BREAKING
January 10, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

November 2, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့အထိ

အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်တွေ ရောင်းမယ်

ထိုင်ဝမ်ကျွန်းဆွယ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စစ်လက်နက် ပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရက အတည်ပြုလိုက်ပါတယ်။

စစ်လက်နက်တွေထဲမှာ အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်လည်း ပထမဆုံးအနေနဲ့ ပါဝင်သွားမှာပါ။

ရောင်းချမယ့် စစ်လက်နက်တွေထဲမှာ ဒေါ်လာ သန်း ၁,၁၆၀ တန်ဖိုးရှိ ဒုံးကျည်စနစ်တွေနဲ့ ဒေါ်လာ ၈၂၈ သန်း တန်ဖိုးရှိ ရေဒါစနစ်တွေ ပါဝင်ပါတယ်။

တရုတ်ကလည်း ထိုင်ဝမ်ကို စစ်ရေးအရ ဖိအားတွေ တိုးမြှင့်ပေးလာနေပြီး ထိုင်ဝမ်ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေ ထပ်မံ ပြုလုပ်ခဲ့ပါသေးတယ်။

စစ်ရေးလေ့ကျင့်ပြီးနောက် ထိုင်ဝမ်ကို ခုခံ ကာကွယ်နိုင်အောင် လိုအပ်တဲ့ အကူအညီတွေ ပေးသွားဖို့ အမေရိကန်က ဆက်ရှိနေပါသေးတယ်။

Ref: AP

………………………………..

မန်ယူနည်းပြ ထုတ်ပယ်ခံရ

အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံးအသင်း မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ အဲရင့်တန်ဟက်ဂ်ကို အောက်တိုဘာ ၂၈ ရက်နေ့က နည်းပြရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

နည်းပြထုတ်ပယ်လိုက်ပြီးတဲ့နောက် လက်ထောက်နည်းပြ မန်ယူရှေ့တန်းကစားသမားဟောင်း နစ္စတယ်ရွိုင်းကို အသင်းရဲ့ ယာယီနည်းပြတာဝန်ခန့်အပ်ထားတာပါ။

အောက်တိုဘာ ၂၇ ရက်နေ့က ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ရှုံးနိမ့်သွားခဲ့လို့ အမှတ်ပေးဇယား အဆင့် ၁၄ ထိရောက်ခဲ့ရပါတယ်။

နောက်တစ်ရက်မှပဲ နည်းပြ အဲရင့်တန်ဟက်ဂ်ကို ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

အဲရင့်တန်ဟက်ဂ်ဟာ ၂၀၂၂ ခုနှစ်က မန်ယူအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီးနောက် သူ့ရဲ့နည်းစနစ်ပိုင်းနဲ့ အုပ်ချုပ်ပိုင်းတွေမှာ ဆက်တိုက် ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

သူကိုင်တွယ်ခဲ့တဲ့ကာလမှာ FA ဖလားတစ်လုံးနဲ့ ခါရာဘောင်ဖလားတစ်လုံး ရယူပေးနိုင်ခဲ့ပေမဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ကိုတော့ မရရှိခဲ့ပါဘူး။

Ref: MU

………………………………..

မြောက်ကိုးရီးယားစစ်သား တစ်သောင်းလောက် ရုရှားကိုစေလွှတ်ထားလို့ အမေရိကန်ဆို

မြောက်ကိုးရီးယားစစ်သား တစ်သောင်းခန့်ကို လေ့ကျင့်ဖို့နဲ့ ယူကရိန်းတိုက်ပွဲမှာ ပါဝင်စေဖို့ ရုရှားကို စေလွှတ်ထားတယ်လို့ အမေရိကန် စစ်ဌာနချုပ် (ပင်တဂွန်) က ပြောကြားလိုက်ပါတယ်။

စေလွှတ်ထားတဲ့ တစ်ချို့ မြောက်ကိုးရီးယားစစ်သားတွေက ယူကရိန်း နယ်စပ်နား ရောက်နေပြီလို့ ဆိုလိုက်တာပါ။

ယူကရိန်းကျူးကျော်တိုက်ခိုက်ခံနေရတဲ့ ရုရှားဒေသက ကာရှ့်ဒေသကို ဦးတည်သွားနေတယ်လို့ ယုံကြည်ရတယ်လို့ ပင်တဂွန်က ဆိုပါတယ်။

တစ်ချို့ မြောက်ကိုးရီးယားစစ်သားတွေက ကာရှ့်ဒေသကို ရောက်နှင့်နေပြီးလို့ NATO တပ်ဖွဲ့ကလည်း အတည်ပြုထားပါတယ်။

ယူကရိန်း-ရုရှားစစ်ပွဲကို မြောက်ကိုးရီးယားက ဝင်ရောက်ပါဝင်နေတာက စစ်ပွဲကို ပိုမိုကြီးထွားအောင် လုပ်လာနေတယ်လို့ ယူဆရကြောင်း ပင်တဂွန်က ဆိုပါတယ်။

Ref: AP

………………………………..

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရုရှားသွား

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးကို ရုရှားနိုင်ငံ စေလွှတ်လိုက်တယ်လို့ မြောက်ကိုရီးယားက အောက်တိုဘာ ၂၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ ရုရှားနိုင်ငံကို မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် သောင်းနဲ့ချီ စစ်ကူပို့ထားတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးတဲ့နောက် သွားရောက်ခဲ့တာပါ။

စစ်ကူပို့ထားတဲ့ သတင်းကြောင့် တောင်ကိုရီးယားနဲ့ မဟာမိတ် အနောက်နိုင်ငံတွေက စိုးရိမ်နေချိန်မှာပဲ မြောက်ကိုရီးယားက နိုင်ငံခြားရေးဝန်ကြီးကို ရုရှားသို့ စေလွှတ်ခဲ့တာဖြစ်ပါတယ်။

ရုရှားဘက်ကလည်း မြောက်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ ရှိပြီး အချိန်နဲ့ ဆွေးနွေးမယ့် အကြောင်းအရာကိုတော့ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။

ရုရှား-ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားရဲ့ ပါဝင်ပတ်သက်မှုကြောင့် စစ်ပွဲ ပိုမိုတာရှည်နိုင်သလို ရုရှားရဲ့ အကူအညီတွေကြောင့် မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံကျည်ခြိမ်းခြောက်မှုတွေ ပိုမိုကြီးထွားလာမှာကို အခြားနိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

Ref: REUTERS

………………………………..

အိန္ဒိယမှာ မီးရှူးမီးပန်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၅၀ ကျော် ဒဏ်ရာရ

အိန္ဒိယနိုင်ငံတောင်ပိုင်း ကယ်ရလာပြည်နယ်က လူစည်ကားတဲ့ ဟိန္ဒူဘုရားကျောင်းမှာ အောက်တိုဘာ ၂၈ ရက်နေ့ညက မီးရှူးမီးပန်းတွေ ပေါက်ကွဲခဲ့တာကြောင့် လူ ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် မီးရှူးမီးပန်းလာကြည့်တဲ့ လူပေါင်း ၁၅၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၉၇ ဦးကို ဆေးရုံတင်ထားရတာပါ။

ဒဏ်ရာရရှိသူတွေထဲမှာ ၈ ဦးက ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

မီးရှူးမီးပန်းတွေ သိုထားတဲ့ နေရာကနေ ပေါက်ကွဲထွက်လာတဲ့အတွက် လာရောက်ကြည့်ရှုတဲ့ ပြည်သူတွေရဲ့ မျက်နှာနဲ့ လက်တွေကို လောင်ကျွမ်းစေခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ဘုရားကျောင်းဥက္ကဌနဲ့ အတွင်းရေမှူးနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

Ref: CAN

………………………………..

အမေရိကန် ရွေးကောက်ပွဲ ကြိုတင်မဲ သန်း ၆၀ ပေးပြီး

အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလတွေထဲမှာပဲ မဲဆန္ဒရှင် ၆၀ သန်းခန့်ကတော့ ကြိုတင်မဲ ပေးပြီးသွားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်တုန်းက မဲပေးသူ ၁၅၅ သန်းရှိခဲ့တာမို့ သုံးပုံတစ်ပုံကျော်က မဲပေးပြီးခဲ့တာပါ။

သမ္မတကိုယ်စားလှယ်လောင်းတွေ ဖြစ်ကြတဲ့ လက်ရှိ ဒုသမ္မတ ကယ်မလာ ဟဲရစ်နဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ကိုယ်စားလှယ်လောင်း ထရမ့်တို့ကတော့ အပြိုင်အဆိုင် မဲဆွယ်နေကြတုန်း ဖြစ်ပါတယ်။

နောက်ဆုံး လူထုစစ်တမ်းတွေအရတော့ ဘယ်ပါတီက သာနေတယ်လို့ တိတိကျကျ မပြောနိုင်သေးပါဘူး။

Ref: NBC

………………………………..

စပိန်မှာ ရေကြီးလို့ ၁၅၈ ဦးထက်မနည်း သေဆုံး

စပိန်နိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် လူ ၁၅၈ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရေကြီးမှုကြောင့် အိုးအိမ်တွေ ပျက်စီးဆုံးရှုံး ရသလို လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်တောက်ခဲ့တာပါ။

စပိန်နိုင်ငံ‌တောင်ပိုင်းနဲ့ အရှေ့ခြမ်းဒေသတွေမှာ အောက်တိုဘာ ၂၉ ရက်နေ့စလို့ နှစ်ရက်ဆက် မိုးသည်းထန်ပြီးတဲ့နောက် ရေကြီးလာခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ရဟတ်ယဉ်တွေ သုံးပြီး အိမ်ပေါ် ပိတ်မိနေသူတွေကို ကယ်ထုတ်ရသလို မော်တော်ယာဉ်တွေပေါ် ပိတ်မိနေသူတွေကိုလည်း လှေတွေသုံးပြီး ကယ်ထုတ်ခဲ့ရတာပါ။

ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးနဲ့ မော်တော်ယာဉ်တွေ ပျက်စီးကုန်လို့ ဒေသခံတွေ ကိုယ့်နေအိမ်မှာပဲ နေကြဖို့ တိုက်တွန်းထားခဲ့ပါတယ်။

လူထောင်ပေါင်းများစွာကလည်း မီးပြတ်တာနဲ့ ရေပြတ်တာတွေပါ ကြုံတွေ့နေကြရပါတယ်။

Ref: CNN

………………………………..

အပစ်ရပ်ရေး သဘောတူညီချက် မရမချင်း အစ္စရေးကို ဆက်တိုက်သွားမယ်လို့ ဟစ်ဘိုလာ ခေါင်းဆောင်သစ်ပြော

လက်ခံနိုင်တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မရမချင်း အစ္စရေးတပ်တွေကို ဆက်တိုက်သွားမယ်လို့ ဟစ်ဘိုလာခေါင်းဆောင်သစ် Naim Kassem က အောက်တိုဘာ ၃၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။

လက်ခံနိုင်လောက်တဲ့ သတ်မှတ်ချက်နဲ့ အစ္စရေးဘက်က ရန်စမှုတွေကို ရပ်တန့်ဖို့ ခေါင်းဆောင်သစ်က ဗီဒီယိုထဲ ပြောကြားခဲ့တာပါ။

စက်တင်ဘာလတုန်းက အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာ ခေါင်းဆောင် Hassan Nasrallh သေဆုံးခဲ့ပြီး သူ့နေရာကို ခေါင်းဆောင်သစ်နဲ့ အစားထိုးခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

လက်ဘနွန်နဲ့ ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲရေးဖြစ်လာစေဖို့ နိုင်ငံတကာက ကြားဝင် တွန်းအားပေးနေတဲ့အချိန် ဟစ်ဘိုလာခေါင်းဆောင်သစ်က ပြောကြားလိုက်တာဖြစ်ပါတယ်။

Ref: Alarabiya

………………………………..

Ballon d’Or ဆုကို မန်စီးတီးကွင်းလယ်လူ ရိုဒရီ ဆွတ်ခူး

၂၀၂၄ ခုနှစ်အတွက် Ballon d’Or ဆုကို မန်စီးတီးအသင်းရဲ့ စပိန်ကွင်းလယ်လူ ရိုဒရီ ဆွတ်ခူးခဲ့ပါတယ်။ 

ရိုဒရီဟာ ရီးရဲလ်ကစားသမားတွေဖြစ်တဲ့ ဗီနီစီယက်ဂျူနီယာနဲ့ ဂျုဒ်ဘယ်လင်ဟမ်တို့ကို ကျော်ဖြတ်ပြီး ဆုရခဲ့တာပါ။ 

ပြီးခဲ့တဲ့နှစ်က မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလား ၄ နှစ်ဆက်တိုက် ဆွတ်ခူးမှုမှာ ရိုဒရီက အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့သလို ယူရို-၂၀၂၄ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုရခဲ့ပြီး စပိန်အသင်းနဲ့အတူ ဖလားရရှထားထား ဖြစ်ပါတယ်။

ရိုဒရီဟာ ၁၉၉၀ ပြည့်နှစ်က လိုသာမားသီးယက်စ်နောက်ပိုင်း Ballon d’Or ဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ ခံစစ်ကွင်းလယ်လူ ဖြစ်ပါတယ်။ 

Ref: Bangkok Post

………………………………..