BREAKING
January 5, 2025

ထောက်ပို့ထီ ရောင်းအားတက်လာ၍ ဆုကြီးများကို ဆုကြေးငွေ ၄ ဆခန့်အထိတိုးမည်

January 3, 2025

တော်လှန်ရေးအင်အားစုများက စီစဥ်သည့် ထောက်ပို့ထီကို ယခုနှစ် ဇန်နဝါရီလမှစ၍ ဆုကြေးငွေ တိုးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း ထောက်ပို့ထီ၏ တရားဝင်လူမှုကွန်ရက်မှတစ်ဆင့် ဇန်နဝါရီလ ၂ ရက်က အသိပေးကြေညာခဲ့သည်။

ယခင် ထီဆုကြီးအဖြစ် ပထမဆု ကျပ်သိန်း ၅၀၀ ၊ ဒုတိယဆု ကျပ်သိန်း ၅၀ ၊ တတိယဆု ကျပ်သိန်း ၃၀ အထိချီးမြှင့်နေခြင်းဖြစ်ပြီး ၁၃ ကြိမ်မြောက် (ဇန်နဝါရီလကုန်)မှစကာ ပထမဆု ကျပ်သိန်း တစ်ထောင် ၊ ဒုတိယဆု ကျပ်သိန်း နှစ်ရာ ၊ တတိယဆု ကျပ်သိန်းတစ်ရာနှင့် ဆုငယ်များ ၊ အထူးဆုများဖြင့် ဆုကြေးငွေများ တိုး၍ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ထီရောင်းအား တက်လာသဖြင့် ဆုကြေးငွေ တိုးမြှင့်၍ ထီဂဏန်း တိုးမြှင့်ခြင်းဖြစ်ကြောင်း ထောက်ပို့ထီကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း ၁ ၏ ဘဏ္ဍာရှာဖွေရေးကော်မတီ ‘ဝိုင်းတွန်းဇို့’ ၏ တာဝန်ခံ တစ်ဦးကပြောသည် ။

” ထီ စဖွင့်တုန်းက ရောင်းအား တစ်သိန်းကျော်ကနေစရောင်းရတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ ရောင်းအားအများကြီးတက်လာတယ်။ ဒီဇင်ဘာလ မှာ အစောင်ရေ ၈ သိန်းကျော်ရောင်းရတယ်။ အခု ဇန်နဝါရီလ မှာ အစောင်ရေ ဆယ်သိန်းပြည့်အောင် ရောင်းရဖို့ လျာထားတယ်” ဟု ၎င်းကပြောသည်။

တစ်စောင်လျှင် မြန်မာကျပ်ငွေ ၂၀၀၀ နှုန်းဖြင့် ရောင်းချနေသည့် ထောက်ပို့ထီကို ထီကိုယ်စားလှယ်များမှတစ်ဆင့် တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေများတွင် ရောင်းချနေသလို၊ ထောက်ပို့အဖွဲ့များမှတစ်ဆင့် ပြည်ပနိုင်ငံများနှင့် အွန်လိုင်းတို့မှတစ်ဆင့် ရောင်းချနေခြင်းဖြစ်သည်။

တော်လှန်ရေး အင်အားစု ထီကိုယ်စားလှယ်များက ရောင်းချရသည့် ရောင်းရငွေ၏ ၈၀ ရာခိုင်နှုန်းကို သက်ဆိုင်ရာ ထီရောင်းချသည့် တော်လှန်ရေးအဖွဲ့အစည်းက ရရှိ၍ ၂၀ ရာခိုင်နှုန်းကို ထီဆုငွေနှင့် အခြားထောက်ပံ့နိုင်ရန် ထောက်ပို့ထီအဖွဲ့သို့ ပြန်သွင်းရသည့် ပုံစံဖြင့် လည်ပတ်သည်ဟု ‘ဝိုင်းတွန်းဇို့’၏ တာဝန်ခံ ကပြောသည်။

သို့သော် ထောက်ပို့အဖွဲ့များ ၏ ကိုယ်စားလှယ်ယူ ရောင်းချသည့် ထီရောင်းရငွေများကိုမူ ထောက်ပို့ထီ အဖွဲ့သို့ တိုက်ရိုက်အပ်ရသည်ဟု ဆိုသည်။

ထီရောင်းရ အမြတ်ငွေမှ တော်လှန်ရေးကဏ္ဍ နှင့် စစ်ဘေးရှောင်ကဏ္ဍအတွက် သီးခြား ပြန်လည်ထောက်ပံမှုများလည်း ရှိပြီး ယင်းထောက်ပံမှုများကိုမူ ထောက်ပို့ထီ ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြန်လည်တင်ပြပေးလေ့ရှိသည် ။

တနင်္သာရီတိုင်းတွင် ထောက်ပို့ထီ ရောင်းချပေးနေသည့် တော်လှန်ရေးအင်အားစု ၇ ဖွဲ့ထက်မနည်းရှိသည်ဟု သိရသည် ။

၁၂ ကြိမ်မြောက်အထိ ရောင်းချခဲ့သည့် သက်တမ်းတစ်လျှောက်တွင် တနင်္သာရီတိုင်းမှ ထီဆု အမြင့်ဆုံးအဖြစ် ပထမဆု နှစ်ကြိမ် နှင့် ဒုတိယဆု တစ်ကြိမ် ကံထူးဖူးသည်။

ထောက်ပို့ထီ ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့ပြီး ၁၂ ကြိမ်မြောက်တွင် အရောင်းကိုယ်စားလှယ် ၂၁၁ အဖွဲ့ထိရှိပြီဖြစ်ကြောင်း ထောက်ပို့ထီ အဖွဲ့ကထုတ်ပြန်သည် ။

တစ်ဖက်တွင်လည်း စစ်ကောင်စီက ချုပ်ကိုင်ထားသည် အောင်ဘာလေထီ ရောင်းအားသည် အာဏာသိမ်းပြီးကတည်းက သိသိသာသာကျဆင်းနေသည်ဟု အောင်ဘာလေ စျေးကွက်မှသိရသည် ။

” (အောင်ဘာလေ)ထီ က ရောင်းအားကျတာလို့တောင်မဟုတ်ဘူး၊ ထိုးဖို့ ထားဝယ်မှာ ဝယ်မရှိလို့ ရန်ကုန်တစ်လှည့် ၊ မြိတ်တစ်လှည့် လှမ်းမှာယူရတယ်။ နယ်ဆိုင်တွေဆိုလည်း လုံးဝပိတ်ကုန်တယ်။ ရောင်းနေတာတောင်မတွေ့ရတော့ဘူး “ ဟု အောင်ဘာလေ ထီထိုးသူ တစ်ဦးကဆိုသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ထီရောင်းအား ကျလာသဖြင့် အောင်ဘာလေထီ ဆုကြေးများလည်း လျှော့ချခဲ့ပြီး ယခင်အောင်ဘာလေထီ၏ ဆုကြေးအမြင့်ဆုံး ကျပ်သိန်းတစ်သောင်းခွဲအစား ၂၀၂၁ ခုနှစ် ဇွန်လကစ၍ ကျပ်သိန်းငါးထောင်သာ ဆုကြေးအမြင့်ဆုံး သတ်မှတ်ခဲ့သည်။