သရက်ချောင်းမြို့နယ်၊ ပန်းပြင်ရွာထဲက နေအိမ်တစ်လုံးကို ဇန်နဝါရီ ၂ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
နှစ်သစ်ကူးညသန်းခေါင်ယံအချိန်တွင် သရက်နှစ်ခွရွာတံတားက စစ်ကောင်စီဂိတ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယင်းကျေးရွာနှင့် ကပ်လျက်က ပန်းပြင်ရွာ၊ မဲနယ်အိုးရွာ၊ ပိန်းတောရွာလမ်းတန်းတစ်လျှောက်တွင်လည်း စစ်ကူလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဆက်လက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ပစ်ခတ်မှုဖြစ်ပြီး နောက်တစ်ရက်တွင် ပန်းပြင်ရွာက နေအိမ်အများစုကို စစ်ကောင်စီတပ်က တစ်အိမ်တက်ဆင်း ရှာဖွေစစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်းတွင် နေအိမ်တစ်လုံးကို မီးရှို့ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။
“အိမ်ထဲက ပစ္စည်းတွေကို အိမ်ထဲမှာပဲပုံပြီး မီးရှို့တာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
သို့သော် အိမ်ကို မီးကူးစက်လောင်ကျွမ်းခြင်း မရှိဟု ၎င်းက ဆိုသည်။
နေအိမ်မီးလောင်သည့်အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်သည် ပန်းပြင်ရွာက နေအိမ်များကို မွှေနှောက်ရှာဖွေခဲ့သလို ပိန်းတောရွာက နေအိမ် အချို့ကိုလည်း မွှေနှောက်ခဲ့ပြီး ပစ္စည်းများလည်း ယူသွားကြောင်း ပိန်းတောရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယနေ့မွန်းလွဲပိုင်းတွင် မြိတ်-ထားဝယ်ကားလမ်းရှိ သရက်ချောင်းလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ရှောင်တခင် စစ်ဆေးခဲ့ရာ သစ်တောဌာနက အရာရှိဝန်ထမ်းနှစ်ဦး ဖမ်းဆီးရမိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က (ပကဖအဖွဲ့ဝင်) တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လောလောဆယ်တော့ တာဝန်ရှိသူတွေ စစ်ဆေးနေတုန်းပဲ” ဟု ၎င်းက ပြောသည်။
သရက်နှစ်ခွတံတားနှင့် ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက တစ်ချိန်တည်း တစ်ပြိုင်တည်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျောက်မဲတောင်ရဲစခန်းကိုလည်း ယင်းနေ့ညနေပိုင်းတွင် မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်။