BREAKING
January 5, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

January 3, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှ ဇန်နဝါရီ ၃ ရက်နေ့အထိ

ဘန်ကောက်မှ တောင်ကိုးရီးယားပျံလာတဲ့ လေယာဉ်တစ်စီး အဆင်းမှာ ပေါက်ကွဲလို့ လူ ၁၇၉ ဦး သေဆုံး

ထိုင်းနိုင်ငံကနေ တောင်ကိုရီးယားကို ပျံသန်းလာတဲ့ Jeju လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်ဟာ ဒီဇင်ဘာ ၂၉ ရက်နေ့က အဆင်းမှာ ဘီးချမရဘဲ ပြေးလမ်းချော်ပြီး လေဆိပ်ခြံစည်းရိုးကို ဝင်တိုက်ခဲ့လို့ ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၁၇၅ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၆ ဦး စုစုပေါင်း ၁၈၁ ဦးလိုက်ပါလာခဲ့ပြီး ၂ ဦးကိုပဲ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့တာပါ။

လေယာဉ်ဆင်းတဲ့အချိန်မှာ ဘီးတွေ ထွက်မလာတဲ့အတွက် လေယာဉ်ဟာ ပြေးလမ်းပေါ်ကို ဝမ်းဗိုက်နဲ့ ဆင်းခဲ့ရာ ပြေးလမ်းအဆုံးမှာ ကာထားတဲ့ ကွန်ကရစ်ခြံစည်းရိုးကို ဝင်တိုက်မိပြီး တစ်စီးလုံးနီးပါး မီးလောင်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ၁၉၉၇ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယား လေကြောင်းပို့ဆောင်ရေး သမိုင်းတလျှောက် အဆိုးရွားဆုံး ထိခိုက်ဆုံးရှုံးမှုဖြစ်ပါတယ်။

Ref: CNN

………………………………..

Jeju Air လေကြောင်းလိုင်းရုံးကို ရဲတပ်ဖွဲ့တွေ ဝင်စီး၊ ပိုင်ရှင်ကို ပြည်ပထွက်ခွင့်ပိတ်

တောင်ကိုရီးယားနိုင်ငံမှာ Jeju Air လေကြောင်းလိုင်းနဲ့ Muan နိုင်ငံတကာ လေဆိပ်လုပ်ငန်းတွေကို ကြီးကြပ်တဲ့လုပ်ငန်းရုံးတွေကို ရဲတွေကနေ ဇန်နဝါရီလ ၂ ရက်နေ့က ဝင်စီးခဲ့ပါတယ်။

ဒါ့အပြင် Jeju Air လေကြောင်းလိုင်း ပိုင်ရှင်ဖြစ်သူ Kim E-bae ကိုလည်း ပြည်ပထွက်ခွင့် ပိတ်လိုက်တာပါ။

လူပေါင်း ၁၇၉ ဦး သေဆုံးခဲ့ရတဲ့ လေယာဉ်ပျက်ကျမှုအပေါ် တာဝန်ရှိသူတွေ ဆက်လက်စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

လေယာဉ် ကြံ့ခိုင်မှုနဲ့ဆိုင်တဲ့မှတ်တမ်းတွေ လေဆိပ်လုပ်ငန်းလည်ပတ်မှုနဲ့ဆိုင်တဲ့ အချက်အလက်တွေကိုလည်း ရဲက သိမ်းဆည်းခဲ့ပါတယ်။

Ref: Aljazeera

………………………………..

ဂါဇာဆေးရုံက ပါလက်စတိုင်း ၂၀၀ ကျော်ကို အစ္စရေးစစ်တပ် ဖမ်းဆီး

ဂါဇာမြောက်ပိုင်းက ကာမယ် အက်ဝမ် ဆေးရုံကို ဒီဇင်ဘာ ၂၇ ရက်နေ့က အစ္စရေးစစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဆေးရုံဒါရိုက်တာနဲ့ ဆေးဝန်ထမ်းတွေ အပါအဝင် ပါလက်စတိုင်း ၂၄၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

ညနေပိုင်းမှာတော့ အစ္စရေးစစ်တပ်က ဆေးရုံဝန်ထမ်း တချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် အများစုကိုတော့ ပြန်မလွှတ်ပေးသေးပါဘူး။

အစ္စရေးစစ်တပ်ကတော့ ဒီဆေးရုံဟာ ဟားမတ်စ်တွေရဲ့ စစ်ဆင်ရေးဌာနချုပ် အဖြစ် အသုံးချတဲ့ နေရာ ဖြစ်ပြီး အခုဖမ်းထားသူတွေဟာ စစ်သွေးကြွလို့ သံသယရှိသူတွေလို့ စွပ်စွဲထားတာပါ။

ဆေးရုံကနေ တိုက်ခိုက်ရေးလုပ်နေတယ် ဆိုတဲ့ အစ္စရေးတွေရဲ့ ပြောကြားချက်ဟာ မမှန်ကန်ဘူး၊ ဆေးရုံမှာ တိုက်ခိုက်ရေးသမားတွေ မရှိဘူးလို့ ဟားမတ်စ်အဖွဲ့ကတော့ တုံ့ပြန်ထားပါတယ်။

Ref: REUTERS

………………………………..

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာကွယ်လွန်

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ ဟာ အသက် ၁၀၀ ပြည့်နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဂျင်မီကာတာဟာ ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၃၉ ဦးမြောက် သမ္မတဖြစ်လာခဲ့သူပါ။

သူ့လက်ထက်မှာ အီဂျစ်နဲ့ အစ္စရေးအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

သမ္မတသက်တမ်းကုန်ခဲ့ပြီးနောက်တော့ ကမ္ဘာ့အနှံသွားလာပြီး ရောဂါတိုက်ဖျက်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စရေးတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

ကာတာစင်တာကို ဖွဲ့စည်းပြီးတဲ့နောက် နိုင်ငံပေါင်းစုံက ရွေးကောက်ပွဲကို စောင့်ကြည့်တာ၊ အငြင်းပွားမှုတွေမှာ ကြားဝင်စေ့စပ်တာတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။

Ref: BBC

………………………………..

ဆီးရီးယားအာဏာရှင် အာဆတ်လက်ထက် စစ်မှုထမ်းဟောင်းများ နေအိမ်ဖယ်ရှားပေးရ

ဆီးရီးယားတော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေနေဖို့ အာဏာရှင်ဟောင်း အာဆတ် လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေကို သူတို့ရဲ့ အိမ်ယာတွေကနေ ဖယ်ရှားခိုင်းခဲ့ပါတယ်။

အဆောက်အဦးပေါင်း ဒါဇင်နဲ့ချီရှိပြီး လူတွေရာနဲ့ချီ နေထိုင်နေကြတဲ့ အဆိုပါအိမ်ယာဝင်းတွေဟာ အရင် အာဆတ်အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အရာရှိတွေအတွက် ဆောက်ပေးထားတာပါ။

လက်ရှိမှာတော့ ဆီးရီးယားနိုင်ငံရဲ့စစ်တပ်ကို အသစ်ပြင်ဆင် ဖွဲ့စည်းမှုတွေလုပ်ဆောင်နေလို့ အာဏာရှင်ဟောင်း အာဆတ်လက်ထက်က စစ်သားတွေကို စစ်မှုထမ်းခွင့် ရုပ်သိမ်းထားပါတယ်။

ဒါကြောင့် သူတို့ရဲ့ အိုးအိမ်တွေကနေ စွန့်ခွာပေးကြရတာဖြစ်ပါတယ်။

Ref: REUTERS

………………………………..

ယီမန်က ဟူသီသူပုန်နယ်မြေတွေကို အမေရိကန်တိုက်ခိုက်

ယီမင်နိုင်ငံတွင်းက ဟူသီ သူပုန်တို့ ထိန်းချုပ်ရာ နယ်မြေတွေကို အမေရိကန် တပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၃၁ ရက်နေ့က တိုက်ခိုက်ခဲ့ပါတယ်။

ယီမင်နိုင်ငံ မြို့တော် ဆာနား အပါအဝင် ဟူသီ သူပုန်တို့ ထိန်းချုပ်ရာ ကမ်းရိုးတန်း ဒေသတွေကို တိုက်ခိုက်ခဲ့တာပါ။

ဟူသီတွေရဲ့ ထိန်းချုပ်ရာဌာနတွေအပြင် ဒုံးကျည်တွေ၊ အဝေးထိန်း ဒရုန်းယာဉ်တွေနဲ့ လက်နက် သိုလှောင်ရာ ဒေသတွေကိုလည်း အမေရိကန်က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဟူသီ သူပုန်တွေ အနေနဲ့ ဒေသတွင်းက အမေရိကန်ရဲ့ မိတ်ဖက်တွေနဲ့ ကုန်တင် သင်္ဘောတွေကို ခြိမ်းခြောက်နေတာတွေ လျော့သွားစေဖို့ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

Ref: CBS News

………………………………..

အမေရိကန်တွင် နှစ်သစ်ကူးညက လူအုပ်ကြီးထဲ ကားဝင်တိုက်လို့ အနည်းဆုံး ၁၅ ဦး သေဆုံး

အမေရိကန်ပြည်ထောင်စု New Orleans ပြည်နယ်မှာ နှစ်ဆန်း ၁ ရက်နေ့က လူအုပ်ကြားထဲ ထရပ်ကား ဝင်တိုက်ခဲ့လို့ လူပေါင်း ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဝင်တိုက်ခဲ့သူက အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ကိုအားကျသူလို့ ယုံကြည်ရတယ်လို့ အမေရိကန် ဗဟိုအစိုးရ ထောက်လှန်းရေးဗျူရို FBI က ဆိုပါတယ်။

အသက် ၄၂ နှစ် အရွယ် Shamsud-Din Jabbar ဟာ New Orleans ရဲ့ နာမည်ကျော် ဘာဘွန်းလမ်းမှာ လူအုပ်ထဲကို ထရပ်ကားနဲ့ မောင်းဝင်ခဲ့တာပါ။

သူက အမေရိကန်ပြည်ထောင်စု Texas ပြည်နယ်က ဖြစ်ပြီး အမေရိကန် စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ကမ္ဘာတဝန်း နှစ်သစ်ကို ကြိုဆို

၂၀၂၅ နှစ်သစ်ကို ကမ္ဘာ့နိုင်ငံအသီးသီးကနေ မီးရှုးမီးပန်းတွေပစ်ဖောက်၊ မီးအလှတန်ဆာတွေဆင်ပြီး ပျော်ပွဲရွှင်ပွဲများဖြင့် ကြိုဆိုခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က Times Square မှာလည်း နှစ်သစ်ကူးကြိုဆိုသူတွေ သိန်းနဲ့ချီတက်ရောက်ခဲ့တာပါ။

နယူးဇီလန်ကစလို့ သြစတြေးလျကနေ အာရှ၊ အာဖရိက၊ ဥရောပ၊ အမေရိကတခွင် နှစ်သစ်ကူးညကို ကြိုဆိုခဲ့ကြပါတယ်။

ကီရီဘီတီကျွန်းနိုင်ငံနဲ့ နယူးဇီလန် မြို့တော် Auckland က ပထမဆုံး နှစ်သစ်ကို ကြိုဆိုကြပြီး အမေရိကန် Samoa ကျွန်းကတော့ နယူးဇီလန်နဲ့ ၂၄ နာရီကွာပြီး နှစ်သစ်ကို နောက်ဆုံးကြိုဆိုတဲ့ နိုင်ငံတွေထဲ ပါဝင်ပါတယ်။

Ref: CNN

………………………………..

ဝေလငါးက ရင်သွေးငယ်သေဆုံးလို့ ကျောပေါ်တင် ကူးခတ်ပြီး ပူဆွေးနေကြောင်း ပြသ

တာလီကွာလို့ အမည်ပေးထားတဲ့ ဝေလငါးအမဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် အနောက်မြောက်ကမ်းရိုးတန်းတစ်ဝိုက်မှာ ရင်သွေးငယ်အလောင်းကို ကျောပေါ်တင်ပြီး ကူးခတ်နေခဲ့တာကို ထောက်လှမ်းနိုင်ခဲ့ပါတယ်။

ဒီဝေလငါးအမဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း သေဆုံးသွားတဲ့ ရင်သွေးကို ကျောပေါ်တင်ပြီး မိုင် ၁၀၀၀ ကျော် အကွာအဝေးအထိ ကူးခတ်ခဲ့ဖူးပါတယ်။

အခုလည်း နောက်ထပ်သားပေါက်တစ်ကောင်ကို ထပ်မံဆုံးရှုံးခဲ့ရလို့ ဝမ်းနည်းပူဆွေးမှုကို ပြသနေတယ်လို့ဆိုပါတယ်။

တာလီကွာရဲ့ သေဆုံးသွားတဲ့ ရင်သွေးငယ် နှစ်ကောင်လုံးဟာ ဝေလငါးအမတွေဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကြောင့် မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အသားစားဝေလငါးအရေအတွက် သိသိသာသာ ကျဆင်းလာနေတယ်လို့ ကောက်ချက်ချထားပါတယ်။

Ref: The Guardian

………………………………..