BREAKING
December 30, 2024

ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် အရပ်သားထိခိုက်သေဆုံး

November 2, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အရပ်သား တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားကြောင်း မြို့ခံတို့က ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့‌ပေါ်နှင့် အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းအဖွဲ့တို့က နိုဝင်ဘာလ ၁ ရက်နေ့ ည ၈ နာရီခန့်ကတည်းက ပစ်ခတ်တိုက်ခဲ့ပြီး နိုဝင်လာလ ၂ ရက်နေ့အထိ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။

တိုက်ပွဲကြောင့် နေအိမ်ပေါ် လက်နက်ကြီးကျည်ကျပြီး အရပ်သား တစ်ဦး သေဆုံးသွားကာ ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိကြောင်း မြိုခံတို့က ပြောဆိုသည်။

နေအိမ်ထိခိုက်ပျက်စီးမှုလည်းရှိကြောင်း ၎င်းတို့က ဆိုသည်။

“မနေ့ည ၈ နာရီလောက်ကတည်းက ပစ်သံကြားရတယ်။ သိသလောက်ကတော့ အရပ်သား တစ်ဦး သေသွားတယ်။ ဘယ်သူမှ ဘယ်မှ မသွားရဲတော့ အခြေအနေအသေးစိတ်ကို မသိနိုင်ဘူး။ ဒဏ်ရာရသူတွေလည်း များတယ်။ နေအိမ်တွေ ထိထားတာလည်း ရှိတယ်။ အကုန်ပုန်းနေရတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် မြို့ခံပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်သွားကြသည်ရှိသလို အချို့ကလည်း မြို့ထဲပိတ်မိနေပြီး မိမိတို့နေအိမ်တွင်သာ ပုန်းခိုနေကြရကြောင်း မြို့ခံတို့ထံမှ သိရသည်။

တိုက်ပွဲကြောင့် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွကားလမ်းပိုင်း ဖြတ်သန်းခွင့်ပိတ်ထားကြောင်း ခရီးသွားတို့ထံမှ သိရသည်။

“တိုက်ပွဲဖြစ်နေတော့ ကားသမားက ကြာအင်းဆိပ်ကြီးဘက် မသွားဘဲ တခြားလမ်းကနေ တက်လာရတယ်။ တချို့ကားတွေ မသိဘဲ ကြာအင်းဆိပ်ကြီးဘက် တက်သွားတော့ အကုန်ပြန်လှည့်လာရတယ်” ဟု မုဒုံမှ ဘုရားသုံးဆူမြို့သို့ လာသည့် ခရီးသည်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသလို ကရင်ပူးပေါင်းတပ်ဖွဲ့တို့ဘက်လည်း ထိခိုက်သေဆုံးမှုရှိကြောင်း မြို့ခံတို့က ပြောဆိုနေသော်လည်း အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။

ယနေ့ နိုဝင်ဘာလ ၂ ရက် ညနေပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ပြည်သူများ ဘေးကင်းလုံခြုံသည့် နေရာတွင် နေကြရန်နှင့် ကြာအင်းဆိပ်ကြီးမြို့ကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန်လည်း မြို့ခံတို့က တိုက်တွန်းပြောဆိုကြသည်။

ယနေ့ နံနက်ပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းများအပြင် ကော့ကရိတ်နှင့် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်စခန်းများကို ကရင်အမျိုးသားအစည်းအရုံး KNU ပူးပေါင်းတပ်ဖွဲ့တို့က တစ်ပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်နေကြောင်း KNU တာဝန်ရှိသူတို့က သတင်းဌာနများကို ပြောဆိုထားသည်။