BREAKING
November 24, 2024

ထားဝယ်စျေးကွက်တွင် တရုတ်ထုတ် မီးပုံးပျံများ စတင်ဝင်ရောက်

October 2, 2024

တရုတ်ထုတ် မီးပုံပျံငယ်များ စက်တင်ဘာလမှစကာ ထားဝယ်ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကြောင်း ‌မီးပုံပျံရောင်းချသူများထံမှ သိရသည်။

မီးပုံပျံ၏ အမြင့်မှာ ၂ ပေ ခန့်ရှိပြီး အဝန်းမှာ တစ်ပေခန့်ရှိကာ အရောင်မျိုးစုံ ပါဝင်သည်။

မီးပုံပျံတွင် ထိန်းကွင်းနှင့် လောင်စာတုံးပါ ပါရှိကြောင်း မီးပုံပျံရောင်းချသူများက ပြောသည်။

“ရန်ကုန်ကနေ ဝယ်လာတာ ဒီမှာအစမ်းစရောင်းကြည့်တော့ ကလေးတွေ လာဝယ်တာများတယ်”ဟု မီးပုံးပျံရောင်းသူ ထားဝယ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တရုတ်ထုတ် မီးပုံပျံငယ်တစ်လုံးကို ၁၅၀၀ကျပ် ဖြင့် ထားဝယ်ဈေးကွက်တွင် ရောင်းချဖြန့်ဖြူးလျက်ရှိပြီး ဈေးကွက်တွင် အရောင်းသွက်လျက်ရှိကြောင်း၊ အခြားအမျိုးအစား မီးပုံပျံငယ်များကို ကျပ် ၂၀၀၀ မှ ၂၅၀၀ ဝန်းကျင် အထိ ရောင်းချနေကြောင်း မီးပုံပျံရောင်းချသူများကပြောသည်။

သို့သော် သီတင်းကျွတ်ကာလ ရောက်လာပြီဖြစ်သော်လည်း ထားဝယ်တွင် မီးပုံးပျံများ အရောင်းအဝယ်ပါးနေသေးကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ယခုနှစ်ပွင့်လင်းရာသီအစတွင် မီးပုံးပျံငယ်ရောင်းအားမှာ ယခင်နှစ်နှင့်စာလျှင် နည်းကြောင်း ထားဝယ်မြို့ရှိ မီးပုံးပျံရောင်းချသူ များကပြောသည်။

ယမန်နှစ်က ပွင့်လင်းရာသီအဝင်ဖြစ်သည့် တော်သလင်းကုန်၊ သီတင်းကျွတ်လဆန်းပိုင်းများတွင် မီးပုံပျံငယ်များ ကို အလုံးရေ ၁၀၀၀ အထိ ရောင်းချထားရပြီဖြစ်သည်။

သို့သော် ယခုနှစ်တွင် အလုံး ၁၀၀ ဝန်းကျင်ခန့်သာ ရောင်းချထားရသေးကြောင်း ထားဝယ်မြို့ရှိ မီးပုံးပျံ နှင့် လူသုံးကုန်ပစ္စည်းများ လက်လီ/လက်ကား ဖြန့်ချိရောင်းချသူများကပြောသည်။

“ရာသီဥတုကြောင့်လား၊ လူငယ်တွေမရှိ နည်းလာလို့လားတော့မသိဘူး ဒီနှစ်တော်တော် ‌အရောင်းထိုင်းတယ်။ သီတင်းကျွတ် ခါနီး ရောင်းရရင်တော့ မပြောတတ်ဘူး” ဟု ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကပြောသည်။

အဆိုပါမီးပုံးပျံငယ်များမှာ ရန်ကုန်နှင့် မန္တလေးမြို့များမှတစ်ဆင့် မှာယူရောင်းချရပြီး မီးပုံပျံ၏အရွယ်အစားမှာ တစ်ပေခွဲမှ သုံးပေခန့်အထိရှိကြောင်း၊ ထိပ်ဝတွင် လောင်စာတုံးပါရှိကာ မီးညှိပြီးအလွယ်တကူ လွှတ်တင်ရသည့် မီးပုံးပျံမျိုးဖြစ်သည်။

ထားဝယ်ဒေသ ၌ သီတင်းကျွတ်လပြည့်နေ့မှစပြီး တန်ဆောင်မုန်းလပြည့်နေ့အထိ ပြုလုပ်သည့် ဘာသာရေး အခမ်းအနားများနှင့် ကထိန်အလှူအောင်ပွဲများ၌ မီးပုံပျံလွှတ်တင်လေ့ရှိသည်မှာ ရိုးရာဓလေ့တစ်ခုဖြစ်သည်။

ယခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်နှင့် ဆီမီးထွန်းပွဲ၊မီးပုံပျံ လွှတ်ပွဲများ ထားဝယ်မြစ်အတွင်း ကျင်းပရန်ရှိသည်။