မြိတ်မြို့နယ်အတွင်း ဝက်သားဈေး တက်နေသည့်အတွက် ဝက်အရှင် ဈေးကောင်းနေကြောင်း အသားတိုးဝက် မွေးမြူနေသူအချို့ထံမှ သိရသည်။
မြို့နယ်အတွင်း ဝက်သားတစ်ပိဿာလျှင် ကျပ်သုံးသောင်းခွဲခန့်အထိ ဈေးမြောက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ထိုသို့ ဝက်သားဈေးမြောက်နေသည့်အတွက် ဝက်အရှင်ဈေးလည်း တက်လာပြီး ရောင်းတန်းဝင် အသားတိုးဝက် (၄ လသားအရွယ်) တစ်ကောင်လျှင် ကျပ် ၁၃ သိန်းခန့် ဈေးရနေကြောင်း ကျောက်ဖျာကျေးရွာအုပ်စုတွင် ဝက်မွေးမြူသူတစ်ဦးက ဆိုသည်။
ဝက်သားပေါက်ဈေး၊အစာဈေးနှင့်ဆေးဝါးဈေး အပါအဝင် အထွေထွေကုန်ကျစရိတ်က ကျပ်ရှစ်သိန်းခန့်ရှိကြောင်း ၎င်းကပြောသည်။
“အခုချိန် အကောင်ရေအများနဲ့မွေးရင် ဈေးကိုက်(အဆင်ပြေ)နေတယ်။ ဒီဈေးကအမြဲတော့မရဘူး။ အစာကျွေးတာနဲ့လည်း ဆိုင်သေးတာပေါ့။ အစာ ကောင်းကောင်းကျွေးရင်တော့ အသားပိုတိုးတယ်” ဟု အထက်ပါ ဝက်မွေးသူက ဆိုသည်။
ရက် ၃၀ သားအရွယ် ဝက်သားပေါက် တစ်ကောင်လျှင် ကျပ်နှစ်သိန်းခွဲခန့် ပေးဝယ်နေရပြီး ရှားပါးနေသည့်အတွက် ဝယ်ယူရခက်ခဲနေကြောင်း မြိတ်မြို့နယ်အတွင်း ဝက်မွေးမြူနေသူတစ်ဦးက ပြောသည်။
ဝက်အဝယ်ဒိုင်များက အသားတိုးဝက်အရှင်ကို ကတ္တားဖြင့်အကောင်လိုက် ချိန်တွယ်ဝယ်ယူနေပြီး တစ်ပိဿာလျှင် နှစ်သောင်းနှစ်ထောင်ကျပ်အထိ ဈေးပေါက်နေကြောင်း ၎င်းက ဆိုသည်။
ယခင်က ဝက်အရှင်ဈေးမငြိမ်ခြင်း၊ အစာဈေးတက်ခြင်းတို့ကြောင့် အရှုံးပေါ်ကာ မွေးမြူရေးရပ်နားထားသည့် မွေးမြူရေးသမားများပင် ပြန်လည်မွေးမြူလာကြကြောင်း အထက်ပါ ဝက်မွေးမြူရေးသမားက ပြောသည်။
လက်ရှိတွင် မွေးထားသည့် အသားတိုးဝက်အရှင်များကို မြိတ်မြို့က အဓိကလာရောက်ဝယ်ယူနေကြကြောင်းကျောက်ဖျာကျေးရွာအုပ်စုက အသားတိုးဝက်မွေးမြူသူတစ်ဦးက ဆိုသည်။
မြိတ်မြို့နယ်အတွင်း မွေးမြူထားသည့် ဝက်များမှာ ဈေးကွက်အတွင်း လုံလောက်မှုမရှိသဖြင့် မော်လမြိုင်ဘက်က ဝက်များကို ဝယ်ယူရောင်းချနေကြကြောင်း ဈေးကွက်အတွင်းမှ သိရသည်။