မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့အနီးတွင် တစ်နာရီခန့်ကြာ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။
ယနေ့(ဖေဖော်ဝါရီ ၃) နေ့လယ် ၁ နာရီခန့်မှစတင်ကာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး နေ့လယ် နှစ်နာရီခန့်တွင် ပစ်ခတ်သံများ ရပ်စဲသွားသည်ဟု ဒေသခံများ ကပြောသည်။
“ပလထွေအုပ်ရုံးနှင့် တန်းရှင်းရွာကြားမှာကိုဖြစ်တာ မိုင်းဆွဲသံတွေ လက်နက်ငယ်ပစ်သံတွေလည်း ကြားရတယ်”ဟု ဒေသခံအမျိုးသားကပြောသည်။
ပလမြို့၊တို အမှတ်၁၊၂ ရပ်ကွက်နှင့်၊ တန်းရှင်းရွာသည် ဖိုခနောင့်ဆိုင် ထိစပ်နေသည့် နယ်မြေဖြစ်သည်ဟု ဒေသခံများကဆိုသည်။
ပလအမှတ် ၁၊၂ ရပ်ကွက်ဖြစ်သည့် တိုရွာသို့ ပြည်သူ့ကာကွယ်ရေးတပ်များ ရောက်ရှိလာပြီးနောက် တစ်နာရီခန့်အကြာတွင် ပစ်ခတ်မှုများ ဖြစ်ခဲ့သည်ဟု ဒေသခံနောက်အမျိုးသား ကပြောသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွါစဥ် ပလမြို့မှ လက်နက်ကြီးသုံးလုံးဖြင့် သင်္ကန်းတောရွာဖက်သို့ ပစ်ခတ်ခဲ့သေးကြောင်းလည်း ဒေသခံများကပြောသည်။
“PDF တွေက သီချင်းဆိုပြီး ဆိုင်ကယ်နဲ့ပြန်ဆုတ်ချိန်မှာ ရွာထဲပစ်ထည့်တာ”ဟု ဒေသခံအမျိုးသားကပြောသည်။
ပစ်ခတ်မှုကြောင့် ထိခိုက်မှုကို မသိရသေးဟု ၎င်းတို့ကပြောသည်။
ပလမြို့တွင်းတိုရွာနှင့် အနီးတစ်ဝိုက်တွင် ၂၀၂၂ ဒီဇင်ဘာလမှစတင်ကာ နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်နေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရမှုနှင့် မီးရှို့မှုများလည်း ဖြစ်ပေါ်ခဲ့သည်။