ကိစ္စရပ်တစ်ခုခုကို အကောင်အထည်ဖော်တိုင်း ဖြစ်စဉ်နှင့် ရလဒ်ဟူ၍ ရှိသည်။
ရလဒ်မှာ ကိစ္စရပ်တစ်ခုခု အကောင်အထည်ဖော်ပြီးချိန် ထွက်ပေါ်လာသော အရာဖြစ်ပြီး ဖြစ်စဉ်မှာ (ထွက်ပေါ်လာသော) ရလဒ်ကို မည်သို့ အကောင် အထည်ဖော် လုပ်ဆောင်ခဲ့သနည်းဟူသော လုပ်ငန်းစနစ်ဖြစ်သည်။
ဥပမာအားဖြင့် ဘောလုံးပွဲတစ်ပွဲတွင် အနိုင်၊ အရှုံးမှာ ရလဒ် ကိစ္စဖြစ်ပြီး ယင်း ပွဲကို နိုင်အောင် မည်သို့သော နည်းနာ၊ လုပ်ငန်းစဉ်များ အသုံးပြုကစားခဲ့သည် ဆိုသည်မှာ ဖြစ်စဉ်ဖြစ်သည်။ အသင်းတစ်သင်းသည် အခြားတစ်သင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် နိုင်သွား ဆိုပါစို့။ နှစ်ဂိုး တစ်ဂိုးဆိုသည့် အနိုင်မှာ ရလဒ်ဖြစ်သည်။
သို့သော် ထိုအနိုင်ရ အသင်းသည် ဒိုင်လူကြီး ဘက်လိုက်မှုဖြင့်လည်း နိုင်ကောင်း နိုင်နိုင်သည်၊ အိမ်ကွင်းပရိသတ်အားကြောင့်လည်း နိုင်ကောင်းနိုင်နိုင်သည်၊ ဘောလုံးမကန်ဘဲ လူချကစား၍လည်း နိုင်ကောင်းနိုင်နိုင်သည်။
အခြား ဥပမာတစ်ခု ပြရလျှင် လူတစ်ဦး ချမ်းသာသွားသည်ဆိုပါစို့။ ချမ်းသာ သွားခြင်းသည် ရလဒ်ဖြစ်ပြီး မည်သို့ မည်ပုံ ချမ်းသာသည်ဆိုသည့် ကိစ္စမှာ ဖြစ်စဉ်ဖြစ်သည်။
ထိုကြောင့် ကိစ္စရပ်တစ်ခုခုကို အကောင်အထည်ဖော်တိုင်း ဖြစ်စဉ်နှင့် ရလဒ်ကို ကွဲကွဲပြားပြားသိရန် လိုသည်။
ဖြစ်စဉ်တွင် ဓလေ့စရိုက်များ၊ အပြုအမူများ၊ အပြောအဆိုများ၊ ပြုကျင့်မှုများ၊ ကစားနည်း စည်းမျဉ်းများ စသည်တို့ပါဝင်သည်။ ရလဒ်မည်သို့ပင်ထွက် စေကာမူ ဖြစ်စဉ်သည် ဒီမိုကရေစီ ကျင့်စဉ်များနှင့် မညီပါကများစွာ မေးခွန်းထုတ်ဖွယ်ရာဖြစ်သည်။
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင်လည်း ဖြစ်စဉ်နှင့် ရလဒ် နှစ်ရပ်စလုံး အရေးကြီးပါသည်။ လိုချင်သော အဖြေတစ်ခု၊ ရလဒ်တစ်ခုကို နည်း အမျိုးမျိုးသုံး၍ (ဖြစ်စဉ်အရေးကို အလေးအနက်မပြုဘဲ) ရယူခဲ့သော အဖြစ် အပျက်ပေါင်းစုံ မြန်မာနိုင်ငံတွင် ရှိခဲ့ပြီးဖြစ်သည်။ ယင်းတို့ကို သမိုင်းက မှတ်တမ်း တင်သွားလေ့ရှိပြီး ထိုသို့ လုပ်ဆောင်ခဲ့သော အဖွဲ့အစည်း၊ အာဏာပိုင်တို့မှာ သမိုင်းတွင် အမည်းစက်ထင်ခဲ့မြဲဖြစ်သည်။
မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အရေးပါသော ၂၀၂၀ ပြည့် နှစ် ရွေးကောက်ပွဲသည် ရလဒ် (Result) အရေးကြီးသလို ဖြစ်စဉ် (Process) လည်း ပဓာနကျပါသည်။
လိုချင်သည့် ယနေ့ ရလဒ်ထွက်ရေးကိုသာ လွန်လွန်ကဲကဲ အာရုံစိုက်ပြီး ဖြစ်စဉ်အပေါ် အလေးဂရု မပြုပါက နောင်သမိုင်းမှတ်တမ်းတွင် ရလဒ် မကောင်းနိုင်ကြောင်း ထောက်ပြလိုရင်း ဖြစ်သည်။
အယ်ဒီတာ (အောက်တိုဘာ ၂၉၊ ၂၀၂၀)