မြိတ်မြို့တွင် ပေါ်တာဆွဲနေသည်ဆိုသည့်သတင်းများ ထွက်ပေါ်နေသောကြောင့် စားသောက်ဆိုင်အချို့ ညပိုင်း စောစော ပိတ်နေရကြောင်း မြို့ခံအချို့နှင့် ဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။
တပ်သားသစ်စုဆောင်းရေးအတွက် စစ်ကောင်စီတပ်က အတင်းအဓမ္မပေါ်တာဆွဲနေကြောင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ လလယ်ပိုင်းမှစတင်ကာ သတင်းများထွက်ပေါ်လာပြီးနောက် ညဘက်တွင် လူအသွားအလာနည်းသွားကြောင်း မြို့ခံအချို့က ဆိုသည်။
ညပိုင်း လူသွားလူလာနည်းကာ ရောင်းအားကျလာသည့်အတွက် ည ၈နာရီခန့်တွင် ဆိုင်ပိတ်လိုက်ရကြောင်း မြိတ်မြို့တွင် မာလာရှမ်းကောဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ယခင်ကမူ ည ၁၀ နာရီခန့်အထိ ဆိုင်ဖွင့်ရောင်းချလေ့ရှိကြောင်း ၎င်းက ဆိုသည်။
“အခုနောက်ပိုင်း သိသိသာသာ ညဘက်တွေဆို လူအလာနည်းတယ်။ ဒါကြောင့် စောစောဆို (မနက်) ဆယ်နာရီ ဆိုင်ဖွင့် လိုက်တယ်။ ညဘက်ဆို ၇နာရီ၊ ၈နာရီလောက်ဆို သိမ်းလိုက်တယ်” ဟု အဆိုပါဆိုင်ပိုင်ရှင်အမျိုးသမီးက ပြောသည်။
အာဏာမသိမ်းမီက ညပိုင်း လူစည်ကားလေ့ရှိသည့် မြိတ်ကမ်းနားလမ်းတွင်လည်း လူအသွားအလာ သိသိသာသာ နည်းသွားကြောင်း အဆိုပါလမ်းတွင် အကင်ရောင်းသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
“ညနေဘက် ခဏငယ် (လေး) ပဲ လူကျ (စည်) တယ်။ ည ၇နာရီခွဲ ၈နာရီလောက်ဆို လူတောင်သိပ်မတွေ့ရတော့ဘူး” ဟု အဆိုပါအမျိုးသမီးက ပြောဆိုသည်။
မြိတ်မြို့တွင် စစ်မှုထမ်းအသက် အကျုံးဝင်သည့် အမျိုးသားများကို စစ်ကောင်စီတပ်က တပ်သားစုဆောင်းရန် ပေါ်တာဆွဲနေ သည့်အတွက် ညဘက်အပြင်မထွက်ကြရန် အချင်းချင်း သတိပေးတားမြစ်နေကြကြောင်း မြို့ခံအချို့က ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်က မြိတ်ခရိုင် ပုလောမြို့ပေါ်ရပ်ကွက်များနှင့် ရှပ်ပုံကျေးရွာနေ လူငယ်ခြောက်ဆယ်ခန့်ကို စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောဆိုထားသည်။
ထိုသို့ ဖမ်းဆီးရာတွင် Grade 12 အတန်းတက်ရောက်နေသည့် အခြေခံပညာကျောင်းသားနှစ်ဦးလည်း ပါဝင်ကြောင်း မြို့ခံများက ပြောသည်။
အထက်ပါ လူငယ် ခြောက်ဆယ်ခန့်၏ အခြေအနေကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။