BREAKING
January 12, 2025

လောင်းလုံးတွင် စစ်ကြောင်းထိုးစဉ် ဖမ်းခံရသူ ၁၀ ဦးကျော်ပြန်လွတ်လာ

January 3, 2024

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဉ် ဖမ်းဆီးသွားသည့် ဒေသခံ ၁၀ ကျော် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံရွာသားများနှင့် မိသားစုဝင်များက ပြောသည်။

ဇန်နဝါရီလ ၂ ရက်နေ့ နေလယ်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းသည် ကဒက်ကြီး ရွာဘက်သို့အရောက်တွင် ဒေသခံအမျိုးသား ဆယ်ဦးကျော်ကို ပြန်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်ကဆိုသည်။

“သူတို့ စားသလိုပဲ စားရတယ်။ ရိုက်တာ နှိပ်စက်တာ မရှိဘူးလို့ပြောတယ်။ နောက် ပိုက်ဆံ (လမ်းစရိတ်) လည်းပေးလိုက်သေးတယ်လို့ပြန်ပြောတယ်။ သူတို့ပစ္စည်းတွေ ကူသယ်ပေးရတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်တပ် စီစစ်ကြောင်းသည် ကုန်းလမ်း၊ ရေလမ်းတို့မှ အင်အားအလုံးအရင်းဖြင့် လောင်းလုံးမြို့နယ်ထဲသို့ ဒီဇင်ဘာလ ၂၇ ရက်နေ့ကစပြီး စစ်ကြောင်းထိုးခဲ့သည်။

စစ်ကြောင်းထိုးစဉ် ဝေဒီ၊ စစ်ပြဲ၊ လေးသွန်းခံ၊ ဂေါ့အင်းကျေးရွာတို့မှ ဒေသခံများ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

“ကျွန်မတို့ရွာကလည်း အားလုံးပြန်လွတ်လာကြပါပြီ” ဟု စစ်ပြဲရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဖမ်းခံရသည့် ဝေဒီရွာသားလေးဦးမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့က တစ်ဦးနှင့် ဇန်နဝါရီ ၁ ရက်နေ့တွင် သုံးဦးပြန်လွတ်လာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇန်နဝါရီလ ၂ရက်က လွတ်လာသည့် ဒေသခံဆယ်ဦးကျော်ခန့်မှာ လေးသွန်းခံရွာနှင့် ဂေါ့အင်းရွာသားဖြစ်ကြောင်း ဒေသခံကပြောသည်။

ဇန်နဝါရီ ၃ ရက် ယနေ့ နံနက်တွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ သဗြေရှောင် ကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးရောက်ရှိနေသည့်အတွက် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေတိမ်းရှောင်နေကြရကြောင်း ဒေသခံများကပြောသည်။

သဗြေရှောင်ကျေးအုပ်စုရှိ ဆေးဆိုင်တစ်ဆိုင်ကို မီးရှို့ထားကာ ဒေသခံတစ်ဦးကို ဆက်လက် ဖမ်းဆီးသွားကြောင်းဒေသခံတို့ထံမှ သိရသည်။