BREAKING
September 20, 2024

ကျိုက်ထိုတွင် ခရီးသည်တင်ကား မိုင်းဆွဲခံရပြီး ခရီးသည်ရှစ်ဦးဒဏ်ရာရ

November 2, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျွန်းတောကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် နိုဝင်ဘာလ ၁ ရက်နေ့ညက ခရီးသည်တင်မှန်လုံကားတစ်စီး ‌မိုင်းဆွဲတိုက်ခိုက်ခံရပြီး ခရီးသည် ရှစ်ဦး မိုင်းစထိမှန်ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် ‘အောင်ကျော်မိုး’ ခရီးသည်တင်မှန်လုံကားသည် ယမန်နေ့ ည ၉ နာရီခွဲခန့်က ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး PT Power စက်သုံးဆီအရောင်းဆိုင်အနီးအရောက်တွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

ခရီးသည်တင် မှန်လုံကားပေါ်တွင် ခရီးသည် ၄၀ ခန့် စီးနင်းလိုက်ပါလာခြင်းဖြစ်ကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့တို့ထံမှ သိရသည်။

ယင်းအနက်မိုင်းစထိမှန်ပြီး အသက် ၄၅ နှစ်အရွယ် ဦးဝင်းကြိုင်၊ အသက် ၃၈ နှစ်အရွယ် ဦးအုန်းသန်း၊ အသက် ၂၃ နှစ်ရှိ ကိုဆန်းမင်းနှင့် အသက် ၁၈ နှစ်ရှိ ကိုအောင်ဆန်းမင်း၊ အသက် ၂၂ နှစ်အရွယ် မခိုင်ဝါဝါဝင်း၊ အသက် ၆၀ နှစ် အရွယ် ဒေါ်ဝင်းလှ၊ အသက် ၂၅ နှစ်အရွယ် မနေခြည်သိမ့်၊ အသက် ၂၂ နှစ်အရွယ် မသန်းသန်းရီတို့ ထိခိုက်ဒဏ်ရာ ရကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

မိုင်းစထိမှန်ဒဏ်ရာရရှိသည့် ခရီးသည်များအနက် ဦးဝင်းကြိုင်မှာ စိုးရိမ်ရသည့်အခြေအနေရှိပြီး ဒဏ်ရာရသူအားလုံးကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ထိသွားတဲ့ ခရီးသည်တွေထဲက အမျိုးသားတစ်ယောက်ကတော့ ဒဏ်ရာ နည်းနည်းများတယ်။ ကျန်တဲ့သူတွေက မိုင်းစ ရှပ်မှန်သွားတာလောက်ပါပဲ။ ဒဏ်ရာက မများဘူး” ဟု ၎င်းက ပြောသည်။

ထိခိုက်ဒဏ်ရာရသူ ရှစ်ဦးတွင် ဧရာဝတီတိုင်းဘက်က ခုနစ်ဦးနှင့် ရန်ကုန်တိုင်းဘက်က တစ်ဦးဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ခရီးသည်တင်မှန်လုံကား မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပေ။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက် နံနက်ပိုင်းက သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု ကမာဆိုင်ကျေးရွာအနီးတွင် ဘုရားဖူးယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

မေလအတွင်းကလည်း သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ မော်လမြိုင်-ရန်ကုန်ကားလမ်းတွင် ခရီးသည်တင်ကာတစ်စီး မိုင်းဆွဲခံရပြီး အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် ဇန်နဝါရီလအတွင်းကလည်း ကမာစိုင်းကျေးရွာအနီးတွင်ပင် ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲခံရပြီး သေနတ်ဖြင့်ပါ ပစ်ခတ်ခံရသဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းတစ်လျှောက်တွင် ခရီးသွား ကားများ၊ ဘုရားဖူးကားများ၊ လူမှုကယ်ဆယ်ရေးကား ပစ်ခတ်ခံရခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရခြင်း မကြာခဏ ဖြစ်ပွားနေပြီး ခရီးသွားပြည်သူ ထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်။