည်း ပိုဆိုးသွားတယ်ပေါ့နော်။ ဆေးဝါးအပိုင်း၊ ပညာရေးအပိုင်းတွေ တောက်လျှောက်အကုန်လုံး ဒုက္ခရောက်သွားတဲ့အခြေအနေမျိုးရှိတယ်။ စစ်ဘေးရှောင် အခက်အခဲတစ်ခုတည်းမဟုတ်ဘဲ အခြားလူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ထောက်ပံ့မှုတွေ ရပ်ဆိုင်းသွားတာ ဖြစ်တဲ့အတွက် ပိုပြီးတော့ ခက်ခဲလာမယ့် အပိုင်းတွေတော့ ရှိတယ်။
DW ။ အပေါ်မှာလည်း ပြောထားတယ်ပေါ့နော်။ US ဘက်က ကူညီထောက်ပံ့မှုထဲမှာ စစ်ဘေးရှောင်ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ အပိုင်းတွေလည်း ပါတယ်ဆိုတော့ သူတို့ရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ဘယ်လို အခက်အခဲတွေ ရှိနေကြလဲ။
ဖြေ ။ စစ်ဘေးရှောင်တွေရဲ့ ပညာရေးအပိုင်းမှာကျတော့ လက်ရှိ NUG ရဲ့ ယန္တရားနဲ့ သွားနေတာမျိုးတွေရှိတော့ ဒါတွေအပိုင်းမှာကျတော့ အဆင်ပြေကောင်း ပြေနိုင်ဦးမယ်ပေါ့နော်။ သို့ပေမယ့် အခြားသော တစ်တိုင်းလုံးအနေနဲ့ ဆင်းနေတဲ့ ပရောဂျက်တွေလည်း ရှိတယ်ပေါ့နော်။ လူငယ်တွေနဲ့ ပတ်သက်ပြီးတော့ အဓိကလုပ်နေတဲ့ အပိုင်းလေးတွေလည်း ရှိတယ်။ အဲလိုအပိုင်းတွေ ရပ်နားသွားတာမျိုးတွေ ရှိတယ်။ နောက်ပိုင်း Scholar (ပညာသင်ဆု) တွေနဲ့ ပတ်သက်တဲ့အပိုင်းပေါ့။ Scholar နဲ့ ပတ်သက်တဲ့ အပိုင်းတွေမှာလည်း အချို့သော လူငယ်စစ်ရှောင်တွေ နိုင်ငံရေးအရ ရှောင်နေတဲ့လူငယ်တွေကလည်း ဒါတွေနဲ့ ပတ်သက်ပြီးတော့ လက်လှမ်းမီတဲ့ သူတွေမျိုးရှိတယ်။ အဲလိုတွေအတွက်လည်း ရပ်ကုန်ပြီဖြစ်တဲ့အတွက် အခက်အခဲရှိတယ်ပေါ့နော်။ ပြည်တွင်းကနေ ပြည်ပကို နိုင်ငံရေးအရ ရှောင်ပြီး ပညာသင်သွားတဲ့သူတွေလည်း အများကြီးရှိတယ်ပေါ့နော်။ စစ်ဘေးရှောင်တွေထဲကနေပဲ ဒီလိုမျိုး ပညာသင်သွားခဲ့တဲ့သူတွေပေါ့။ ဒီလိုမျိုးလူတွေအတွက် အခက်အခဲတွေ ပိုရှိလာတယ်ပေါ့နော်။ တချို့ဆိုရင် ပြည်တွင်းထဲနေလို့ အဆင်မပြေတော့လို့ ထိုင်းဘက်ကို ရှောင်လာတဲ့သူတွေထဲကနေ စကော်လာတွေကို လက်လှမ်းမီသွားတာမျိုး။ သူတို့ကို ထောက်ပံ့ပေးတာမျိုးတွေ ရှိတယ်။ အဲလိုပညာရေးနဲ့ ပတ်သက်တဲ့ အပိုင်းတွေ အကုန်လုံး ရပ်တန့်သွားတယ်လို့ ပြောလို့ရတယ်။ အဲတော့ ဆက်ပြီး သင်ယူဖို့ဆိုရင် ကိုယ်ထူကိုယ်ထ ကိုယ့်ဘတ်ဂျက်နဲ့ကိုယ် ပြန်သွားပြီးတော့ သင်ယူရမယ့်အခြေအနေတွေ ဖြစ်နေတယ်။ မြေပြင်မှာရှိတဲ့ စစ်ဘေးရှောင်တွေအနေနဲ့က သူတို့ရဲ့ သင်ထောက်ကူပိုင်း ပစ္စည်းကရိယာပိုင်းတွေအပိုင်းမှာ ထောက်ပံ့မှုတွေ အားနည်းကုန်နိုင်တယ်။
DW ။ စစ်ဘေးရှာင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကူညီနေတဲ့အပိုင်းမှာရော နောက်ထပ် ဘယ်လိုကြုံတွေ့နေရလဲ။
ဖြေ ။ ကျန်းမာရေးအပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ကဏ္ဍအလိုက် ငှက်ဖျားနဲ့ ပတ်သက်ပြီး လိုက်ပြီး ကူညီထောက်ပံ့ပေးနေတဲ့ ဆေးအဖွဲ့တွေလည်း ရှိတယ်။ အဲလိုမျိုးအပိုင်းတွေမှာလည်း အားနည်းသွားနိုင်တယ်။ နောက်ပြီး အခြေခံ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေရှိတယ်ပေါ့နော်။ အဲလိုအပိုင်းတွေလည်း လက်ရှိအချိန်မှာ ရပ်တန့်သွားပြီဖြစ်တယ်။ တကယ်မြေပြင်မှာ လိုအပ်နေတဲ့ စစ်ရှောင်တွေနဲ့ ပတ်သက်ပြီးတော့ ဆေးဝါးကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့တွေကလည်း ဒါတွေကို ဆက်လုပ်နိုင်တော့မှာ မဟုတ်တော့ဘူးပေါ့နော်။ ပြည်ပက အလှူငွေတွေက ရပ်သွားတဲ့အချိန်မှာ ကိုယ့်ရဲ့ Fund ငွေနဲ့ပဲ ပြန်ရှာပြီးတော့ ပြန်ကူရမယ့်အပိုင်းတွေမျိုး ဖြစ်လာတယ်ပေါ့နော်။ အဲလိုအပိုင်းတွေက တကယ့်မြေပြင်မှာ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ ထောက်ပံ့မှုတွေမရ၊ လက်ရှိရှိနေတဲ့ အထောက်အပံ့တွေ ရပ်ဆိုင်းသွားတာဖြစ်တဲ့အတွက် အခက်အခဲတော့ အများကြီး ကြုံရတော့မယ်။
DW ။ ဒီလို ကူညီထောက်ပံ့မှုတွေ ရပ်နားလိုက်တဲ့အတွက် အဖွဲ့ရဲ့ နောက်ထပ် ကူညီရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်လို အခက်အခဲတွေ ရှိလာနိုင်လဲ။
ဖြေ ။ အခုလက်ရှိ US ဘက်က ရပ်ဆိုင်းလိုက်တယ်ဆိုပေမဲ့ အခြားသော ပြင်ပအလှူငွေတွေတော့ ရှိတယ်ပေါ့နော်။ အဓိကကတော့ ပြည်ပရောက် မြန်မာတွေကနေ လှူတာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ ပရဟိတအဖွဲ့တွေ အချင်းချင်း ပြန်ပြီးတော့ ချိတ်ဆက်ပြီးတော့ အဖွဲ့အစည်းတွေကနေ ချိတ်ဆက် လှူဒါန်းတာမျိုးတွေပေါ့။ ဒီဟာတွေက မရပ်တောက်ဘူးပေါ့နော်။ အဓိက ဒါတွေက ဆက်ရှိနေသေးတယ်ဆိုတော့လေ။ နောက်ပိုင်း အခုလက်ရှိ စစ်ရှောင်တွေအပိုင်းကို ကူညီထောက်ပံ့ပေးတဲ့အပိုင်းကလေ ပြည်သူတွေရဲ့အား၊ နောက်ပြီးတော့ ပြည်ပက ပြည်သူတွေရဲ့ အားတွေနဲ့ပဲ ဆက်ပြီးတော့ ပြည်တွင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးတာမျိုးတွေ ဖြစ်လာနိုင်တယ်ပေါ့နော်။
DW ။ ဒီလို ထောက်ပံ့မှုတွေ ရပ်တန့်လိုက်လို့ ဖြစ်လာမယ့် အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ဘယ်လိုနည်းလမ်းတွေ ချမှတ်ထားတာမျိုးရှိလဲ။ ဘယ်လိုရှေ့ဆက်ဆောင်ရွက်သွားဖို့ စီစဉ်ထားကြလဲ။
ဖြေ ။ ဒါက USAID တစ်ခု ရှိနေတာကြောင့်ပေါ့နော်။ USAID ကတော့ Fund ငွေထဲမှာဆိုရင် အကြီးဆုံးလို့တော့ ပြောလို့ရတာပေါ့နော်။ သို့ပေမယ့် USAID မဟုတ်ပဲနဲ့ အခြားသောနိုင်ငံတွေက ချပေးထားတဲ့ဟာတွေရှိတယ်ပေါ့နော်။ အခြားသောနိုင်ငံတွေက ရရှိနေတဲ့ Fund တွေလည်း ရှိတယ်ပေါ့နော်။ ပြီးတော့ အခြားသောနိုင်ငံတွေက organization တွေ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ ပြန်ပြီးတော့ Fund တွေ ချပေးတာမျိုးတွေရှိတယ်ပေါ့နော်။ ဒီပြင်ပအဖွဲ့တွေက ရတဲ့ Fund တွေကတော့ လောလောဆယ် ရပ်မှာတော့ မဟုတ်သေးဘူးပေါ့နော်။ US ဘက်က သီးသန့် support ပေးတဲ့ Fund တွေကို သီးသန့်ရပ်တာဆိုတော့လေ။ ကျွန်တော်တို့ လက်လှမ်းမီတဲ့ အုပ်စုတွေကတော့ အခြားသော ချိတ်ဆက်မှုတွေကို Fund တွေကို ထပ်ရှာပြီးတော့ ကူညီထောက်ပံ့မှုတွေလုပ်ပြီး ရေရှည်မှာတော့ ဆက်သွား၍ ရနိုင်သေးတယ်ပေါ့နော်။ ဒါတွေကို ချိတ်ဆက်ဆောင်ရွက်ပြီး လုပ်လာကြနိုင်မယ်လို့လည်း မြင်တယ်။ ပြီးတော့ လက်ရှိ လောလောဆယ်အခြေအနေမျိုးမှာဆိုရင်တော့ မြေပြင်မှာ ခက်ခဲနေတဲ့သူတွေအတွက် ပြည်သူအချင်းချင်း ရိုင်းပင်ကူညီစောင့်ရှောက်မှုတွေ ပိုပြီးတော့ဖြစ်လာနိုင်မယ်လို့လဲ မြင်မိတယ်။
DW ။ အခြားဖြည့်စွက်ပြောပြချင်တာ။
ဖြေ ။ ပြည်သူတွေကို ပြောပြချင်တာကတော့ ပြည်သူတွေဖြစ်နေတဲ့ အခက်အခဲတွေကို ပြည်သူအချင်းချင်းက ပိုပြီးတော့ ကူညီပေးဖို့ လိုအပ်တယ်ပေါ့နော်။ ကျွန်တော်တို့ ပြည်ပအားက အားကိုးရတဲ့ အထောက်အပံ့တစ်ခုဆိုပေမယ့် တကယ်က အခက်အခဲတွေထဲမှာတော့ ပြည်သူအချင်းချင်းကပဲ ကူညီကြရမယ်ပေါ့နော်။ ကိုယ့်ဒေသ ကိုယ့်နယ်မြေ ကိုယ့်ရဲ့ နိုင်ငံထဲမှာ ဖြစ်နေတာဆိုတော့လေ။ အဓိကကတော့ ကိုယ့်ရပ် ကိုယ့်ရွာထဲမှာ ဖြစ်နေတာတွေကို မမေ့မလျော့ဘဲနဲ့ ဖြစ်နိုင်မယ့်ဟာတွေကို ဘယ်လိုအပိုင်းတွေကနေ ကူညီပေးနိုင်မယ်ဆိုတာကို အချင်းချင်း ပြန်ပြီးတော့ လုပ်ပေးကြဖို့ ပြောပြချင်ပါတယ်။