BREAKING
January 22, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

November 2, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ

စစ်ကောင်စီအတွက် လေယာဉ်ဆီထောက်ပံ့နေတဲ့ ကုမ္ပဏီငါးခုကို ဗြိတိန်နဲ့ကနေဒါ အရေးယူ

စစ်ကောင်စီတပ်အတွက် လေယာဉ်ဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးနေတဲ့ ကုမ္ပဏီငါးခုကို ဗြိတိန်နဲ့ ကနေဒါက ပိတ်ဆို့ အရေးယူလိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးက အောက်တိုဘာလ ၂၉ရက်မှာ ကြေညာပါတယ်။

နယ်မြေတွေ လက်လွှတ်ဆုံးရှုံးရပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာကြောင့် အရပ်သားသေဆုံးမှု မြင့်တက်နေချိန်မှာ အခုလို ကြေညာလိုက်တာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အများဆုံးဖြစ်ခဲ့ပြီး အရပ်သား ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လက်ခံနိုင်ဖွယ် မရှိသလို အရပ်သားတွေ ထိခိုက်မှုကိုလည်း သည်းခံနိုင်ဖွယ်မရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အခုလို ပိတ်ဆို့တာဟာ စစ်ကောင်စီအတွက် ရန်ပုံငွေ၊ ပစ္စည်းကိရိယာနဲ့ အရင်းအမြစ်တွေ ရယူသုံးစွဲခွင့် ပိုမိုကန့်သတ်လိုက်တာဖြစ်သလို စစ်ကောင်စီတပ်အပေါ်  ဖိအားလည်းတိုးစေမယ်လို့ ဆိုပါတယ်။

ပိတ်ဆို့အရေးယူခံရတဲ့ ကုမ္ပဏီငါးခုကတော့ Asia Sun Group၊ Swan Energy၊ Myan-Oil၊ Rich Ray Trading၊ Progress Technology Support၊ King Royal Technologies ကုမ္ပဏီတွေ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အခုသီတင်းပတ်အတွင်းမှာလည်း ရှမ်းမြောက်၊ စစ်ကိုင်း၊ မကွေး၊ ရခိုင်၊ ချင်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူ ၁၀ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် အချုပ်စခန်းလည်း တိုက်ခိုက်ခံရပြီး ဖမ်းမိထားတဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ဦး သေဆုံးသလို ၆၀ ကျော်လည်းလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

……………………………………..

သတင်းသမားတွေ သတ်ဖြတ်ခံရတဲ့ အဆိုးဆုံးနိုင်ငံစာရင်းထဲ မြန်မာပါ

သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်သူတွေ ရာဇဝတ်မှုကနေ လွတ်ကင်းနေတဲ့ အဆိုးဆုံး နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၁၀ မှာ ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာအခြေစိုက်တဲ့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က အောက်တိုဘာလ ၃၀ ရက်မှာ ထုတ်ပြန်တဲ့ အညွှန်းကိန်းမှာ အခုလို ဖော်ပြတာပါ။ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ကိုမြတ်သူထွန်း၊ ကိုထက်မြတ်သူနဲ့ ကိုဝင်းထွဋ်ဦး စတဲ့ သတင်းသမားသုံးဦးဟာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်တာခံခဲ့ရပြီး အာဏာသိမ်းပြီးချိန်ကနေဆိုရင် သတ်ဖြတ်ခံရတဲ့ သတင်းသမား ရှစ်ဦးအထိရှိနေပြီလို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာလည်း အဆိုးဆုံးစာရင်းမှာပါဝင်ခဲ့တဲ့အတွက် အခုနှစ်ဆိုရင် သုံးနှစ်ဆက်တိုက် ရှိလာပြီဖြစ်ပါတယ်။ အဆိုးဝါးဆုံးနိုင်ငံစာရင်းမှာ Haiti (ဟေတီ) က ထိပ်ဆုံးမှာရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်ကတော့ အဆင့် ၉မှာ ရှိနေပါတယ်။

……………………………………..

တရုတ်နယ်စပ်ဂိတ်ပိတ်မှု၊ စစ်ကောင်စီဖမ်းဆီးမှုတွေကြောင့် ကုန်စည်တွေပြတ်လာ

ပုံစာ – မူဆယ်နယ်စပ်ဂိတ် (ပုံဟောင်း)

တရုတ်နိုင်ငံက နယ်စပ်ဂိတ်တွေကိုပိတ်ပြီး မြန်မာနိုင်ငံကို ကုန်ပစ္စည်းတင်ပို့ခွင့်ပိတ်ပင်တာ၊ စစ်ကောင်စီက ပြည်ပသွင်းကုန် တွေကို လိုက်လံဖမ်းဆီးတာတွေကြောင့် ပြည်တွင်းမှာ ကုန်ပစ္စည်းတွေ ပြတ်လပ်လာပါတယ်။

တရုတ်ဘက်က နယ်စပ်ဂိတ်တွေပိတ်တာ၊ စစ်ကောင်စီက ပစ္စည်းသယ်ယူခွင့် ဖြတ်တောက်ပိတ်ဆို့ထားတာတွေ​ကြောင့် တရုတ်-မြန်မာနယ်စပ်ဒေသတွေဖြစ်တဲ့ ရှမ်းမြောက်နဲ့ ကချင်ဒေသတွေမှာ လူသုံးကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေ၊ လောင်စာဆီတွေ ပြတ်လပ်တာ၊ စျေးမြင့်တက်တာတွေ ကြုံနေရတယ်လို့ ပြည်တွင်းသတင်းတွေမှာ​ဖော်ပြကြပါတယ်။

ပြည်ပသွင်းကုန်တွေကနေ အခွန်ငွေရရှိမှု ဆုံးရှုံးတယ်ဆိုပြီး ထိုင်းနိုင်ငံကနေ ကုန်ပစ္စည်းတင်သွင်းတဲ့ လမ်းခရီးက စစ်ဆေးရေးဂိတ်တွေ၊ မွန်၊ ကရင်နဲ့ မန္တလေးတို့မှာ ပွဲရုံတွေ၊ စျေးဆိုင်တွေကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးနေပါတယ်။ ဒါကြောင့် ရန်ကုန်အပါအဝင် ပြည်တွင်းမှာ တရုတ်နဲ့ ထိုင်းထုတ် ကုန်ပစ္စည်းပြတ်လပ်တာ၊ စျေးမြင့်တက်တာတွေ ကြုံနေရပြီလို့ သတင်းတွေက ဆိုပါတယ်။

……………………………………..

လူမှုကူညီရေးအသင်းသားတွေကို စစ်ကောင်စီဖမ်းဆီး

လူမှုကူညီရေးအသင်းဝင်တွေကို ဖမ်းဆီးတာတွေ စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

မန္တလေးအခြေစိုက် ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ရုံးကို စစ်ကောင်စီက အောက်တိုဘာလ ၂၆ရက်မှာ ဝင်ရောက်စီးနင်းပြီး ဥက္ကဋ္ဌအပါအဝင် အသင်းသားတွေကို ဖမ်းဆီးခဲ့ပါတယ်။ ပရဟိတမင်းခေါင်အဖွဲ့ဟာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နာရေးကို လိုက်ပါပို့ဆောင်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ အမည်ရ လူမှုကူညီရေးအသင်းမှာလည်း အသင်းဝင်တွေ ဖမ်းဆီး တရားစွဲ ခံထားရတာကြောင့် အသင်းကို ဖျက်သိမ်းလိုက်ရပါတယ်။ တော်လှန်ရေးအဖွဲ့တွေနဲ့ဆက်စပ်တယ်လို့ စွပ်စွဲပြီး အသင်းဥက္ကဋ္ဌ အပါအဝင် အသင်းသား ရှစ်ဦးကို စက်တင်ဘာလ ဒုတိယပတ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။ ဒါကြောင့် လုပ်ငန်း ဆက်မလုပ်နိုင်တော့တဲ့အတွက် အသင်းဝင်တွေနဲ့ အလှူရှင်တွေရဲ့ ဆန္ဒအရ အသင်းကို ဖျက်သိမ်းလိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ရွာက မိဘမဲ့ ပရဟိတကျောင်းကိုလည်း အောက်တိုဘာလ ၂၉ရက်က ဝင်ရောက်စီးနင်းခဲ့ပြီး မိဘမဲ့ကလေးတွေ အပါအဝင် ကူညီလုပ်ကိုင်သူ လေးဆယ်ခန့်ကို ဖမ်းဆီးခဲ့တယ်လို့ RFA မြန်မာပိုင်းသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

……………………………………..

ကယန်းအမျိုးသားတပ်မတော်ဖွဲ့စည်း

လွိုင်ကော်၊ ဒီမောဆို၊ မိုးဗြဲ၊ ဖယ်ခုံနဲ့ တခြားကယန်းဒေသတွေမှာ ပြန့်ကြဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်ဖွဲ့တွေကို တစ်စုတစ်စည်းတည်း ပေါင်းစည်းပြီး ကယန်းအမျိုးသားတပ်မတော် (KNA) ကို ဖွဲ့စည်းလိုက်ပါတယ်။

ကယန်းဒေသအတွင်း တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး အခုလို တည်ထောင်လိုက်တာလို့ KNA က အောက်တိုဘာလ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

ကယန်းအမျိုးသားတပ်မတော်ဟာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး လက်နက်ကိုင်အင်အားစု တွေနဲ့ အတူလက်တွဲ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပြည်ထောင်စု အစိုးရအဖြစ် အသိအမှတ်ပြုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

……………………………………..

ရုပ်ရှင်ဇာတ်ကားဝေဖန်သူကို စစ်ကောင်စီဖမ်းဆီး

“ဂျစ်ကားစီးဖူးသလား ဂျားကစ် စာဘူးသရီး” အမည်ရ ရုပ်ရှင်ဇာတ်ကားကို ဝေဖန်ရေးသားခဲ့သည် ကိုရှိုင်းထက်အောင် (ခေါ်) ဗွီးထက်ကူးမားကို စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

ရုပ်ရှင်ဇာတ်ကားနာမည်ဟာ အိန္ဒိယနွယ်ဖွားတွေကို ချိုးနှိမ်ထားရာရောက်သလို ယဉ်ကျေးမှုနဲ့ ဝတ်စုံတွေကို ထိခိုက်စေတယ်လို့ အင်တာနက်လူမှုကွန်ရက်မှာ အောက်တိုဘာလ ၂၄ ရက်မှာ သူက ရေးသားခဲ့တာပါ။ 

အဲဒီနောက် နှစ်ရက်အကြာ အောက်တိုဘာလ ၂၆ ရက်မှာတော့ လှိုင်မြို့နယ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီက အောက်တိုဘာလ ၃၀ ရက်မှာ သတင်းထုတ်ပြန်ရာမှာတော့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ လှုံ့ဆော်ဝါဒဖြန့်တာကြောင့် ဖမ်းဆီးအရေးယူတာလို့ ဖော်ပြပါတယ်။

ဒီဇာတ်ကားဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာ၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ အသုံးအဆောင်တွေကို စော်ကားထားတယ်လို့ မြန်မာဟိန္ဒူသမဂ္ဂကလည်း ထုတ်ပြန်ထားပါတယ်။ ဝေဖန်မှုတွေ မြင့်တက်ပြီးနောက်မှာ ဇာတ်ကား ကြော်ငြာမှာ အဝတ်အစားတွေကို ပြင်ဆင်ခဲ့ပြီး ဇာတ်ကားနာမည်ကိုလည်း “ဂျစ်ကားစီးဖူးသလား” လို့ ပြန်လည်ပြင်ဆင် ကြော်ငြာခဲ့တာ တွေ့ရပါတယ်။

……………………………………..