BREAKING
December 4, 2024

ကျိုက်ထိုတွင် လူမှုကူညီရေးအသင်းဝင်တစ်ဦးကို စစ်ကောင်စီ ထောင်ဒဏ် ၁၀နှစ်ချ

December 2, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်ရှိ ကော့စံနိုင်လူမှုကူညီရေးအသင်းဝင်တစ်ဦးကို စစ်ကောင်စီက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း နီးစပ်သူတို့က ပြောသည်။

ကော့စံနိုင်လူမှုကူညီရေးအသင်းဝင် ဦးမြအောင်နှင့် သမီးဖြစ်သူ မချစ်စုရတနာ၊ အသင်းဝင်များဖြစ်သည့် ဦးချမ်းသာအောင်၊ ဦးစိုးလှိုင်တို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်က နေအိမ်တို့တွင် ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီးနောက် ၎င်းတို့လေးဦးကို သေဒဏ် အထိချမှတ်နိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) ၊ ၅၄ တို့ဖြင့်အမှုဖွင့်ခဲ့ကြောင်း နီးစပ်သူတို့က ဆိုသည်။

ယင်းအနက် ဦးမြအောင်ကို နိုဝင်ဘာလ ၂၇ ရက်တွင် ကျိုက်ထိုမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

“ကော့စံနိုင်လူမှုကူညီရေးအသင်းဝင်တွေကို ဖမ်းသွားတာက ငါးလလောက်တော့ရှိပြီ။ အခုက အသင်းဝင်တစ်ဦးကိုပဲ ထောင်ဒဏ်ချမှတ်လိုက်တာ” ဟု နီးစပ်သည့် ကျိုက်ထိုမြို့ခံတစ်ဦးက ပြောသည်။

ကျန်ရှိနေသည့် မချစ်စုရတနာနှင့် အသင်းဝင်နှစ်ဦးတို့ကို စစ်ကောင်စီက ထိန်းသိမ်းထားဆဲဖြစ်ပြီး အမှုဆက်လက် ရင်ဆိုင်နေရကြောင်း ၎င်းက ပြောဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့ကို ဆက်သွယ်ခြင်း၊ သတင်းပေးခြင်း၊ ထောက်ပံ့ခြင်းတို့ လုပ်ဆောင်သည်ဆိုပြီး မွန်ပြည်နယ်အတွင်းက မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်များ၊ ရှေ့နေများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ သာမာန်အရပ်သား ပြည်သူများကို ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။

အထူးသဖြင့် စစ်ရေးပြင်းထန်နေသည့် ရေး၊ သံဖြူဇရပ်၊ ပေါင်၊ ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံမြို့နယ်အတွင်းက လူငယ်များ ဆက်တိုက်ဖမ်းဆီးခံနေရပြီး အချို့ကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် အမှုဖွင့် အရေးယူခံနေရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ ဟု အမည်ပေးထားသည့် လူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌ ဦးရဲမင်းထိုက်နှင့် အသင်းဝင် ကိုဝင်းကြည်၊ ကိုတူးတို့ သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့် အရေးယူထားသည်။