သရက်ချောင်းမြို့နယ်တွင် အခြေစိုက်လှုပ်ရှားသည့် ကစယ်ဒိုကျားအထူးတပ်ဖွဲ့ နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများကို အနှောင့်အယှက်မပေးရန် PDF တပ်ရင်းတပ်ဖွဲ့များအပါအဝင် တော်လှန်ရေးတပ်ဖွဲ့အားလုံးကို ကစယ်ဒိုကျားအထူးတပ်ဖွဲ့ သတိပေးစာ ထုတ်ပြန်ထားသည်။
KNU တပ်မဟာ (၄)၊ KNLA တပ်ရင်း (၁၂)၊ တပ်ခွဲ (၂) ကစယ်ဒိုကျားအထူးတပ်ဖွဲ့နယ်မြေအတွင်း စစ်ရေးစတင်လှုပ်ရှားမှု များကို ရန်သူသိရှိစေရန် တိုက်ရိုက်နှောင့်ယှက်မှုများရှိနေသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက မိမိတို့၏တပ်ဖွဲ့ဝင်များကို အချိန်မီထိန်းသိမ်းပြုပြင်နိုင်ရန် အသိပေး ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဆိုသည်။
ကစယ်ဒိုကျားအထူးတပ်ဖွဲ့တာဝန်ယူထားသော နယ်မြေဧရိယာအတွင်းက တော်လှန်ရေးတပ်ဖွဲ့ဟု ခံယူထားသော လက်နက်ကိုင်တပ်ဖွဲ့အားလုံးသိရှိစေရန်ဆိုပြီး ကစယ်ဒိုကျားအထူးတပ်ဖွဲ့ တပ်ခွဲမှူး ဖိုးသောကြာက လက်ရေးဖြင့် ရေးထားသည့် စာကို ဇန်နဝါရီလ ၁ရက်က ထုတ်ပြန်ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်ကို လိုက်နာခြင်း မရှိဘဲ စစ်ရေးလမ်းကြောင်းပေါ်တွင် ဆက်လက်နှောင့်ယှက်လျှင် မည်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းကိုမဆို ရှင်းလင်းသွားမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။
“ကျွန်တော်တို့က နေရာတစ်ခုကိုအလစ်ဝင်တိုက်ဖို့လုပ်တော့ အဲဒီစခန်းကို ကျွန်တော်တို့တိုက်မရအောင် လက်နက်ကြီးနဲ့ အရင်သွားထုတယ်လေ။ (စစ်ကောင်စီတပ်နဲ့) အပေးအယူတွေ လုပ်ထားတယ်ဆိုတာလည်း အတွင်းသတင်းတွေက ကျွန်တော်တို့ကို ပြန်ပေးပို့တာပဲ။ ဒါကြောင့် ရှင်းလင်းမယ်လို့ သတိပေးတာ။ မလိုက်နာရင် သူတို့ကိုအရင်တိုက်မှာဘဲ” ဟု ကစယ်ဒိုကျားအထူးတပ်ဖွဲ့က တပ်ခွဲမှူး စောဘဦးသစ်က ပြောသည်။
စစ်ရေးလမ်းကြောင်းကို နှောင့်ယှက်သည်ဆိုသောအဖွဲ့ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသလို အထက်ပါ ဖြစ်စဉ်မှာ မည်သည့်နေရာက ဖြစ်ပွားသည့်နှင့် မည်သည့်စခန်းကို တိုက်ခိုက်ရန် ပြင်ဆင်စဉ် ဖြစ်ပွားခဲ့သည်တို့ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါ။
အထက်ပါ ထုတ်ပြန်စာမှာ မည်သည့်ဖြစ်စဉ်ကို၊ မည်သည့်အဖွဲ့ကို ရည်ညွှန်းပြောဆိုသည်ကို အတိအကျမသိသလို ၎င်းတို့စစ်ကြောင်းနှင့်လည်း မသက်ဆိုင်ကြောင်း သရက်ချောင်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် ဒေါင်းညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မဟာမိတ်တပ်ဖွဲ့အချင်းချင်း စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများရှိသော်လည်း တစ်ခါတစ်ရံတွင် ဆက်သွယ်ရေးနှင့် ချိတ်ဆက်မှုအားနည်းမှုအချို့ရှိကြောင်း ၎င်းက ပြောဆိုသည်။
“ဒီဘက်ကလည်း အရေးကြီးတဲ့အချိန်ဖြစ်လာတယ်။ ဟိုဘက်ကလည်း မသိခြင်းရဲ့နောက်ပိုင်းမှာ စစ်ရေးအရ ရပ်တန့်တာတွေမျိုး ဖြစ်နိုင်တာပေါ့” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
နိုဝင်ဘာလ တတိယအပတ်ကမူ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး စီးနင်းလိုက်ပါလာသည့် ကားသည် KNLA စစ်ဆေးရေးဂိတ်ကို သတင်းပို့ထားခြင်းမရှိသလို စစ်ဆေးမခံဘဲ မောင်းသွားသည်ဟုဆိုကာ ကားပစ်ခတ်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
တနင်္သာရီတိုင်းတွင် KNLA၊ KNDO၊ KTLA စသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် PDF ၊ ပကဖ တပ်ဖွဲ့တို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ရှိသည်။