BREAKING
January 10, 2025

ရော်ဘာဈေးကောင်းနေသော်လည်း နယ်မြေမတည်ငြိမ်မှုကြောင့် ပုလောတောင်သူများ အခက်ကြုံ

November 2, 2024

ဓာတ်ပုံ - Dawei Watch

ရော်ဘာရာသီအစတွင် ရော်ဘာဈေးကောင်းနေသော်လည်း နယ်မြေမတည်ငြိမ်မှုကြောင့် ပုလောမြို့နယ်ရှိ တောင်သူများ အခက်ကြုံနေရကြောင်း ရော်ဘာတောင်သူများထံမှ သိရသည်။

ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းတစ်လျှောက်နှင့် အနီးဝန်းကျင်တွင် အောက်တိုဘာလ ၁၄ ရက်နေ့မှစကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသည့်အတွက် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားနေသည်။

ရော်ဘာဈေးကောင်းနေသော်လည်း နယ်မြေမတည်ငြိမ်မှုကြောင့် ရော်ဘာခြံများအား စွန့်ပစ်ကာ စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း ဇရပ်ဆိပ်‌ရွာရှိ ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

မိုးလေကင်းလွတ်သည့် အောက်တိုဘာလလယ်မှစကာ ရော်ဘာစခြစ်လေ့ရှိပြီး ယခုနှစ်တွင် ဈေးကောင်းရနေကာ ရော်ဘာနေလှန်ပြား တစ်ပိဿာ(၃.၆ ပေါင်)လျှင် ကျပ်တစ်သောင်းနှင့် ရော်ဘာချေး(ခွက်ချေး) တစ်ပိဿာလျှင် ၄၂၀၀ ကျပ်ဝန်းကျင် ဈေးပေါက်နေသည်။

ပြီးခဲ့သည့်နှစ်ကမူ ခွက်ချေး တစ်ပိဿာလျှင် ၂၃၀၀ ကျပ်ဝန်းကျင်နှင့် နေလှန်းပြားတစ်ပိဿာလျှင် ၅၅၀၀ ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိသည်။

ပုလောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပြီးခဲ့သည့်နှစ်ကတည်းက စစ်ရှောင်နေရသူများလည်းရှိခဲ့သည်။

“အရင်နှစ်တွေက ခွက်ချေးလေးရောင်းပြီး စစ်ရှောင်နေတဲ့ မိသားစုကို(ငွေ) ပို့နေတာ။ အခုတော့ခြစ်တောင် မခြစ်ရသေးဘဲ တိုက်ပွဲ‌ကြောင့်ပြေးနေရတယ်”ဟု စစ်ရှောင်နေရသည့် ပုလောမြို့နယ်အတွင်းနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် နယ်မြေမတည်ငြိမ်ချိန် ရော်ဘာအစေးကို ရသမျှခြစ်ထားသည့် တောင်သူအချို့လည်း ရှိနေကြောင်း ဒေသခံအချို့က ဆိုသည်။

သို့ရာတွင် တိုက်ပွဲများခပ်စိပ်စိပ်ဖြစ်လာချိန်တွင် ကျေးရွာအချို့ရှိ ရော်ဘာအဝယ်ဒိုင်များက ဈေးနှိမ်ဝယ်ယူနေ ကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ရွာမှာတော့ ဈေးမကောင်းဘူး။ဈေးနှိမ်ပြီး ဝယ်ကြတယ်။လမ်းကြောင်းမကောင်းလို့”ဟု ဒေသခံအမျိုးသမီးတစ်ဦးက‌ ပြောသည်။

ရော်ဘာအစေးလှီးသည့် လုပ်ငန်းကို မိုးရွာသွန်းချိန်တွင် ရပ်နားထားပြီး‌ အောက်တိုဘာလရောက်မှသာ ပြန်လည်လုပ်ကိုင်လေ့ရှိသည်။

ပုလောမြို့နယ်မှထွက်သည့် ရော်ဘာကိုဒေသခံများထံမှ ဝယ်ယူပြီး မြိတ်မြို့နယ် သဘွတ်ကျေးရွာအုပ်စု၊ ငါးအင်းကျေးရွာရှိ ရော်ဘာရောင်းဝယ်ရေးကုမ္ပဏီထံ ပြန်လည်ရောင်းချနေကြောင်း ရော်ဘာရောင်းဝယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ခွက်ချေးနဲ့နေလှန်းပြားတွေကို သူတို့ဝယ်တယ်။အလေးချိန် တစ်တန်(တစ်ထောင်ကီလိုဂရမ်)အတုံးရအောင် စက်နဲ့ဖိသိပ်တယ်။သေသေချာချာထုပ်ပိုးပြီး ရေကြောင်းနဲ့ မလေးရှားနိုင်ငံကို ပို့တယ်”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က ပြည်‌ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးနေသဖြင့် ပုလောမြို့နယ်အတွင်း‌ရှိ‌ ကျေးရွာများနေ ပြည်သူများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။